၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ(ANP)သည် ရခိုင်ပြည်နယ် လွှတ်တော်တွင် နေရာ ၄၇ နေရာရှိရာ ၂၃ နေရာ အနိုင်ရရှိခဲ့သည်။ လွှတ်တော် နေရာပေါင်း၏ တဝက်နီးပါး ရရှိခဲ့ခြင်း ဖြစ်သော်လည်း အစိုးရဖွဲ့နိုင်ရေး သို့မဟုတ် လွှတ်တော်တွင် မေးခွန်းနှင့် အဆိုများ မဲခွဲ ဆုံးဖြတ် ရာတွင် အနိုင်ရရှိရေးအတွက် လုံလောက်သည့် အရေအတွက် မဟုတ်ပါ။ ထို့ကြောင့် ANP ပါတီ၏ အနာဂတ် နိုင်ငံရေး ရည်မှန်းချက်၊ ရခိုင် နိုင်ငံ ရေး ခေါင်းဆောင်များ၏ ရင်ကြားစေ့ရေး၊ ပြည်နယ် အစိုးရဖွဲ့နိုင်ခြင်း ရှိ/မရှိ၊ ရခိုင်ပြည်နယ် ပြုပြင်ပြောင်းလဲရေး၊ ပြည်နယ်တွင်းရှိ လူမျိုး၊ ဘာသာ မတူသူများကြား အတူယှဉ်တွဲ နေထိုင်နိုင်ရေးနှင့် အနိုင်ရ NLD ပါတီ အပေါ် သဘောထားတို့ကို ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးအေးသာအောင်ကို ဧရာဝတီ ကော်ပီ အယ်ဒီတာ ထက်နိုင်ဇော်က ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ ၁၉၉၀ ရွေးကောက်ပွဲမှာလည်း အန်ကယ်တို့ နိုင်ခဲ့တယ်။ အခု ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ထပ်နိုင်ခဲ့တယ်ဆိုတော့ ဘာကြောင့် ပြည်သူ လူထုက အကြိမ်ကြိမ် ရွေးချယ်တယ်လို့ ထင်ပါသလဲ။
ဖြေ ။ ။ ၉၀ ရွေးကောက်ပွဲတုန်းက ကျနော်သည် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဖြစ်တယ်။ ဒါပေမယ့် ကျနော် ရွေးကောက်ပွဲ မဝင်ခဲ့ဘူး။ ကျနော်တို့ပါတီက နိုင်တာ။ အခုမှပဲ ကျနော် ရွေးကောက်ပွဲ ဝင်တာပါ။ အဓိက, ကတော့ ကျနော်တို့က တောက်လျှောက် နိုင်ငံရေးလုပ် လာတယ်။ ၈၈ အရေးအခင်း နောက်ပိုင်းမှာ နိုင်ငံရေးပါတီ ထောင်တယ်။ တောက်လျှောက် ကျနော်တို့ ပြောနေတာက တိုင်းပြည်မှာ အာဏာရှင် စနစ် ကျဆုံးဖို့၊ ဒီမိုကရေစီစနစ် ထွန်းကားဖို့၊ တိုင်းရင်းသားတွေ နိုင်ငံရေး တန်းတူ အခွင့်အရေးရဖို့၊ ပြည်နယ်တွေမှာ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရပြီးတော့ ပြည်ထောင်စုကို ဖက်ဒရယ် ပြည်ထောင်စုစနစ်နဲ့ ထူထောင်မှ ကျနော်တို့ မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေးရမယ်၊ ဖွံ့ဖြိုးတိုးတက်မယ် ဆိုတာကို တောက်လျှောက် မီဒီယာတွေကလည်း ပြောတယ်။
ပါတီထောင်တဲ့ အခါမှာလည်း ပါတီရဲ့ မူဝါဒတွေမှာ ပြဋ္ဌာန်းပြီးတော့ ပြည်သူတွေကို ချပြတယ်။ အန်ကယ်တို့ ချပြတဲ့ မူဝါဒတွေကို ပြည်သူတွေက လက်ခံ သဘောကျလို့ အခုလို ရွေးကောက်ပွဲမှာ အန်ကယ့်ကို မဲပေးတယ်။ အန်ကယ်တို့ အနိုင်ရတယ်လို့ ထင်ပါတယ်။
မေး ။ ။ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ ရခိုင်နိုင်ငံရေး ခေါင်းဆောင်တချို့ သဘောထား ကွဲလွဲမှုကြောင့် ရခိုင်ပြည်နယ် စည်းလုံးမှု ပြိုကွဲပြီး ဖွံ့ဖြိုးမှု နောက်ကျမှာကို ရခိုင်လူထုက စိုးရိမ်နေကြပါတယ်။ အဲဒီအပေါ်မှာ ဘာပြောချင်ပါသလဲ။
ဖြေ ။ ။ မှန်ပါတယ်။ ပြည်နယ်တခု၊ ဒေသတခု ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာက နိုင်ငံရေးပါတီ၊ နိုင်ငံရေး အင်အားစုတွေ ညီညွှတ်ဖို့ လိုပါတယ်။ အဲလို ညီညွှတ်တဲ့ အင်အားစုတခုက ရခိုင်ပြည်သူတွေရဲ့ အကျိုးစီးပွားကို စုစုစည်းစည်း ညီညီညွှတ်ညွှတ်နဲ့ ကြိုးပမ်းဆောင်ရွက်ဖို့ လိုပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်မှာရှိတဲ့ နိုင်ငံရေးပါတီတွေထဲမှာ တချို့ခေါင်းဆောင်တွေအတွင်းမှာ မညီမညွှတ်ဖြစ်နေတာကို ပြည်သူတွေက မလိုမလားဖြစ်တယ်။ အားမလို အားမရ ဖြစ်တယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျနော့်အမြင် ပြောရမယ်ဆိုရင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေ ရှိမယ်။ ဒါပေမယ့် ပြည်သူအတွက် ပြည်နယ်အတွက် ကြိုးပမ်းဖို့ ရည်မှန်းချက်မှာတော့ တစုတစည်းတည်း ရပ်တည်ရမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ရခိုင်ပြည်နယ်နဲ့ ရခိုင်ပြည်သူတွေအတွက် ကြိုးပမ်းဆောင်ရွက်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။
မေး ။ ။ ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားပါတီ(ANP) အနေနဲ့ အစိုးရ ဖွဲ့နိုင်ဖို့ အလားအလာ ရှိပါသလား။ ဘယ်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရှိပါသလဲ။
ဖြေ ။ ။ ၂၀၁၅ ရွေးကောက်ပွဲကို ရခိုင်အမျိုးသားပါတီ(ANP) အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်တဲ့အခါမှာ အဓိက ရည်မှန်းချက်က ရခိုင်ပြည်နယ် အစိုးရ ဖွဲ့နိုင်ဖို့ပါ။ ပြည်နယ် အစိုးရ ဖွဲ့နိုင်ဖို့အတွက် ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ်ဦးရေ တဝက်ကျော်ကျော် သို့မဟုတ် ပြတ်ပြတ်သားသား အနိုင်ရဖို့ ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။ အခုတော့ တဝက်တောင် မကျော်ဘဲ ၂၃ နေရာ အနိုင်ရခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ပြည်နယ်မှာတော့ နေရာ အများဆုံးနိုင်တဲ့ပါတီ ဖြစ်တယ်။ လက်ရှိ အခြေအနေမှာလည်း ပြည်နယ် အစိုးရ ဖွဲ့စည်းနိုင်တဲ့ အခြေအနေရှိပါတယ်။
ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အရ သမ္မတကပဲ ပြည်နယ် ဝန်ကြီးချုပ်ကို ခန့်ရတယ်။ ပြည်နယ် ဝန်ကြီးချုပ်က မိမိကြိုက်တဲ့သူနဲ့ ပြည်နယ်အစိုးရကို ဖွဲ့နိုင်တဲ့အတွက် အဲဒီအနေ အထားမှာ သမ္မတသည် NLD ပါတီက ဖြစ်လာနိုင်တဲ့အတွက် ဖြစ်လာမယ့် သမ္မတက ရခိုင်ပြည်နယ်မှာ အများဆုံး အနိုင်ရတဲ့ ရခိုင်အမျိုးသား ပါတီကို အစိုးရဖွဲ့ခွင့် ပေးမှာလား။ တနည်းအားဖြင့် ရခိုင်အမျိုးသား ပါတီကနေ ဝန်ကြီးချုပ်ကို ခန့်မှာလား။ သို့တည်း မဟုတ် ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေအရပဲ NLD က တဦးဦးကို ဝန်ကြီးချုပ် ခန့်မှာလား။ ဒီကိစ္စကတော့ ကျနော်တို့လည်း တော်တော်လေး မှန်းရခက်ပါတယ်။
မေး ။ ။ အစိုးရ ဖွဲ့နိုင်ရင်ပဲ ဖြစ်ဖြစ် ရခိုင်ပြည်နယ်မှာ နေရာအများစု အနိုင်ရထားတဲ့ ပါတီခေါင်းဆောင်တဦး အနေနဲ့ပဲဖြစ်ဖြစ် ဘယ်လိုပြုပြင် ပြောင်းလဲရေးတွေ လုပ်ဖို့ ပြင်ဆင်ထားလဲ။
ဖြေ ။ ။ ပြုပြင်ပြောင်းလဲရေးတွေက လုပ်ရမှာ အများကြီးပဲ။ ရခိုင်ပြည်နယ်သည် အဆင်းရဲဆုံး ပြည်နယ်တခု ဖြစ်တယ်။ စီးပွားရေး၊ ကျန်းမာ ရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးတွေပါ ဘက်စုံ ယိုယွင်း ကျဆင်းနေတဲ့ ပြည်နယ်တခု ဖြစ်တယ်။ လျှပ်စစ်မီး မလုံလောက်ဘူး။ အခုက မြို့ ၃၊ ၄ ခုလောက်ပဲ မီးရတယ်။ ကျန်တဲ့မြို့တွေမှာ လျှပ်စစ်မီး မရဘူး။ လျှပ်စစ်မီး မရတဲ့အတွက်ကြောင့် စက်ရုံ၊ အလုပ်ရုံတွေ မရှိဘူး။ စက်ရုံ၊ အလုပ် ရုံတွေ ပေါ်ထွန်းလာဖို့ လိုတယ်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန် အမြန်ဆုံး အကောင်အထည်ဖော်ဖို့။ ဖြစ်နိုင်ရင် ပုဏ္ဍားကျွန်းဘက်မှာ ရှိတဲ့ စက်မှုဇုန်ကို အကောင်အထည် ဖော်နိုင်ဖို့ ကြိုးစားရမယ်။
နောက်တခုက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ်။ ရခိုင်မှာ သား၊ ငါး၊ ပုဇွန် တချိန်တုန်းက ပေါခဲ့တယ်။ စစ်အစိုးရ လက်ထက်က စည်းမဲ့ကမ်းမဲ့ နိုင်ငံခြား ကုမ္ပဏီတွေ၊ သဘောၤတွေကို ဖမ်းခွင့်ပေးလိုက်တဲ့ အတွက်ကြောင့် ရှားပါးသွားပြီ။ ဒါကိုလည်းပဲ စနစ်တကျ ပြန်ပြီးတော့ ထိန်းသိမ်းရမယ်။ နောက်တခုက မြောက်ပိုင်းမှာရှိတဲ့ နယ်စပ်လုံခြုံရေးကို အကယ်၍ပေါ့လေ ရခိုင်ပြည်နယ်မှာ လုပ်ပိုင်ခွင့်ရှိတဲ့ အစိုးရတရပ် ဖြစ် လာမယ်ဆိုရင် လုံခြုံရေးကို ယခုထက်ပိုပြီး တင်းတင်းကျပ်ကျပ် ဆောင်ရွက်ဖို့ ရည်ရွယ်ပါတယ်။
မေး ။ ။ ရခိုင်ပြည်နယ်မှာ မတူညီတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူတကွ ယှဉ်တွဲနေထိုင်နိုင်အောင် ဘယ်လိုလုပ်မလဲ။ သူတို့ကြောင့် ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုကို နောက်မကျဖို့ လိုသလို ဒီမိုကရေစီကိုလည်း အတူမျှဝေခံစားရဖို့ လိုပါတယ်။
ဖြေ ။ ။ ဒီလိုပါ။ အခု ရခိုင်ပြည်နယ်မှာ တဖက်နိုင်ငံက အိန္ဒိယနိုင်ငံ၊ အနောက်ဘက်မှာ အရှေ့ပါကစ္စတန်၊ အခုတော့ ဘင်္ဂလားဒေ့ရှ် ဒီနိုင်ငံမှာက လူဦးရေ ပေါက်ကွဲနေတယ်။ ဘယ်နိုင်ငံကိုပဲ ကြည့်လိုက် ကြည့်လိုက် ရှမ်းပြည်သာသာပဲ ရှိတယ်။ လူဦးရေက သန်း ၁၂၀။ ဆိုတော့ နေ့စဉ် ခေတ် အဆက်ဆက် ရခိုင်ပြည်နယ်ထဲကို နည်းမျိုးစုံနဲ့ ဝင်တယ်။ အဲဒီတော့ ဝင်လာတဲ့အခါမှာ လူဦးရေများလာတော့ တသန်းလောက် ရှိတော့ အရင် ကတော့ စားသောက် လုပ်ကိုင်စားသောက်ဖို့ ရည်ရွယ်ချက်နဲ့ လာတယ်။ အခုတော့ နယ်မြေကို ကျူးကျော်ဖို့ ကြိုးပမ်းလာတယ်။ ဒါကို ရခိုင်ပြည်သူတွေက စိုးရိမ်တယ်။
အမျိုးသား လုံခြုံရေး၊ ပြည်ထောင်စုရဲ့ လုံခြုံရေးအနေနဲ့ အရေးတကြီး ဖြေရှင်းဖို့ လိုတယ်။ နောက်တခုက ဒီတရားမဝင် ဝင်ရောက်လာတဲ့သူတွေ ကို ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့အညီ ပြည်ထောင်စု အစိုးရက စိစစ်ဆောင်ရွက်ဖို့ လိုပါတယ်။ အဲတော့ အဲဒီမှာ တချို့နိုင်ငံသား ဖြစ်ခွင့်ရမယ့်သူတွေ ရှိမယ်။ နိုင်ငံသား ဖြစ်ခွင့်ရတဲ့သူတချို့ကို နိုင်ငံသားအခွင့်အရေး ပေးမယ်ဆိုရင် ဒီပြဿာနာရဲ့ တချို့တဝက်တော့ ပြေလည်နိုင်မယ်လို့ မြင်ပါ တယ်။ ကျန်တဲ့ နိုင်ငံသား မဟုတ်တဲ့ နည်းမျိုးစုံနဲ့ ခိုးဝင်လာတဲ့ လူတွေကိုတော့ ကုလသမဂ္ဂရဲ့ အဖွဲ့အစည်းများနဲ့ ညှိနှိုင်းပြီးတော့ ဘယ်လိုဘယ်ပုံ ဆောင်ရွက် ဖြေရှင်းရမလဲဆိုတာကို ဆွေးနွေးဖြေရှင်းဖို့ လိုမယ်လို့ ထင်ပါတယ်။
မေး ။ ။ အခုလက်ရှိ ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီးတော့ အစိုးရဖွဲ့နိုင်တော့မယ့် NLD ပါတီ အပေါ်မှာရော ဘယ်လို သဘောထားရှိပါသလဲ။
ဖြေ ။ ။ အခုတော့ NLD ပါတီက အပြတ်အသတ် အနိုင်ရတယ်။ အဲဒီတော့ ကျနော်တို့ တိုင်းပြည်က နှစ်ပေါင်း ၅၀ ကျော်၊ ရာစုတဝက်ကျော် အာဏာ ရှင် စနစ်အောက်ကို ကျရောက်ခဲ့တယ်။ ကျရောက်ခဲ့တဲ့အတွက်ကြောင့် နိုင်ငံရေး၊ စီပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး ဘက်စုံ ယိုယွင်း ကျဆင်းတယ်။ အဲဒီတော့ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲဖို့ လိုတယ်။ အပြောင်းအလဲလုပ်ဖို့ လိုတယ်။ အပြောင်းအလဲ ဆိုတာက အာဏာရှင်စနစ်က ဒီမိုကရေစီစနစ်ကို ပြောင်းဖို့၊ အဓိက ကောင်းမွန်တဲ့ အစိုးရတရပ် ပေါ်ထွန်းဖို့၊ နောက်တခါ တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်တဲ့ တိုင်းပြည်ဖြစ်တဲ့ အတွက်ကြောင့် တရားမျှတမှု မရှိတဲ့ လက်ရှိပြည်ထောင်စုစနစ်ကို တရားမျှတမှုရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု စနစ်ပေါ်ထွန်းဖို့အတွက် ကြိုးပမ်းဆောင်ရွက်ရမယ်။
အဲတော့ အဲလိုဆောင်ရွက်ဖို့ ကြိုးပမ်းနေတဲ့အခါမှာ NLD အနေနဲ့ ဒီမိုကရေစီစနစ် ထွန်းကားဖို့ ကြိုးပမ်းတယ်။ တိုင်းရင်းသားအရေးကိုလည်း ဆောင်ရွက်ဖို့ ကြိုးပမ်းနေတဲ့ ပါတီတခု ဖြစ်တယ်။ ဒါ့အပြင် ၁၉၉၀ ရွေးကောက်ပွဲ အလွန်မှာ NLD သည် တိုင်းရင်းသားလေးပါတီနဲ့ CRPP ခေါ် လွှတ်တော် ကိုယ်စားပြု ကော်မတီကိုဖွဲ့ပြီးတော့ လွှတ်တော် ပေါ်ပေါက်ရေး၊ ဒီမိုကရေစီ ထွန်းကားရေး၊ တိုင်းရင်းသားတွေရဲ့ တန်းတူအခွင့်အရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့အတွက် ပူးပေါင်း လက်တွဲ ဆောင်ရွက်ခဲ့တဲ့ အနေအထားတွေ ရှိပါတယ်။ ဒါကြောင့် အခု NLD က အပြတ်အသတ် အနိုင်ရတဲ့အတွက်ကြောင့် လွှတ်တော်မှာလည်းပဲ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အပါအဝင် ပြည်သူတွေအတွက် ဥပဒေ အဆိုပြုလွှာတွေကို ရေးနိုင်တင်နိုင်မယ်လို့ မြင်တယ်။ ပြီးတော့ ကောင်းမွန်တဲ့ အစိုးရတရပ်ကိုလည်း ဖွဲ့စည်းပြီးတော့ မြန်မာနိုင်ငံမှာ အဆိုးဆုံး လာဘ်စားမှု၊ လာဘ်ပေးလာဘ်ယူ စနစ်တွေကို တိုက်ဖျက်နိုင်မယ်လို့ မြင်တဲ့အတွက်ကြောင့် ကျနော်ကတော့ NLD အပြတ်အသတ် နိုင်တာကို ကြိုဆိုပါတယ်။
မေး ။ ။ NLD ပါတီက ရခိုင်အပါအဝင် တိုင်းရင်းသားတွေနဲ့ ရင်ကြားစေ့လုပ်နိုင်မယ်လို့ အန်ကယ်ထင်လား။ NLD အနေနဲ့ ရင်ကြားစေ့ရေးနဲ့ ပတ်သက်ပြီး ဘာစလုပ်စေချင်လဲ။
ဖြေ ။ ။ ရင်ကြားစေ့ရေးဆိုတာ ကျနော်တို့ တိုင်းပြည်မှာ ခေတ်အဆက်ဆက် အင်အားစုတွေ အထူးသဖြင့် နိုင်ငံရေး ပါတီတွေ၊ နိုင်ငံရေး အင်အား စုတွေ အကွဲအပြဲဖြစ်ခဲ့တဲ့ နောက်ပိုင်းမှာ တပ်နဲ့ နိုင်ငံရေး အင်အားစုတွေ အစိုးရ အဆက်ဆက်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ ပဋိပက္ခတွေ ပြဿနာတွေရှိတဲ့ အတွက်ကြောင့် အမျိုးသား ညီညွတ်မှု ပျက်ပြား ပြိုကွဲနေတဲ့ တိုင်းပြည်ပဲ ဖြစ်ပါ တယ်။ ဒီတော့ အမျိုးသား ရင်ကြားစေ့ရေးက မလုပ်မဖြစ် လုပ်ရမှာပါ။ အဲလိုလုပ်တဲ့နေရာမှာ လက်ရှိ NLD အနေနဲ့ ပြီးတော့ တပ်မတော်၊ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ်များနဲ့ ဆွေးနွေးတယ်။ အမျိုးသား ရင်ကြားစေ့ရေးကို ကြည့်ပြီးတော့ ဆွေးနွေးတယ်။ ယုံကြည်မှုကို တည် ဆောက်တယ်။ အလားတူပဲ တိုင်းရင်းသား နိုင်ငံရေး ပါတီ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့လည်းပဲ ယုံကြည်မှုကို တည်ဆောက် ပြီးတော့ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးဖို့ လိုပါတယ်။
ဘာကြောင့်လဲ ကျနော်တို့ တိုင်းပြည်မှာ ရွေးကောက်ပွဲ အနိုင်ရတာနဲ့ မပြီးသေးဘူး။ ဆက်လက်ပြီးတော့ ပြည်တွင်းစစ် ရပ်ဖို့ ပြည်တွင်း ငြိမ်းချမ်း ရေးကို ဖော်ဆောင်ဖို့ လတ်တလော NCA လက်မှတ် ထိုးထားတာက နိုင်ငံရေး တိုင်းရင်းသားပါတီ ၈ ဖွဲ့ပဲ ထိုးထားတယ်။ ၁၃ဖွဲ့က မထိုးသေးဘူး။ ဒါတွေကို နောင်တက်လာမယ့် NLD အစိုးရ၊ နောင်တက်လာမယ့် NLD သမ္မတက ဘယ်လို ဆောင်ရွက်မလဲ၊ ဒါတွေကို လက်တွဲ ပူးပေါင်း ဆောင် ရွက်ဖို့အတွက် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း လိုသလို တိုင်းရင်းသား ပါတီတွေ ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း ပူးပေါင်း ဆောင်ရွက်ဖို့ လိုပါတယ်။ ဒါကြောင့် အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်ပြီးတော့ NLD က တိုင်းရင်းသား ပါတီတွေနဲ့ ဆွေးနွေးဖို့ လိုပါတယ်။ အခုတော့ UNA နဲ့ ဆွေးနွေးဖို့တော့ ကမ်းလှမ်းထားတယ်။ ဘယ်နေ့၊ ဘယ်ရက် ဆွေးနွေးမယ်ဆိုတာ မသိသေး ပါဘူး။
မေး ။ ။ အန်ကယ်ကို NLD ကနေပြီးတော့ အစိုးရအဖွဲ့မှာ ရာထူး တနေရာပဲဖြစ်ဖြစ် ပြည်ထောင်စုအဆင့် ရာထူးတနေရာပဲဖြစ်ဖြစ် ကမ်းလှမ်း လာမယ်ဆိုရင် လက်ခံသွားဖို့ ရှိပါသလား။
ဖြေ ။ ။ ဒါတော့ ကျနော်လည်းပြောဖို့ ခက်ပါတယ်။ ကမ်းလှမ်းလာတာလည်း မရှိသေးပါဘူး။ အခုအချိန်မှာတော့ မှန်းပြီးတော့ ရေးနေ ပြောနေကြတာ တွေလည်း ကျနော် ဖတ်ရပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျနော့်အနေနဲ့ ပြောဖို့ ဘာမှမရှိပါဘူး။