ဆင်းရဲနွမ်းပါးမှု၊ မညီမျှမှုနှင့် ဒီမိုကရေစီ - ဒီမိုကရေစီနိုင်ငံတွေ ဘာကြောင့် ကျရှုံးရသလဲ (၁)

အေသန် ဘီ ကပ်စတိန်း နှင့် နာသန် ကွန်ဗာ့စ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၁၉၆၀ ပြည့်လွန်ကာလတွေမှာ ကိုလိုနီနိုင်ငံအများအပြား လွတ်လပ်ရေးရတဲ့ လှိုင်းလုံးကြီး ဖြစ်ခဲ့ချိန်ကစလို့ နိုင်ငံပေါင်း ၉၀ နီးပါးမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းဖြစ်စဉ်ပေါင်း ၁၂၀ ကျော် တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ ၁၉၈၀ ပြည့်နှစ်ကစပြီး ထူထောင်ခဲ့တဲ့ အဲဒီ ဒီမိုကရေစီနိုင်ငံတွေဟာ အဲဒီခုနှစ်ထက်အရင် နှစ်ပေါင်း ၂၀ လောက်စောပြီး ထူထောင်ခဲ့တဲ့ ဒီမိုကရေစီ နိုင်ငံတွေထက် ရှင်သန်ရပ်တည်မှုနှုန်း ပိုမြင့်တာကို တွေ့ရပါတယ်။ ဒီကနေ့ခေတ် ဖွံ့ဖြိုးဆဲနဲ့ ကွန်မြူနစ်ဟောင်းနိုင်ငံ အများအပြားမှာ ထူထောင်ထားတဲ့ ဒီမိုကရေစီစနစ်တွေဟာ (ဘိုလီးဗီးယား၊ ဂျော်ဂျီယာ၊ ဗင်နီဖွဲလား၊ ရုရှား လိုနိုင်ငံမျိုးတွေရဲ့ ဒီမိုကရေစီတွေအပါအဝင်) နောက်ပြန် လျှောကျချင်လျှောကျ၊ မလျှောကျသေးဘူး ဆိုရင်လည်း နောက်ကြောင်းပြန်မယ့် အန္တရာယ် အနေအထားမှာ ရှိနေကြတာပါ။

အသစ်ရရှိတဲ့ အချက်အလက်တွေဟာ ဒီမိုကရေစီနိုင်ငံတွေ ပြိုလဲကျခြင်းရဲ့  အကြောင်းရင်းတွေကို ရှင်းလင်းပြနိုင်မယ့် အလားအလာ ရှိနေပါတယ်။ ဒီကနေ့ထက်ထိအောင်ပဲ ပညာရှင်တွေဟာ သက်တမ်းနုတဲ့ ဒီမိုကရေစီနိုင်ငံတွေ အသက် ဆက်ရှင်မလား၊ လဲကျသေဆုံးမလား ဆိုတာနဲ့ ပတ်သက်လို့ စီးပွားရေးအောင်မြင်မှု ဘယ်လောက်ရှိလဲဆိုတဲ့ အချက်ကသာလျှင် ဆုံးဖြတ်ပေးမယ့် အရာအဖြစ် အာရုံထား လေ့လာနေကြဆဲပါ။ ဒါပေမဲ့ တကယ်ပဲ အဲဒါက မှန်ရဲ့လား။ ၁၉၉၀ ပြည့်လွန် အစောပိုင်း ကာလတွေမှာဆိုရင် ဗဟိုနဲ့ အရှေ့ဥရောပမှာရှိတဲ့ ကွန်မြူနစ်ဟောင်း ဒီမိုကရေစီ နိုင်ငံတွေဟာ တချိန်က ကြုံခဲ့တဲ့ ကမ္ဘာ့စီးပွားပျက်ကပ်ကြီး (Great Depression) နဲ့ နှိုင်းယှဉ်လို့ရလောက်တဲ့ စီးပွားရေး ကျဆင်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ ရပေမယ့် ဒီမိုကရေစီ အခြေမယိုင်လဲ မပြိုကွဲခဲ့ပါဘူး။ တစ်ဖက်ကကြည့်ရင် နှစ်ပေါင်းများစွာ စီးပွားရေး အောင်မြင်တိုးတက်ခဲ့တဲ့ ထိုင်းနိုင်ငံဟာ ၂၀၀၆ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တွေမှာ စစ်အာဏာသိမ်းယူတာကို မကာကွယ်နိုင်ခဲ့ပါဘူး။

အင်စတီကျူးရှင်းတွေ၊ အထူးသဖြင့်တော့ နိုင်ငံရေးနဲ့ဆိုင်တဲ့ အင်စတီကျူးရှင်းတွေဟာ ဒီမိုကရေစီ စုစည်းကျစ်လျစ်အောင် လုပ်ဆောင်ရာမှာ အဓိကအခန်းကနေ ပါနေတယ်ဆိုရင်ရော။ ရရှိတဲ့ အချက်အလက်တွေကို ကြည့်ရင် ဒါဟာ မှန်တယ်ဆိုတာ မြင်ရမှာဖြစ်ပြီး အုပ်ချုပ်ရေး အာဏာကဏ္ဍအပေါ် ထိထိရောက်ရောက် ထိန်းချုပ် ကန့်သတ်နိုင်တဲ့ အင်စတီကျူးရှင်းတွေ အထူးအရေးကြီးတယ်ဆိုတဲ့ အချက်ကိုလည်း ထပ်မံလို့ ဖော်ပြနေပါသေးတယ်။

ဝန်ကြီးချုပ်ပဲဖြစ်ဖြစ်၊ သမ္မတပဲဖြစ်ဖြစ် ခေါင်းဆောင်တစ်ဦးဟာ သူ့အပေါ်မှာ အားပျော့တဲ့ အာဏာချိန်ခွင်လျှာ ညှိမှုကိုသာ ရမယ်ဆိုရင် သူ့ရဲ့အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ လက်ထဲကို နိုင်ငံရေးနဲ့ စီးပွားရေးအာဏာတွေ ပိုမိုစုဆောင်းလာစေဖို့ ဆွဲဆောင်လိုက်သလိုပါပဲ။ အာဏာဟာ တနေရာတည်းမှာပဲ စုစည်းလာတာနဲ့အမျှ တခြားသော အစိုးရမဏ္ဍိုင်မှာ ပါသူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ အရပ်ဘက် အဖွဲ့ အစည်းကလူတွေရဲ့ စိတ်ထဲမှာ အစိုးရရဲ့ပြည်သူ့ရေးရာ မူဝါဒတွေအပေါ် အများပြည်သူရဲ့ အကျိုးစီးပွားကို ရှေးရှုတဲ့အရာတွေ ဟုတ်ပါ့မလားဆိုပြီး သံသယ စတင်ဖြစ်လာပါတယ်။ ဒီအခြေအနေမှာဆိုရင် အာဏာရှင်ဖြစ်လာတော့မယ့် တိုင်းပြည်ခေါင်းဆောင် ပထမဆုံး လုပ်မယ့်အရာတွေထဲက တခုက ရှိရင်းစွဲ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ကန့်သတ်ချက်တွေကို စတင်ချိုး ဖျက်လာတာပါပဲ။ ဗင်နီဇွဲလားသမ္မတ ဟူးဂိုး ချားဗက်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ရဲ့ လုပ်ပုံကိုင်ပုံတွေက နမူနာ အဖြစ်ကြည့်နိုင်ပါတယ်။

သမိုင်းအရကြည့်ရင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အချက်အလက် အစုစုတွေဟာ ၁၉၆၀ ပြည့်နှစ် မတိုင်မီ အုတ်မြစ်ချခဲ့တဲ့ ဒီမိုကရေစီနိုင်ငံတွေနဲ့ အဲဒီနောက်ပိုင်း အုတ်မြစ်ချတဲ့ ဒီမိုကရေစီနိုင်ငံတွေနဲ့ကို လုံးစည်းပြီးလေ့လာ တတ်တဲ့သဘောမှာရှိတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ကျနော်တို့မှာ ရှိတဲ့ အချက်အလက် အစုအပေါင်း အနေနဲ့ကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ချည်း ဖွဲ့စည်းထားတဲ့ ဒုတိယအုပ်စုထဲမှာပါတဲ့ ဒီမိုကရေစီနိုင်ငံ အုပ်စုသက်သက်ကိုပဲ အာရုံထားလေ့လာမှာ ဖြစ်ပါတယ်။ သက်တမ်းနု ဒီမိုကရေစီနိုင်ငံတွေကိုသာ လေ့လာတဲ့အတွက် ယနေ့ခေတ်မှာ သိပ်ကိုရှေ့ရောက်နေတဲ့ စက်မှု နိုင်ငံကြီးတွေရဲ့  ဒီမိုကရေစီ ဖော်ဆောင်မှုဖြစ်စဉ် အပေါ်မှာသာ အရမ်းအားပြုတဲ့ အချက်အလက် စုဆောင်းမှုကို ရှောင်ကွင်းနိုင်မှာပါ။ ဒီအက်ဆေး အခြေပြုထားတဲ့ အချက်အလက် အစုအဝေးဟာဆိုရင်လည်း ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင် ဟောင်းနိုင်ငံတွေရဲ့ ဒီမိုကရေစီ ဖော်ဆောင် ကူးပြောင်းမှုဖြစ်စဉ် အားလုံးကို ပထမဆုံး ထည့်သွင်းထားတဲ့ အချက်အလက် သိုက်တခုလည်း ဖြစ်ပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ဆိုဗီယက်အဖွဲ့ဝင်ဟောင်း နိုင်ငံတွေရဲ့ အချက်အလက်ရရှိမှု ပိုမိုလာတဲ့အကြောင်းကြောင့် အပြင်ကိုမှ ဒီမိုကရေစီဖော်ဆောင်တာ မကြာသေးတဲ့ နိုင်ငံတွေအကြောင်းကိုပဲ အာရုံထားလေ့လာမှုနဲ့ ပတ်သက်တဲ့   ကောင်းအချို့ရှိတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ပထမအနေနဲ့ ဆင်မြူရယ် ပီ ဟန်တင်တန်၊ ဒီထက် မကြာသေးခင်ကမှ ဖီးလစ် ကီဖာတို့ အလေးအနက်ထား ပြောခဲ့သလိုပဲပြောရရင် အဓိပ္ပာယ်ဖွင့်ဆိုပုံ အရကိုပဲ ဒီမိုကရေစီ နိုင်ငံသစ်တွေရဲ့ ခေါင်းဆောင်တွေဟာ သူတို့ရဲ့မဲဆန္ဒနယ်မှာ တရားဝင်မှုကို တည်ဆောက်ရာမှာနဲ့ သူတို့ ကိုယ်စားပြုထားတဲ့ ပြည်သူတွေရဲ့အမြင်မှာ ယုံကြည်လောက်ဖွယ်ရှိတဲ့ ကတိတွေကိုပေးရာမှာ အခက်အခဲ ရှိကောင်း ရှိနိုင်ပါတယ်။ ဒါက ဘာကိုသတိမူ မိစေသလဲဆိုတော့ သက်တမ်းနုနယ်တဲ့ ဒီမိုကရေစီတွေမှာဆိုရင် စောစောစီးစီး ပြိုလဲကျသွားစေနိုင်လောက်တဲ့ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ ဟန်တင်တင် ရေးခဲ့သလိုပါပဲ။ ကမ္ဘာ့သက်တမ်းနု ဒီမိုကရေစီနိုင်ငံတွေဟာ လက်တွေ့အကျိုးအရ ပြောရရင် Catch-22 အနေအထားမှာ ရှိနေပါတယ်။ ဆိုလိုတာက တရားဝင်မှု ကင်းမဲ့တဲ့အတွက် ထိရောက်မှု ရှိမလာသလို ထိရောက်မှု မရှိတဲ့အတွက် တရားဝင်မှုကို ရမလာဘူး။

အလားတူပါပဲ။ သက်တမ်းနုတဲ့ ဒီမိုကရေစီနိုင်ငံတွေဟာ အင်စတီကျူးရှင်းတွေ အားနည်းမှုကိုလည်း ခံစားရနိုင်ခြေ ရှိပါတယ်။ ဒါကလည်း မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ အင်စတီကျူးရှင်းတွေဟာ တည်ဆောက်ဖို့ အချိန်ယူရသလို အများယုံကြည်မှုရအောင်လည်း စောင့်ရပါတယ်။ ဗဟိုဘဏ်တွေဟာ သူတို့ရဲ့ငွေဖောင်းပွမှု တိုက်ဖျက်ရေး လုပ်ငန်းတွေအပေါ် စိတ်ချယုံကြည် မှုရဖို့ဆိုလို့ရှိရင် သူတို့ရဲ့တည်ငြိမ်တဲ့ ငွေကြေးမူဝါဒတွေကို အချိန်တခု ကြာအောင် ထိန်းထားဖို့လိုပါတယ်။ တရားစီရင်ရေး အဖွဲ့အစည်းတွေဟာဆိုရင်လည်း အုပ်ချုပ်ရေးပိုင်းရဲ့ စွက်ဖက်မှုတွေ ကင်းလွတ်စေဖို့အတွက် အချိန်တခုယူပြီး တည်ထောင်ရပါတယ်။ လွှတ်တော်တွေနဲ့ အုပ်ချုပ်ရေးပိုင်းတွေဟာဆိုရင် အလုပ်ဖြစ်ပြီးတော့ ထိရောက်မှုရှိတဲ့ အာဏာခွဲဝေမှု အစီအစဉ်အခင်းအကျင်းတွေ အထိုင်ကျဖို့အတွက် သူတို့ရဲ့ အခန်းကဏ္ဍတွေနဲ့ တာဝန်ယူမှုအပိုင်းတွေကို ပုံဖော်ယူရပါတယ်။ နိုင်ငံရေးပါတီတွေဟာ ဆိုရင်လည်း သူတို့ ကိုယ်စားပြုတဲ့ အမာခံနယ်မြေကလူတွေရဲ့ မျှော်လင့်ချက်တွေအားလုံး လွှမ်းခြုံပါဝင်တဲ့ ကိုယ်ပိုင်နိုင်ငံရေး လမ်းစဉ်တခုကို ချပြနိုင်ဖို့နဲ့ အဲဒီအမြင်တွေ စုစည်းခိုင်မာလာစေဖို့ရာ အချိန်ယူရပါတယ်။ အံ့ဩစရာ မဟုတ်တာတခုက ဒီမိုကရေစီ တည်ရှိလိုက်တဲ့ အချိန်ပိုင်းကလေးဟာ ဒီမိုကရေစီရှင်သန်ရပ်တည်နိုင်မှုနဲ့ အပြုသဘော ဆက်နွှယ်နေတာပါပဲ။ တနည်းပြောရရင် ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်တခု တာရှည်ခံလေ အာဏာရှင်လမ်းကြောင်းပေါ် ကို ပြန်ရောက်သွားမယ့် အခွင့်အလမ်းလည်း နည်းလေဆိုတာပါပဲ။

နောက်ဆုံးအနေနဲ့က သိပ်မကြာသေးတဲ့ ဒီမိုကရေစီနိုင်ငံသစ်တွေကို အုပ်စုတစုအနေနဲ့ ထားခြင်းအားဖြင့် သူတို့ထက် သက်တမ်းပိုရင့်တဲ့ ဒီမိုကရေစီနိုင်ငံကြီးတွေထက် သူတို့ရဲ့နိုင်ငံရေးနဲ့ စီးပွားရေးမတည်ငြိမ်မှုကို အဆပေါင်းများစွာ ပိုပြီးမြင် တွေ့ရပါတယ်။ ငွေဖောင်းပွမှုလိုမျိုး စီးပွားရေး ကိန်းရှင်တွေဟာဆိုရင် ပိုပြီးကြီးကြီးမားမားအလှုပ်အခတ်တွေရှိတတ်ပြီး ဒီမိုကရေစီ ပြိုလဲကျမယ့် အခြေအနေကလည်း ပိုပြီး အလားအလာမြင့်ပါတယ်။ အဲဒီ လှုပ်ခတ်နေတဲ့နိုင်ငံတွေကို သီးခြားလက္ခဏာရပ်တွေရှိတဲ့ စူးစမ်းလေ့လာမှု အစုအဖွဲ့တွေအဖြစ် ခွဲခြားထည့်သွင်းခြင်းဖြင့် အဲဒီနိုင်ငံတွေကိုဖြစ်စေတဲ့ ရောဂါရင်းမြစ်နဲ့ လက္ခဏာတွေနဲ့ သီးသန့်ပတ်သက်တဲ့ အသုံးဝင်မယ့် တစုံတရာကို ဖွင့်ချကောင်း ဖွင့်ချပြနိုင်ပါတယ်။ ဒီရည်ရွယ်ချက်နဲ့ အတူ Polity IV ဒီမိုကရေစီ တိုင်းတာမှုနည်းလမ်းနဲ့ အခြားသော အများသူငါ ရရှိနိုင်တဲ့ စီးပွားရေး၊ လူမှုရေးနဲ့နိုင်ငံရေး အချက်အလက်တွေကို စုစည်းပြီးတော့ ၁၉၆၀ နဲ့ ၂၀၀၄ ခုနှစ်ကြား နိုင်ငံပေါင်း ၈၈ နိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ ဒီမိုကရေစီဖော်ဆောင်မှု ဖြစ်စဉ်ပေါင်း ၁၂၃ ခုနဲ့ဆိုင်တဲ့ ကျယ်ကျယ်ပြန့်ပြန့်ပါတဲ့ အချက်အလက် အစုအဝေးကို ရရှိစေဖို့ လုပ်ဆောင်ပါတယ်။ ဇယား ၁ မှာ ကျနော်တို့ပြုစုထားတဲ့ ဒေသအလိုက်၊ ဆယ်စုနှစ်အလိုက် ဖြစ်စဉ်ဖြစ်ရပ်တွေကိုမြင်တွေ့ရမှာပါ။

ဒေသအလိုက်နှင့် ဆယ်စုနှစ်အလိုက် ဒီမိုကရေစီ ဖော်ဆောင်ကူးပြောင်းမှု (၁၉၆၀-၂၀၀၄)

Kapstein_Converse_Why democracies fail (Burmese)1

ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ၁၂၃ ခုမှာ ဖြစ်ရပ် ၆၇ ခုကတော့ ၂၀၀၄ ခုနှစ်အထိခံတဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်များ အဖြစ် ပေါ်ပေါက်လာခဲ့ပြီး ကျန်တဲ့ ၅၆ ခုကတော့ အဲဒီနှစ်ရဲ့အဆုံးမှာ အာဏာရှင်အဖြစ် နောက်ကြောင်းပြန်သွားခြင်းဖြင့် အဆုံးသတ်သွားခဲ့ကြတယ်။ ဇယား (၂) မှာပြသထားသလို ဒီမိုကရေစီ နောက်ကြောင်းပြန်လှည့်မှု နှုန်းတွေဟာ ဒေသကို လိုက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကွာခြားကြတာကို တွေ့ရပါမယ်။ ဆာဟာရတပိုင်း အာဖရိကဟာ တခြားဒေသတွေထက် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ နှစ်ဆနီးပါးပိုများခဲ့ပေမယ့် အဲဒီဒေသရဲ့ဒီမိုကရေစီ ဖြစ်စဉ်တွေရဲ့ ၆၃ ရာခိုင်နှုန်းဟာ နောက်ကြောင်းပြန်သွားခဲ့ကြပါတယ်။ လက်တင်အမေရိကနဲ့ အာရှတိုက်ရဲ့ ဒီမိုကရေစီ ဇာတ်လမ်းတွေဟာလည်း သိပ်မရှည်ကြာခဲ့တာကို တွေ့ရပြီး နောက်ကြောင်းပြန်မှုမှာ ၃၅ ရာခိုင်နှုန်းနဲ့ ၅၇ ရာခိုင်နှုန်း အသီးသီးရှိခဲ့ကြပါတယ်။ တခြားတဖက်မှာတော့ အရှေ့ဥရောပရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေရဲ့  ၉၀ ရာခိုင်နှုန်းကျော်ဟာ ၂၀၀၄ ခုနှစ်အထိ ခိုင်မြဲနေခဲ့ပြီး ကွန်မြူနစ် စနစ်ကို ဖြိုလှဲခဲ့တဲ့နောက်ပိုင်း အဲဒီနိုင်ငံတွေရဲ့ စီးပွားရေးကျပ်တည်းမှုတွေရယ်၊ အနှောင့်အယှက်တွေရယ်ကို ထည့်တွက် စဉ်းစားရင် ၉၀ ရာခိုင်နှုန်းဆိုတဲ့ ပမာဏဟာ ထူးခြားတဲ့အချက်ပါ။ မြောက်ပိုင်း အာဖရိကနဲ့ အရှေ့အလယ်ပိုင်းတွေမှာတော့ ဒီမိုကရေစီဘက်ကို သွားဖို့ကြိုးပမ်းမှု၊ တာရှည်ခံမှု သို့မဟုတ် မခံမှုတို့မှာလည်း အနည်းဆုံးဖြစ်ပါတယ်။

နောက်ကြောင်း ပြန်လှည့်သွားတဲ့ ဖြစ်ရပ်တွေမှာဆိုရင် ဒီမိုကရေစီ ကျင့်သုံးတဲ့ပျမ်းမျှကာလဟာ ၆ နှစ် မပြည့်တပြည့်သာ ရှိပါတယ်။ မအောင်မြင်တဲ့ ဒီမိုကရေစီ ကြိုးပမ်းစမ်းသပ်မှုတွေရဲ့ ၆၈ ရာခိုင်နှုန်းနီးပါးဟာ ပထမ ၅ နှစ်အတွင်းမှာတင် အဆုံးသတ်သွားခဲ့ပြီး ၈၄ ရာခိုင်နှုန်းနီးပါးကတော့ ပထမဆယ်နှစ်အတွင်းမှာ နိဋ္ဌိတံခဲ့ကြပါတယ်။ ဒီမိုကရေစီ အစိုးရတရပ်အနေနဲ့ ဖယ်ရှားမခံရစေဖို့အတွက် အနည်းဆုံးလိုအပ်တဲ့ သက်တမ်းဆိုပြီး ကျနော်တို့ မတွေ့ရှိဘူးဆိုတဲ့ အချက်ဟာ အရေးကြီးပေမယ့်လည်း (ထိုင်းရဲ့  ၂၀၀၆ ခုနှစ် အာဏာသိမ်းမှုဟာ ဒီမိုကရေစီသက်တမ်း ၁၄ နှစ်ပြီးမှာဖြစ်) ကျနော်တို့ အနေနဲ့ကတော့ ဒီမိုကရေစီသက်တမ်းခံမှု သို့မဟုတ် ပြိုကျပျက်စီးမှုနဲ့ ပတ်သက်တဲ့ အချက်တွေကို စူးစမ်းလေ့လာရာမှာတော့ ဒီမိုကရေစီ သက်တမ်းရဲ့ ပထမ ၅ နှစ် သို့မဟုတ် ၁၀ နှစ်ကိုသာ အလေးပေးကြည့်ရှုပါတယ်။

နောက်ကြောင်း ပြန်သွားခဲ့ကြတဲ့ ဒီမိုကရေစီနိုင်ငံတွေ ထဲမှာဆိုရင် တချို့ဟာ ဒုတိယမ္ပိ၊ တတိယမ္ပိ၊ သို့မဟုတ် စတုတ္ထအကြိမ် အထိအောင် ဒီမိုကရေစီဘက်ကို ပြန်သွားဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ပထမဆုံးအကြိမ် ဒီမိုကရေစီ လမ်းစဉ်ကျင့်သုံးမှုရဲ့  တဝက်အောက် (၄၇ ရာခိုင်နှုန်း) သာလျှင် အောင်မြင်တာရှည် ခံခဲ့ပေမယ့်လည်း ဒုတိယမ္ပိ ကြိုးပမ်းမှုတွေရဲ့ အောင်မြင်မှု နှုန်းကတော့ သုံးပုံနှစ်ပုံ (၆၃ ရာခိုင်နှုန်း) နီးပါးအထိ ချဉ်းကပ်လာနိုင်ခဲ့ပါတယ်။ ၄ ကြိမ်မြောက် ဒီမိုကရေစီဖော်ဆောင်တဲ့ နိုင်ငံခြောက်နိုင်ငံမှာ ၄ နိုင်ငံက ၂၀၀၄ ခုနှစ်ကုန်တဲ့အထိ လမ်းကြောင်း တည့်နေခဲ့ပါတယ်။ လမ်းပြန်ချော်တဲ့နှစ်နိုင်ငံကတော့ ပါကစ္စတန်နဲ့ ပီရူးတို့ပါပဲ။ (ထိုင်းနိုင်ငံရဲ့  ၂၀၀၆ ခုနှစ် အာဏာသိမ်းမှုဟာ ကျနော်တို့ရဲ့ အချက်အလက် အစုအဝေးထဲမှာ မပါပေမယ့်လည်း အဲဒီလိုမျိုးကျရှုံးတဲ့ ဖြစ်စဉ်နမူနာ တခုပါ။)

ဒေသအလိုက် ဒီမိုကရေစီ ဖော်ဆောင်မှုများနှင့် ရလဒ်များ
Kapstein_Converse_Why democracies fail (Burmese)2

ဒီလိုမျိုးဖြစ်ထွန်းလာတဲ့ လမ်းကြောင်းတွေဟာဆိုရင် အချိန်ကာလတခုအတွင်း အောင်မြင်တဲ့ ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ်တွေရဲ့ အောင်မြင်တဲ့နှုန်း တိုးတက်လာတာနဲ့ သွားပြီး အံဝင်ခွင်ကျဖြစ်ပါတယ်။ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ဒီမိုကရေစီဘက်ကို ကူးပြောင်းမှုတွေရဲ့ ၁၁ ဒသမ ၅ ရာခိုင်နှုန်းသာလျှင် လမ်းကြောင်း ဖြောင့်ခဲ့ပေမယ့် ၁၉၇၀ ပြည့်လွန်နှစ်တွေရဲ့ ဖြစ်စဉ်တွေမှာတော့ ၃၀ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်များမှာတော့ အောင်မြင်မှုနှုန်းဟာ ၇၆ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့ပြီး ၁၉၉၀ ပြည့်လွန် နှစ်တွေမှာတော့ ၇၂ ဒသမ ၅ ရာခိုင်နှုန်းအထိ အနည်းငယ် ပြန်ကျသွားခဲ့ပါတယ်။ များသောအားဖြင့် တက်ရိပ်ပဲပြခဲ့ပြီး မကြာသေးမီကမှ အနည်းငယ် ကျရိပ်ပြန်ပြခဲ့ပေမယ့်လည်း များသောအားဖြင့် အောင်မြင်ခဲ့တဲ့ နှုန်းထားအပြောင်းအလဲနဲ့ ပတ်သက်လို့ ရှင်းပြဖို့ ကျန်နေပါသေးတယ်။ အများဆုံးသုံးတဲ့ အဆိုကြမ်းတွေ ကတော့ (၁) အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ရဲ့ ဒီမိုကရေစီဘက် ကူးပြောင်းမှုတွေအပေါ် အားပေးအားမြှောက်လုပ်တဲ့ အပြုအမူတွေ၊ အထူးသဖြင့်တော့ အရှေ့ဥရောပ ဒီမိုကရေစီ နိုင်ငံတွေကို ‘အပိုင်ချည်မှု’ မှာ ဥရောပသမဂ္ဂရဲ့ အခန်းကဏ္ဍ၊ (၂) ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ အခန်းကဏ္ဍနဲ့ ‘ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်´၊ ပွင့်လင်းမြင့်သာမှု၊ တာဝန်ခံမှုနဲ့ နိုင်ငံသားများ ဗလငါးတန်ဖွံ့ဖြိုးမှု စတာတွေကို မြှင့်တင်တဲ့နေရာမှာ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့တို့လိုမျိုး နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ၊ (၃) ကမ္ဘာတစ်ဝန်းက ပေါ်ထွန်းစဒီမိုကရေစီ နိုင်ငံတွေရဲ့  စီးပွားရေး တိုးတက်မှုမှာရော ပြည်သူတွေရဲ့ အရပ်ဘက်အခွင့်အရေးတွေ တိုးတက်မှုတွေမှာပါ နှိုင်းယှဉ်မှုအရ အောင်မြင်မှုတွေပါပဲ။

ဆက်လက်ဖော်ပြပါမည်။

(အေသန် ဘီ ကပ်စတိန်း (Ethan B. Kapstein) သည် ပြင်သစ်နိုင်ငံ ဖွန်တိန်ဘလူးရှိ INSEAD ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ဘာသာရပ်ဆိုင်ရာ ပေါလ် ဒူဘရူးလ် ပါမောက္ခနှင့် ဝါရှင်တန်ဒီစီရှိ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန၏ Fellow ဖြစ်သည်။ နာသန် ကွန်ဗာ့စ် (Nathan Converse) သည် လန်ဒန် စီးပွားရေး ကျောင်း၌ ဘောဂဗေဒ ဘာသာရပ်ဆိုင်ရာ ပါရဂူဘွဲ့တန်းကို တက်ရောက်သင် ကြားနေသူဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading