Ethnic Issues

NCA ကို လွှတ်တော် အတည်ပြုချက် UNFC မထောက်ခံ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အတည်ပြုခဲ့ခြင်း အပေါ် တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က မထောက်ခံဟု သိရသည်။

NCA အတည်ပြုပေးရန် နိုင်ငံတော် သမ္မတ ကိုယ်စား သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက ပြည်ထောင်စု လွှတ်တော်၌ ပြီးခဲ့သည့် လက တင်သွင်းခဲ့သည်။

ကိုယ်စားလှယ် ၁၅ ဦးက ပါဝင်ဆွေးနွေးခဲ့ကြပြီးနောက် ဒီဇင်ဘာလ ၈ ရက်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်း အဝေး၌ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်၌ အတည်ပြုပေးခဲ့သော NCA ကို အပြည့်အ၀ မထောက်ခံခြင်းသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင် လက်မှတ်ထိုးထားသည့် NCA မဟုတ်၍ဖြစ်ကြောင်း UNFC ခေါင်းဆောင်များ က ပြောသည်။

UNFC ၏ နှစ်ပတ်လည် မျက်နှာစုံညီ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပနေစဉ် မီဒီယာများက NCA နှင့်ပတ်သက်၍ မေးမြန်းမှု အပေါ် UNFC ခေါင်းဆောင်များက အထက်ပါအတိုင်း ဖြေဆိုကြခြင်း ဖြစ်သည်။

UNFC မျက်နှာစုံညီ အစည်းအဝေးကို ဒီဇင်ဘာလ ၇ ရက်နေ့မှ ၁၀ ရက်နေ့ အထိ ကျင်းပနေသည်။

UNFC ၏ ဒု ဥက္ကဋ္ဌ နိုင်ဟံသာ က “NCA ကိုလွှတ်တော်က အတည်ပြုပေမယ့် ကျနော်တို့က အားလုံး ပါဝင်ရေးဆိုတဲ့မူကို ဆုပ်ကိုင် ထားတယ်၊ ဒါပေမယ့် အစိုးရက ၆ ဖွဲ့ကို ချန်ထားခဲ့တယ်၊ အဲဒါကြောင့် NCA ကို သဘော မတူတာပါ၊ တခြား အချက်တွေကတော့ ဘာမှ ပြဿနာ မရှိပါဘူး”ဟု ဆိုသည်။

UNFC အနေဖြင့် NCA နှင့်ပတ်သက်၍ လက်ရှိအစိုးရနှင့်ဖြစ်စေ၊ နောက်တက်လာမည့် အစိုးရသစ်နှင့်ဖြစ်စေ ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ NCA အပေါ် အခြေခံ၍ လက်ရှိ ရေးဆွေးနွေးနေကြသည့် ငြိမ်းချမ်းရေး မူဘောင်ကိုလည်း စောင့်ကြည့် ရဦး မည်ဖြစ်ကြောင်း နိုင်ဟံသာ က ပြောသည်။

၎င်းက “ကျနော်တို့ တောင်းဆိုချင်တာက လက်ရှိရေးဆွဲနေကြတဲ့ ငြိမ်းချမ်းရေးမူဘောင်ကို အားလုံးက ပါဝင်ဆွေးနွေးပြီးမှ ရေးဆွဲသင့် တယ်၊ တကယ်လို့ သူတို့ရေးဆွဲထားတဲ့ ဟာတွေကို ကျနော်တို့က မကြိုက်ဘူးဆိုရင်၊ ပြင်ဖို့လည်း မလွယ်ဘူးဆိုရင် ရှေ့ဆက် ဖို့ အဟန့်အတားတွေ ဖြစ်လာနိုင်တယ်”ဟုလည်း ပြောဆိုသည်။

NCA ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးက လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့်အပြင် ရွေးကောက်ပွဲ၌ အများစု အနိုင်ရထားသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD ) ကလည်း ပါဝင် လက်မှတ်ထိုးထားခြင်း မရှိသေးကြောင်း၊ ထို့ကြောင့် NCA အကောင်အထည် ဖော်ဆောင်မှုသည် နောက်တက်လာမည့် အစိုးရသစ် အပေါ်တွင်သာ အဓိက မူတည်မည်ဖြစ်ကြောင်း UNFC ၏ အထွေအထွေ အတွင်းရေးမှူး ခူးဦးရယ် က ပြောသည်။

ခူးဦးရယ်က “NCA ကို ကျနော်တို့အားလုံး ပါဝင် ဆွေးနွေးခဲ့တာ မှန်ပေမယ့် အဲဒီမှာပါတဲ့ အချက်တွေထဲက အချက်တွေ အားလုံး ကို ကျနော်တို့က သဘောမတူခဲ့ပါဘူး၊ အဲဒါကြောင့်လည်း လက်မှတ် မထိုးခဲ့တာပေါ့”ဟု ဆိုသည်။

သို့သော် NCA နှင့်ပတ်သက်၍ လက်မှတ်ရေးထိုးထားသည့် အဖွဲ့များနှင့် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုများ ရှိကြောင်း၊ ရှေ့ဆက်၍လည်း အသေးစိတ်ဆွေးနွေးစရာ အများအပြား ကျန်နေသေးကြောင်း၊ အစိုးရသစ်ထံ အာဏာလွှွဲ ပြောင်းပေးရေးနှင့် ပတ် သက်၍လည်း ထင်သာမြင်သာ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း၊ ထို့ကြောင့် ကြားကာလ၌ မည်သို့ ဖြစ်ပေါ်လာမည် ဆိုသည် ကို စောင့်ကြည့် ရဦးမည်သာ ဖြစ်ကြောင်း ခူးဦးရယ် က ပြောဆိုသည်။

NCA နှင့်ပတ်သက်၍ လွှတ်တော်၌ ဆွေးနွေးကြရာတွင် NLD ကိုယ်စားလှယ်များမှ အပ အများစုက ထောက်ခံဆွေးနွေးခဲ့ကြပြီး လက်မှတ် မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များကိုလည်း ဆွေးနွေးပွဲ ဖြစ်စဉ် အဆင့်ဆင့်၌ ပါဝင်လာနိုင်ရေး ဆောင်ရွက်ပေး ရန် အစိုးရကို တိုက်တွန်း ဆွေးနွေခဲ့ကြသည်။

NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မေဝင်းမြင့်က NCA စာချုပ်၌ လက်နက်ကိုင် အဖွဲ့အားလုံး မပါဝင်သည့် အတွက် တနိုင်ငံလုံးအား လွှမ်းခြုံသည်ဟု မဆိုနိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ပါဝင်၍ လက်မှတ် မထိုးခြင်းသည်လည်း လက် မှတ်ထိုးသည့်အဖွဲ့နှင့်မထိုးသည့် အဖွဲ့များကြား နားလည်မှု လွှဲမှားမည်ကို စိုးရိမ်ပြီး မထိုးသေးသည့် အဖွဲ့များ အပေါ် ဖိအား ပေးမှု ရှိလာမည်ကို စိုးရိမ်ခြင်းတို့ကြောင့် ဖြစ်ကြောင်း ပါဝင်ဆွေးနွေးခဲ့သည်။

NCA ကို လက်မှတ်ထိုးထားသည့် အဖွဲ့များ၌ ကရင် အမျိုးသား အစည်းအရုံး(KNU) ၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ် မတော် (RCSS/SSA )၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ ချင်း အမျိုးသား တပ်ဦး (CNF)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) စသည်တို့ ဖြစ်သည်။

လက်မှတ် မထိုးသေးသည့် အဖွဲ့များ၌ ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA)၊ မွန်ပြည် သစ် ပါတီ (NMSP)၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်– မိုင်းလား အဖွဲ့(NDAA )၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP) ၊ လားဟူ ဒီမိုကရက်တစ် အစည်းအ ရုံး(LDU )၊ “ဝ” အမျိုးသား အဖွဲ့ချုပ်(WNO) စသည်တို့ ဖြစ်သည်။

အစိုးရက မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့၊ ရကိ္ခုင့် တပ်မတော်(AA)နှင့် ပလောင် (တအာင်း)အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကိုလည်း NCA လက်မှတ်ထိုးရန် ဖိတ်ခေါ်ခြင်း မရှိသေးပေ။

UNFC အစည်းအဝေး ဒုတိယမြောက်နေ့ဖြစ်သည့် ဒီဇင်ဘာ ၈ ရက်တွင် CNF နှင့် PNLO ကို UNFC မှ ယာယီရပ်ဆိုင်းထားမှုနှင့် ပတ်သက်၍ ထပ်မံအတည်ပြုလိုက်ပြီး လစ်လပ်နေသည့် UNFC အဖွဲ့ တာဝန်များ ကိုလည်း မဲပေးရွေးချယ်ခဲ့ကြသည်။

UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက“ချင်းနဲ့ ပအိုဝ့် အဖွဲ့တွေကို ယာယီရပ်ဆိုင်းထားတဲ့ဟာကို ဆက်ပြီးတော့ အတည် ပြုလိုက်တယ်။ သူတို့ဟာ ယာယီရပ်ဆိုင်းထားတဲ့ အနေအထားမှာဘဲရှိမှာပေါ့။ လစ်လပ်သွားတဲ့ တွဲဖက် အတွင်းရေးမှူး ၂ ဦးကို ဒီပွဲမှာပဲ ဒီမနက် ရွေးချယ်လိုက်ပြီ”ဟု သတင်းထောက်များကို ပြောသည်။

လစ်လပ်သွားသော UNFC တွဲဖက်အတွင်းရေးမှူး (၁) နေရာတွင် ရခိုင်အမျိုးသားကောင်စီ (ANC) မှ ဦးထွန်းဇော်အား ရွေးချယ်ခဲ့ပြီး တွဲဖက်အတွင်းရေးမှူး (၂) အဖြစ် TNLA မှ တာပန်လ ကို ရွေးချယ် တာဝန်ပေးအပ်လိုက်ကြောင်း သိရသည်။

PNLO နှင့် CNF တို့သည် ယခင်က UNFC တပ်ပေါင်းစု အဖွဲ့ဝင်များဖြစ်ကြသည်။ သို့သော်လည်း တခြား လက်နက်ကိုင် ၆ ဖွဲ့နှင့် အတူ အစိုးရနှင့် NCA ကို အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

ယင်းသို့ ပြုလုပ်ခဲ့သော လုပ်ရပ်သည် UNFC တပ်ပေါင်းစု၏ အားလုံးပါဝင်ရေးမူ အပေါ်တွင်ရပ်တည်ကြရန် နှင့် အားလုံးနှင့် တပြိုင် တည်း မပါဝင်နိုင်သေးသည့် အဖွဲ့များကို အာမခံချက်ရရှိရန် စသည့် သဘောထားများကို ကျောခိုင်းလုပ်ဆောင်ခဲ့သဖြင့် PNLO နှင့် CNF တို့ကို အဖွဲ့မှ ယာယီရပ်ဆိုင်းရန် UNFC အဖွဲ့ဝင်များက သဘောထားပေးခဲ့ကြခြင်းဖြစ်သည်ဟု ခူးဦးရယ်က ပြောသည်။

ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသော UNFC အဖွဲ့ဝင် အားလုံးသည် အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်မထိုးရသေးသော အဖွဲ့များဖြစ်ကြသည်။

UNFC ၏ ရှေ့လုပ်ငန်းစဉ်များထဲတွင် နောက်တက်လာမည် NLD အစိုးရလက်ထက်တွင် ဆက်လက် လုပ်ဆောင်ရမည့် နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဆိုင်ရာများ ပါဝင်သကဲ့သို့ NCA လက်မှတ်ထိုးခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်သွားရန်လည်း ပါဝင်ကြောင်း သိရသည်။

UNFC သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ ဖြင့် ၂၀၁၀ ပြည့်နှစ်တွင် ဖွဲ့စည်းခဲ့ပြီး လက်ရှိ၌ အဖွဲ့ဝင် ၉ ဖွဲ့ ရှိသည်။

ယင်း ၉ ဖွဲ့မှာ ကချင် လွတ်လပ်ရေး အဖွဲ့(KIO) ၊ KNPP ၊ (SSPP/SSA)၊ NMSP၊ MNDAA ကိုးကန့်တပ်ဖွဲ့၊ TNLA ၊ ANC ၊ LDU နှင့် WNO ဖြစ်ကြသည်။

ခင်ဦးသာနှင့် ကျော်ခ ပူးပေါင်းရေးသားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading