ဒီဇင်ဘာလ ၂ ရက်နေ့မှာတော့ မြန်မာနိုင်ငံရဲ့ မြို့တော်နေပြည်တော်မှာအပြုံးတွေဝေဆာလို့နေပါတယ်။ အဲဒီ နေ့ မှာ နိုင်ငံရဲ့ အရေးအပါဆုံးပုဂ္ဂိုလ်သုံးယောက်ဟာနိုင်ငံရဲ့ အနာဂါတ်အတွက် အလွန်အရေးပါမယ့် ဆွေးနွေး မှု တွေကို စတင်လုပ်ဆောင်ဖို့အတွက် နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
ပြည်သူတွေလေးစားတဲ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်၊ တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နဲ့ သမ္မတဦးသိန်းစိန်တို့ တံခါးပိတ်ဆွေးနွေးပွဲတွေမတိုင်မီ တယောက် နဲ့တယောက် လှိုက်လှိုက်လှဲလှဲနှုတ်ဆက်နေတဲ့ပုံတွေကို ကြည့်ပြီး မြန်မာပြည်သူတွေ တော်တော် များများ ကတော့ မျှော်လင့် ချက်တွေ ပိုမိုရှင်သန်လာခဲ့ကြပါတယ်။ သူတို့ရဲ့ ကိုယ်စားလှယ်တွေရဲ့အဆိုအရ နိုင်ငံရဲ့ အနာဂါတ်အတွက် ဘယ်လိုပူးပေါင်းဆောင်ရွက်သွားမလဲဆိုတာနဲ့ ပတ်သက်ပြီးအဓိကထား ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီအပြုံးတွေရဲ့နောက်ကွယ်မှာ နိုင်ငံရဲ့ အာဏာလွှဲပြောင်းမှုကို ချောချောမောမောဖြစ်စေဖို့ စစ်မှန်တဲ့ စိတ်ဆန္ဒ လိုလားမှုတွေရှိနေလိ့မ်မယ်လို့ မြန်မာပြည်သူအများစုက မျှော်လင့်ထားကြပါတယ်။ လာမယ့်လတွေဟာဆိုရင် နိုင်ငံရဲ့ ရေရှည်အကျိုးစီးပွားအတွက် အရေးကြီးတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်စဉ်ကို စတင်မဲ့ကာလ ဖြစ်လာလိမ့်မယ်လို့ သူတို့က ယူဆနေကြတာပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဒီဇင်ဘာ ၂ ရက်နေ့ တွေ့ဆုံမှု ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်ရာထူးကို စတင်ထမ်းဆောင်ချိန် ၂၀၁၁ ကစလို့ ပထမဆုံးအကြိမ်နှစ်ယောက်ချင်းတွေ့ဆုံမှုဖြစ်ပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့ အစောပိုင်းမှာတော့ သမ္မတဦးသိန်းစိန်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာဆိုရင် နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေ ရွေးကောက်ပွဲမှာ အပြတ်အသတ်နဲ့ အနိုင်ရခဲ့ပြီး နိုင်ငံရဲ့ သမ္မတသစ်ကို ရွေးချယ်တင်မြှောက်ခွင့်ကို ပါရရှိထား တာဖြစ်ပါတယ်။
သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ရဲ့ အဆိုအရတော့ သမ္မတအိမ်တော်မှာ ၄၅ မိနစ်ကြာတွေ့ဆုံမှုအတွင်း သမ္မတဦးသိန်းစိန်နဲ့ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းရေးနဲ့ ပတ်သက်ပြီး ဆွေးနွေး ခဲ့ ကြတယ်လို့ဆိုပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်းတဖြစ်လဲ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ၂၀၁၁ ခုနှစ်မှာ ဦးသိန်းစိန် သမ္မတရာထူးကို စတင်ထမ်းဆောင်ပြီး လေးလအကြာမှာ ပထမဆုံးအကြိမ်စတင်တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။
လေ့လာသုံးသပ်သူတွေအနေနဲ့ ဒီခေါင်းဆောင်နှစ်ဦးတွေ့ဆုံမှုကို ကြိုဆိုခဲ့ကြပေမယ့် အများစုကတော့ ဒေါ် အောင်ဆန်း စုကြည်နဲ့ တပ်မတော်ခေါင်းဆောင်တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုကသာ ပိုပြီး အရေးကြီးတယ်လို့ ယုံ ကြည် ကြပါတယ်။
နောက်လာမယ့် လွှတ်တော်သက်တမ်းမှာ အတိုက်အခံပါတီဖြစ်လာတော့မယ့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းမသိရသေးပေမယ့် တပ်မတော် ကတော့ နိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးထဲမှာ ထဲထဲဝင်ဝင်ရှိနေဆဲဖြစ်ပါတယ်။
တပ်မတော်အနေနဲ့ လွှတ်တော်ထဲမှာ အမတ်နေရာ ၂၅ ရာခိုင်နှုန်းရယူထားသလို အစိုးရရဲ့ အရေးကြီးဝန်ကြီး ဌာနတွေဖြစ်တဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ကာကွယ်ရေးဝန်ကြီးဌာနတို့ရဲ့ ဝန်ကြီး တွေကို ခန့်အပ်ခွင့်ကိုလည်း ရယူထားပြီး ဒုသမ္မတတယောက်ကိုလည်း အမည်တင်သွင်းခွင့်ရှိနေတာမို့ တပ်မတော်ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီအတွက် လုံးဝအရေးပါပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အစိုးရတာဝန်ကိုရယူတဲ့အခါ ရင်ဆိုင်ရမယ့် ပြဿနာတွေက မနည်း ပါဘူး။ တကယ်လို့ တပ်မတော်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကိုသာ မရဘူးဆိုရင်တော့ ဒီပြဿနာတွေ ဟာပိုပြီး ကြီးလာဖို့ပဲရှိနေပါတယ်။
ဒီအကြောင်းတွေကြောင့် တပ်မတော်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တွေ့ဆုံပွဲမတိုင်ခင် တပ်မတော် ဌာနချုပ် ခန်းမရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထွက်ကြိုပြီး နှစ်ယောက်သား ဓာတ်ပုံအရိုက်ခံတဲ့ အခါ မှာတော့ ပြည်သူတွေတော်တော်များများ ကျေနပ်မှုရခဲ့ပါတယ်။
အရင်စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို ၁၅ နှစ်လောက်တောင် နေအိမ်အကျယ်ချုပ်ချခဲ့တာပါ။ သူ့ကို ဒီလို ဆက်ဆံခဲ့ဖူးတဲ့တပ်မတော်ရဲ့ အကြီးအကဲတယောက်ရဲ့ဘေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို တွဲပြီး မြင်ရ တာဟာ ဘယ်လိုပဲဖြစ်ဖြစ် ထူးခြားတဲ့ မြင်ကွင်းတခုပါ။
ယခင်စစ်အစိုးရခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ မီဒီယာတွေကို လုံးလုံးရှောင်ပေမဲ့ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ကတော့ မီဒီယာနဲ့ ပိုပြီးထိတွေ့မှုရှိတာပါ။ နိုင်ငံခြားသတင်းဌာန တော်တော် များများကို အင်တာဗျူး ဖြေဆိုပေးခဲ့ပြီး ကိုယ်တိုင်လည်း facebook စာမျက်နှာတခုဖွင့်ထားကာ ချဉ်းကပ်ရ ပိုမို လွယ်ကူ သူ တယောက်ဖြစ်ကြောင်း ပြသခဲ့ပါတယ်။
နိုင်ငံပိုင်မီဒီယာတွေကလည်း သူ့ကို အကူအညီပေးပါတယ်။ ပြီးခဲ့တဲ့ အပတ်က အစိုးရသတင်းစာ The Global New Light of Myanmar မှာ ပြည်တွင်းဂေါက်ရိုက်ပြိုင်ပွဲတခုကို ကိုယ်တိုင်ဂေါက်ရိုက်ဖွင့်လှစ်ပေးနေတဲ့ သူ့ပုံ ကို ဖော်ပြခဲ့ပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့တွေ့ဆုံမှုပြီးတဲ့နောက် ထုတ်ပြန်တဲ့ကြေညာချက်ကတော့ တိုပါတယ်။ ဒါပေမယ့် လေ့လာသူ အများစုကတော့ကတော့ ဒါဟာအပေါင်းလက္ခဏာဆောင်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုကြပါလိမ့်မယ်။
ထုတ်ပြန်ချက်မှာ “နှစ်ဦးနှစ်ဖက်ဟာ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြည်သူများ၏ ဆန္ဒနှင့်အညီ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြပါသည်”ဟု ရေးသားထားပါသည်။
လက်တွေ့လုပ်ဆောင်မှုမပါသေးဘဲ ပြုံးပြရုံ၊ လက်ဆွဲနှုတ်ဆက်ရုံလောက်နဲ့တော့ ဘာမှမျှော်လင့်ထားလို့မရ သေးတာ အားလုံးအသိပါပဲ။ ဒီအပြုအမူတွေဟာ စိတ်ရင်းအမှန်နဲ့လားဆိုတာကိုတော့ သိပ်မကြာခင်မှာ သိရ တော့မှာဖြစ်ပါတယ်။
ယေဘုယျအားဖြင့်ပြောရမယ်ဆိုရင်တော့ မြန်မာပြည်သူတွေဟာ အငြှိးထားတတ်တဲ့သူတွေမဟုတ်ပါဘူး။ တကယ် လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ပြည်သူတွေကို တကယ်နားလည်မယ်ဆိုရင်တော့ အဲ့ဒါဟာ သူ့အတွက် အားသာချက်ဖြစ်ပါလိမ့်မယ်။ တကယ်လို့ သူ့အနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒကို လေးစားလိုက်နာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လွတ်လွတ်လပ်လပ် အုပ်ချပ်ခွင့်ပေးမယ်ဆိုရင် ပြည်သူတွေရဲ လေးစားမှုကို ရရှိမှာဖြစ်ပြီး သမိုင်းမှာလည်း မှတ်တမ်းကောင်းတရပ် ရေးထိုးနိုင်ပါလိမ့်မယ်။
ဒီဇင်ဘာ ၂ရက်နေ့ရဲ့ အပြုံးတွေဟာ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှု စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်မှုနဲ့ နိုင်ငံတဝန်းညီမျှတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် နိုင်ငံ့ခေါင်းဆောင်တွေအကြား ပူးပေါင်းဆောင်ရွက်မှုကို ဖြစ် ပေါ်စေလိ့မ်မယ်လို့ အားလုံးကတော့ မျှော်လင့်နေကြတာပဲဖြစ်ပါတယ်။