စစ်အစိုးရလက်ထက် မတရားပြုကျင့်မှု မှန်သမျှကို နိုင်ငံရေးခံယူချက်ဖြင့် ဆန့်ကျင်တော်လှန်ခဲ့သူ၊ မြန်မာပြည် တနံ တလျားက တရားမျှတမှုမရှိသည့် ကိစ္စတိုင်းအတွက် အမှန်တရားဘက်က ရပ်တည်ပေးခဲ့သူ၊ စစ်မှန်သည့် ဒီမိုကရေစီ ရရှိရေးအတွက် လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ ကျော် ကာလကတည်းက ယနေ့အချိန်ထိ စစ်အာဏာရှင်စနစ်ကို တွန်းလှန် ခဲ့သူတဦး ရှိသည်။
စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်တွင် နိုင်ငံရေးခံ ယူချက် ပြင်းထန်သည့်သူ့ကို ဆေးကျောင်းသား တဦးဘဝမှ ထုတ်ပယ်ခဲ့ပြီး ဖမ်းဆီးချုပ်နှောင်ထားခြင်း၊ နှစ်ရှည် ထောင်ချခြင်းနှင့် စောင့်ကြည့်ခြင်းများ အာဏာပိုင်များက လုပ်ဆောင် ခဲ့သည်။
သို့သော် သူသည် စိတ်ဓာတ်မကျခဲ့ဘဲ စစ်အစိုးရ၏ တားဆီးပိတ်ပင်မှုများကြားမှ အဝေးသင် တက္ကသိုလ်တက်ရင်း ရှေ့နေ စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ရာမှ တရားလွှတ်တော်ရှေ့နေတဦး ဖြစ်လာအောင် ကြိုးစားနိုင်ခဲ့သူလည်း ဖြစ်သည်။ သူသည် ယခုအခါ အသက်အရွယ် ၆၃ နှစ် ရှိပြီဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးပင် ဖြစ်သည်။
တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးသည် လက်ရှိတွင် မြန်မာနိုင်ငံရှေ့နေများကွန်ရက်၏ အတွင်းရေးမှူး(ယာယီ) တာဝန်ယူထားပြီး အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ဆန္ဒပြမှုဖြင့် ဖမ်းဆီးခံထားရသည့် ကျောင်းသားများအရေး၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအရေး၊ လယ်သမား၊ အလုပ်သမားအရေးစသည့် အစိုးရ၏ မတရား ဖမ်းဆီးခဲ့သော အမှုများတွင် ပြည်သူများဘက်မှနေ၍ အခမဲ့ကူညီပေးလျက် ရှိသည်။
“မှိုင်းရာပြည့် အရေးတော်ပုံမှာ တနိုင်ငံလုံးက တက္ကသိုလ်တွေ သပိတ်မှောက်ကြတယ်လေ။ အဲဒီတုန်းက စီစဉ်ရေး ကော်မတီထဲမှာဦးဆောင်လို့ ဦးနေဝင်းက ၅ (ည) ပုဒ်မနဲ့ ထောင် ၇ နှစ် ချတယ်။ နောက်တော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်တယ်။ ၁၉၉၀ မှာ တခါပြန် အဖမ်းခံရတယ်။ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၄ နှစ် ကျတယ်။ အဲဒီကာလ တလျှောက်လုံး အိုးဘိုထောင်မှာ တိုက်ပိတ်ခံခ့ဲရတယ်။ ၂၀၀၁ မှာ ပြန်လွတ်လာတယ်” ဟု ဦးသိန်းသန်းဦးက ဧရာဝတီကို ပြောသည်။
ထိုအချိန်က ဗိုလ်ချုပ်ကြီးခင်ညွန့်၏ ထောက်လှမ်းရေးတပ်ဖွဲ့များ အာဏာရ ကြီးစိုးနေသည့် အချိန်ဖြစ်သည့် အားလျော်စွာ နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများကို စောင့်ကြည့်ခြင်းနှင့် ဖမ်းဆီးထောင်ချခြင်းများ အများဆုံး လုပ်ဆောင်ခံရသည့်ကာလ ဖြစ်သည်။
“ကျနော်အပါအဝင် လွတ်လာတဲ့ရှေ့နေတွေကို ထောက်လှမ်းရေးတွေက နိုင်ငံရေး ဆက်မလုပ်ပါဘူးဆိုတဲ့ အသနားခံစာ တင်ခိုင်း တယ်။ ဘယ်သူကမှ အသနားခံစာ မတင်တော့ ရှေ့နေလိုင်စင် သိမ်းပစ်လိုက်တယ်။ အကြောင်းပြချက်ကတော့ နိုင်ငံရေး ပုဒ်မနဲ့ အပြစ်ပေးခံလို့ သိမ်းတယ်လို့ ပြောတယ်။ ၂၀၀၇ ကျတော့ ရွှေဝါရောင်တော်လှန်ရေးမှာပါလို့ ၂၁ ရက် ကြာ ထိန်းသိမ်းခံခဲ့ရသေးတယ်”ဟု ဦးသိန်းသန်းဦးက ရှင်းပြသည်။
ဦးသိန်းသန်းဦးသည် ဗမာပြည်ကွန်မြူနစ်ပါတီ၊ အမျိုးသား နိုင်ငံရေးတပ်ပေါင်းစု (နပတ)နှင့် အမျိုးသား အကျိုးစီးပွား ကာကွယ်စောင့်ရှောက်မှု ကော်မတီများတွင် အတွင်းရေးမှူးအဖြစ် ပါဝင်ခဲ့သူလည်း ဖြစ်သည်။
ထို့နည်းတူ သခင်ကိုယ်တော်မှိုင်းရာပြည့် လှုပ်ရှားမှု၊ ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှုနှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လှုပ်ရှားမှုစသည့် နိုင်ငံရေးလှုပ်ရှားမှုများတွင် ဆက်တိုက်ပါဝင်ခဲ့ကာ ယခင်က ဒီလှိုင်း၊ မော်ကွန်း သစ် စသည့် ဂျာနယ်များထုတ်ဝေကာ စာပေများ ရေးသားခဲ့သည်။
နိုင်ငံတကာအထိ ပျံ့နှံ့ခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကြမ်းဖက်မှု ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့က သံဃာတော်များကို ဖြိုခွင်းရာ၌ အသုံးပြုခဲ့သည်မှာ မီးစုန်းဖြူပါဝင်သည့် မီးလောင်ဗုံးများဖြစ်ကြောင်း နိုင်ငံတကာ ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီး ပြည်သူလူထုသို့ သက်သေများနှင့်တကွ ဖွင့်ချခဲ့သူလည်း ဖြစ်သည်။
“ရှေ့နေလိုင်စင် သိမ်းခံရပြီးနောက်ပိုင်း ၂၀၁၂ မှာ လိုင်စင် ပြန်ရတယ်။ အဲဒီအချိန်ကစပြီး အလုပ်သမား၊ လယ်သမား တက်ကြွလှုပ်ရှားသူများ၊ ဘာသာရေး လူနည်းစုနဲ့ တိုင်းရင်းသား လူနည်းစုတွေအပေါ် စစ်အစိုးရက ကျုးလွန်တဲ့ အမှုတွေမှာ ဥပဒေ အထောက်အကူပြုအဖြစ် လိုက်ပါဆောင်ရွက်ပေးခဲ့တာ ယနေ့အထိပဲ” ဟု ဦးသိန်းသန်းဦးက ဆိုသည်။
ရှေ့နေလိုင်စင် ပြန်လည်ရရှိရေးအတွက် ဦးသိန်းသန်းဦး အပါအဝင် ဘဝတူရှေ့နေများ စုပေါင်းပြီး လိုင်စင် သိမ်းဆည်းခံရမှုသည် တရားမျှတမှု မရှိဟုဆိုကာ ၂၀၁၁ ခုနှစ်တွင် ရန်ကုန်မြို့၌ သတင်းစာ ရှင်းလင်းပွဲ လုပ်ဆောင်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်တွင် ရှေ့နေလိုင်စင် ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။
သမ္မတဦးသိန်းစိန် လက်ထက်တွင် လူ့အခွင့်အရေးနှင့် ပတ်သက်၍ လွတ်လပ်ခြင်းနှင့် တရားမျှတမှုများ ရှိလာပြီဟု အစိုးရ အသိုင်းအဝိုင်းက ယနေ့အချိန်ထိ ကြွေးကြော်နေဆဲ ဖြစ်သော်လည်း လူနည်းစု အခွင့်အရေး၊ ပညာရေးဥပဒေ ပြင်ဆင်ရေး ဆန္ဒပြမှုများကြောင့် ရက်ရှည်လများ ထောင်သွင်းအကျဉ်းကျနေသည့် ကျောင်းသားများ၊ ပုဒ်မမျိုးစုံဖြင့် ထောင်ကျခံနေရသည့် ပြည်သူ့ဘက်တော်သား တက်ကြွလှုပ်ရှားသူများ၏ အခြေအနေများက အစိုးရက ပြောဆိုနေသည့် လူ့အခွင့်အရေး လွတ်လပ်မျှတခြင်း ရှိမရှိကို သက်သေပြနေသည်။
“သူတို့ပြောပြောနေတဲ့ လူ့အခွင့်အရေးက အယောင်ဆောင် လူ့အခွင့်အရေးကြီးလေ။ စစ်တပိုင်း အစိုးရဆိုတဲ့ စကားကို လက်မခံဘူး။ သမ္မတဦးသိန်းစိန်က အရပ်ဘက်ဝတ်စုံ ဝတ်ထားတဲ့ စစ်သွေးစစ်မာန်နဲ့ အစိုးရသာ ဖြစ်တယ်။ ပြောရရင်တော့ ၂၀၀၈ ဥပဒေက ကျနော်တို့ရဲ့ဒီမိုကရေစီအရေး အမျိးသား သွေးစည်းညီညွှတ်ရေးကို အဟန့်အတား ပြုနေတဲ့ ခံကတုတ်ကြီးပါ ” ဟု ဦးသိန်းသန်းဦးက သုံးသပ်ဝေဖန်သည်။
အသက် ၆၀ ကျော် ရှိနေပြီဖြစ်သည့် ဦးသိန်းသန်းဦးသည် နှလုံးသွေးကြောအားလုံး ပိတ်ဆို့သွားသောကြောင့် ခွဲစိတ် ကုသ မှု ခံယူထားရသူလည်း ဖြစ်သည်။ သို့သော် ရောဂါကြောင့် ကိုယ့်ကိုကိုယ် အနားပေးခြင်း မရှိဘဲ အနယ်နယ် အရပ်ရပ် သို့ သွားလာကာ ပြည်သူများ၏ မတရားခံရမှုများကို ဖြေရှင်းပေးနေဆဲ ဖြစ်သည်။
“ပြည်သူတွေကို ထီးသဖွယ် ဥပဒေထီးရိပ်နဲ့ကာကွယ်ရမယ်လို့ ယုံကြည်တယ်။ ပြည်သူကို အခြေပြုတယ်၊ လစ်ဘရယ် ဒီမိုကရေစီကို သဘောကျတယ်။ ကျနော်သည် ဘယ်နိုင်ငံရေး ပါတီဝင်မှ မဟုတ်ဘူး” ဟု သူ၏ ခံယူချက်၊ သူ့၏ စိတ်နေ စိတ်ထား၊ သူ၏သဘောထားကို ၎င်းက ထပ်မံပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည့် အစိုးရသစ်သည် လူထုအခြေပြုအစိုးရ ဖြစ်လာနိုင်သည့်အတွက် အားရ ကျေနပ်မှုရှိကြောင်း၊ အစိုးရသစ် တက်လာပြီး နောက်ပိုင်းတွင် မတရားပြုကျင့်မှုများ လျော့နည်းသွားနိုင်ပြီး၊ တရားဥပဒေ စိုးမိုးရေးများ ပိုမိုဖြစ်ပေါ်လာနိုင်သည်ဟု ဦးသိန်းသန်းဦးက သုံးသပ်ပြောဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် အစိုးရသစ် လက်ထက်မှာ ကျနော်တို့က ရှေ့နေတွေ ဖြစ်တာကြောင့် လွတ် လပ်ပြီး တရားမျှတမှုရှိတဲ့ တရားစီရင်ရေးဖြစ်အောင် လုပ်မယ်” ဟု ဦးသိန်းသန်းဦးက ပြောဆိုသည်။