အမေရိကန်အစိုးရက မြန်မာအပေါ် အရေးယူပိတ်ဆို့မှု တချို့ဖြေလျှော့ ပေးသည့်အနေဖြင့် အမေရိကန် ကုမ္ပဏီများအား ရန်ကုန်မြို့က Asia World ကုမ္ပဏီပိုင် ဆိပ်ကမ်းမှာ ၆လတာ ကူးသန်းရောင်းဝယ်ခွင့် ပေးလိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
Asia World ဆိပ်ကမ်းဟာ ၁၉၇၀ နှစ်များအတွင်းက ဘိန်းဖြူကုန်သွယ်ရေးတွင် အဓိကလူအဖြစ်ပါဝင်သည် ဟု အမေရိကန် ဘဏ္ဍာရေးဌာနမှ သတ်မှတ်ခြင်းခံရသူ လော်စစ်ဟန်၏ သား စတီဖင်လော ခေါ် ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်သည့် ဆိပ်ကမ်းဖြစ်ပြီး၊ ဦးထွန်းမြင့်နိုင်ဟာ ၂၀၀၈ ခုနှစ်မှာ ပိတ်ဆို့အရေးယူမှုစာရင်းထဲ ထည့်သွင်းခံ ထားရသူဖြစ်ပါတယ်။
အဆိုပါ ၆လတာ ကူးသန်းရောင်းဝယ်ခွင့် (GL 20 ) ချထားပေးလိုက်ခြင်းနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံခြား ရေးဌာနပြောခွင့်ရ သူ Laura Robinson က အမေရိကန်အခြေစိုက် VOA သတင်းဌာနနဲ့ တွေ့ဆုံရာမှာ “ မြန်မာနိုင်ငံကို တင်ပို့တာ၊ မြန်မာနိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို အဆင်ပြေချောမွေ့စေဖို့ နည်းပညာပိုင်း အရ ပြင်ဆင်ပေးလိုက်တာပါ” လို့ ဆိုထားပါတယ်။
ဒီလိုဖြေလျော့မှု တစိတ်တဒေသ ပေးခဲ့ပေမယ့် ဒဏ်ခတ်ပိတ်ဆို့မှု ခံထားရတဲ့သူတွေအပေါ်မှာ ဆက်လက်ဖိ အားပေးသွားမယ်လို့လည်း ဆိုပါတယ်။