အစိုးရက တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နှင့် ချုပ်ဆိုထားသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုလိုက်ပြီ ဖြစ်သည်။
NCA စာချုပ်အား ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးရန် နိုင်ငံတော်သမ္မတက ပေးပို့ခဲ့ခြင်းဖြစ်သည်။
NCA စာချုပ် အတည်ပြုရန် လွှတ်တော်အတွင်း ဆွေးနွေးစဉ် လွှတ်တော်ကိုယ်စားလှယ် အများစုက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်မှုမရှိဘဲ အဖွဲ့ ၈ ဖွဲ့ဖြင့်သာ လက်မှတ်ရေးထိုးထားခြင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းတို့အပေါ် ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။
NCA စာချုပ်အတည်ပြုရေးနှင့် ပတ်သက်ပြီး အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးဦးအောင်မင်းက “NCA မှာ ကျန်နေတဲ့ အဖွဲ့များအတွက် လမ်းကြောင်း ဖွင့်လှစ်ထားကြောင်း တင်ပြထားပါတယ်။ ကျန်ရှိတဲ့အဖွဲ့တွေအတွက် လွှတ်တော် ကိုယ်စားလှယ်ကြီးတွေက စိုးရိမ်မှုမရှိဖို့ တင်ပြလိုပါတယ်” ဟု ယနေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် တက်ရောက်ပြောဆိုသည်။
ဆက်လက်ပြီး ဝန်ကြီးဦးအောင်မင်းက “လွှတ်တော်အမတ်အများစု ဝေဖန်ပြောဆိုနေကြသည့် NCA စာချုပ်နှင့် လက်တွေ့ အခြေအနေမှာ မကိုက်ညီသော်လည်း NCA စာချုပ်၏ ဦးတည်ချက်နှင့် ရည်ရွယ်ချက်တွင် ဖော်ပြထားသည့် အတိုင်း စာချုပ်ချုပ်ဆိုရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ခြင်း မရှိသည်တို့ကို လက်ရှိ အစိုးရအဖွဲက ဆက်လက် ဆောင်ရွွက်သွားမည်ဖြစ်ကြောင်းနှင့် လက်မှတ် မထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပြောဆိုနေသည့်အတိုင်း လာမည့် အစိုးရသစ်လက်ထက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပိုမို အောင်မြင်နိုင်လိမ့်မည်ဟု ယူဆပါကြောင်း” ပြောဆိုသည်။
လက်ရှိတွင် အစိုးရတပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) မှ ဗိုလ်မှူးချုပ် တားဂျုတ်ဂျားက အစိုးရက အများပြည်သူရှေ့နှင့် နိုင်ငံရေးအင်အားစုများ ရှေ့တွင် ၎င်းတို့ကို ဖိတ်ခေါ်ပါသည်ဟု အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း အမှန်တကယ်တွင် ဖိတ်ခေါ်ခြင်း မရှိကြောင်း၊ ၎င်းတို့ကလည်း ငြိမ်းချမ်းရေးလုပ်လိုကြောင်း အကြိမ်ကြိမ် စာထုတ်ပြန်ပြီး ဖြစ်သဖြင့် ထပ်မံပြောဆိုတော့မည် မဟုတ်ကြောင်း ဧရာဝတီကို ပြောသည် ။
TNLA အပါအဝင် ၎င်းနှင့် မဟာမိတ်အဖွဲ့များဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် ရကိ္ခုင့်တပ်မတော် (AA) တို့က လက်ရှိရွေးကောက်ပွဲတွင် အနိုင်ရထားသည့်ပါတီမှ တက်လာမည့် အစိုးရအဖွဲ့နှင့် ဆက်လက် လုပ်ဆောင်မည်ဖြစ်ပြီး ငြိမ်းချမ်းရေးကို အကောင်းဘက်မှ များစွာ မျှော်လင့်ထားသည်ဟု ပြောဆိုကြသည်။
“လာမယ့် အစိုးရလက်ထပ်တော့ ကျနော်တို့ မျှော်လင့်ချက် အများကြီး ရှိထားတယ်။ ဒါပေမယ့် ဘယ်လို အခြေအနေ ဖြစ်လာမလဲ မသိသေးတော့ မပြောရဲသေးပါဘူး” ဟု ဗိုလ်မှူးချုပ် တားဂျုတ်ဂျာက ဆိုသည်။
NCA စာချုပ် စတင်ရေးဆွဲရာမှ အချောသတ်သည်အထိ အစိုးရက ဖိတ်ခေါ်ထားသော တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့လုံးမှ ကိုယ်စားလှယ်များ ပါဝင်ခဲ့သော်လည်း စာချုပ်ချုပ်ဆိုခါနီးတွင် မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ တပ်မတော်တို့အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။
ထို့အပြင် အစိုးရက ဖိတ်ခေါ်ထားခြင်းမရှိသည့် တိုင်းရင်းသား လက်နက်ကိုင် ၅ ဖွဲ့မှ NCA စာချုပ် ဆွေးနွေးမှုတွင် ပါဝင်ရန် တောင်းဆိုခဲ့သော်လည်း အစိုးရက လက်မခံခဲ့သဖြင့် မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့မျာက NCA လက်မှတ် ရေးထိုးရန် ငြင်းဆိုခဲ့ကြပြီး တောင်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၈ ဖွဲ့သာ အစိုးရနှင့် စာချုပ် ချုပ်ဆိုလိုက်ခြင်း ဖြစ်သည်။
NCA ကို လက်မှတ်ရေးထိုးလိုက်သည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO)၊ ချင်း အမျိုးသားတပ်ဦး (CNF)၊ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရခိုင် လွတ်မြောက်ရေးတပ်မတော် (ALP) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ ဖြစ်ကြသည်။
NCA ကို လက်မှတ်မထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှာ KIA ၊ SSPP/SSA ၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၊ NDAA ၊ TNLA ၊ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ – ကပ်ပလန် (NSCN-K) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ MNDAA နှင့် AA တို့ ဖြစ်ကြသည်။
‘ဝ’ အမျိုးသားအစည်းအရုံး (WNO) ၊ ရခိုင်ပြည်အမျိုးသား ကောင်စီ (ANC) နှင့် လားဟူအမျိုးသား ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့သည် NCA ရေးထိုးရန် မလိုဘဲ နိုင်ငံရေး ဆွေးနွွေးပွဲသို့ ပါဝင်ရန်သာ လက်ရှိအစိုးရက ခွင့်ပြုထားသည်။
NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၈ ဖွဲ့ သည် NCA စာချုပ်အရ နိုင်ငံရေး ဆွေးနွေးပွဲမူဘောင် ရေးဆွဲညှိနှိုင်း နေပြီဖြစ်ပြီး လာမည့် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် နိုင်ငံရေး ဆွေးနွေးပွဲ စတင်နိုင်ရန် လုပ်ဆောင်နေပြီ ဖြစ်သည်။