သတင်း

ကန့်ကွက်လွှာတင်သွင်းခံရသည့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၃ ဦးရှိ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရွေးကောက်ပွဲရလဒ် ကန့်ကွက်လွှာ တင်သွင်းခံရသည့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၃ ဦး ရှိသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးက ယနေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။

ကန့်ကွက်လွှာတင်သွင်းခံရသည့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များမှာ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅) မှ ဦးစခုန်တိန့်ယိန်း (တသီးပုဂ္ဂလ)၊ မချမ်းဘော မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးရားဝမ်ဂျုံ (ကြံခိုင်ရေးပါတီ)၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅) မှ ဦးညီစိန် (တအာင်း/ပလောင် အမျိုးသားပါတီ) တို့ ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲ ဥပဒေများအရ သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ သို့မဟုတ် မဲဆန္ဒရှင်များက ကိုယ်စားလှယ်များ ရွေးကောက်ခံရခြင်းနှင့် ပတ်သက်ပြီး ကန့်ကွက်လိုသည့် အချက်အလက်များကို ဆီလျော်သော အကြောင်းပြချက်များ ဖော်ပြပြီး အနိုင်ရ ကိုယ်စားလှယ်၏ အမည်ကို ကြေညာပြီးသည့်နေ့မှ ၄၅ ရက်အတွင်း ကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းနိုင်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးက ကြေညာထားသည်။

ရွေးကောက်ခံ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ဦးစခုန်တိန့်ယိန်း ဝင်ရောက်ယှဉ်ပြိုင်သည့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၅) တွင် ဆော့လော်၊ ချီဖွေနှင့် အင်ဂျန်းယန် မြို့နယ်တို့ ပါဝင်သည်။

ဦးစခုန်တိန့်ယိန်းကို ကန့်ကွက်လွှာ တင်သွင်းသည့် ကိုယ်စားလှယ်လောင်းမှာ ဆော့လော် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ဦးစံဝေခေါင်လွမ်း ဖြစ်ကြောင်း သိရသည်။

ဦးစခုန်တိန့်ယိန်းသည် ၎င်းဝင်ရောက်ယှဉ်ပြိုင်သည့် နေရာများအတွင်း NLD ပါတီ ကိုယ်စားလှယ်လောင်း များအား မဲဆွယ်စည်းရုံးမှု မလုပ်ရန် နှောက်ယှက်တားဆီးခဲ့သဖြင့် ၎င်း၏ ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်ရခြင်း ဖြစ်သည်ဟု ဦးစံဝေခေါင်လွမ်းက ပြောသည်။

“ဦးစခုန်တိန့်ယိန်းဟာ ကျနော်တို့ NLD ပါတီ မဲဆွယ်စည်းရုံးရေး မလာနိုင်ဖို့၊ မလာရဖို့ အဲဒီလို ကန့်ကွက်တားမြစ် ထားတယ်။ နောက်ပြီးတော့ ကျနော်တို့ ကိုယ်စားလှယ်လောင်းတွေကိုလည်း သတ်မယ် ဖြတ်မယ် ဘာလုပ်မယ် ညာလုပ်မယ် ဆိုပြီးမှ ခြိမ်းခြောက်တယ်” ဟု ဦးစံဝေခေါင်လွမ်းက ဆိုသည်။

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅) လားရှိုးခရိုင်တွင် ရာခိုင်နှုန်း အနည်းငယ် အကွာဖြင့် အနိုင်ရခဲ့သည့် တအာင်း (ပလောင်) အမျိုးသားပါတီမှ ဦးညီစိန်ကို ကြံခိုင်ရေးပါတီမှ ကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ၏ နိုဝင်ဘာလ ၁၂ ရက် ကြေညာချက်အရ အနိုင်ရ ကိုယ်စားလှယ်မှာ ကြံ့ခိုင်ရေးပါတီဝင် ဦးစိုင်းဆာလူဖြစ်ပြီး နိုဝင်ဘာလ ၂၃ ရက်တွင် အနိုင်ရ ကိုယ်စားလှယ်မှာ တအာင်း (ပလောင်) အမျိုးသားပါတီမှ ဦးညီစိန်ဖြစ်ကြောင်း ပြန်လည် ပြင်ဆင်ကြေညာခဲ့သည်။

ဥပဒေအရ ရွေးကောက်ပွဲ ခုံရုံးအဖွဲ့သည် ယင်းကန့်ကွက်လွှာများ၏ မိတ္တူကို ကန့်ကွက်ခံရသူများထံသို့ အကြောင်းကြားစာအဖြစ် ပေးပို့ပြီး အများပြည်သူ သိစေရန် ထုတ်ပြန် ကြေညာရမည် ဖြစ်သည်။ ကြေညာပြီး ၁၅ ရက်အတွင်း ကန့်ကွက်ခံရသူ တဦးဦးသည် ရွေးကောက်မှုဆိုင်ရာ အခွင့်အရေး တရပ်ရပ်ကို တောင်းခံပြီး ကန့်ကွက်မှုကို ချေပရန် သက်သေ အထောက်အထားများကို ပြန်လည် တင်ပြနိုင်ကြောင်း သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ခုံရုံးအဖွဲ့က စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ်များ ပြုလုပ်ကာ ခုံရုံးဆုံးဖြတ်ချက်ကို ထုတ်ပြန်မည်ဖြစ်ပြီး ထိုဆုံးဖြတ်ချက်ကို မကျေနပ်ပါက ဆုံးဖြတ်ချက်ချသည့်နေ့မှ ၁၅ ရက်အတွင်း ကန့်ကွက်ခံရသူဖြစ်စေ၊ ကန့်ကွက်သူကဖြစ်စေ အယူခံတင်သွင်းနိုင်သည်ဟု ကြေညာထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading