ရွေးကောက်ပွဲတွင် ဒီမိုကရေစီလိုလားသော အတိုက်အခံပါတီက မဲအပြတ်အသတ် အနိုင်ရခဲ့ပြီးနောက် အာရှဒေဆိုင်ရာ အမေရိကန် တပ်မှူးက မြန်မာစစ်တပ်နှင့် ပိုမို ရင်းနှီးစွာဆက်ဆံရန် စိတ်အားထက်သန်လျက်ရှိကြောင်း ဒီဇင်ဘာလ ၈ ရက် နေ့တွင် ပြောကြားလိုက်သည်။ သို့သော် အမေရိကန်အစိုးရက မူဝါဒချမှတ်မှုကို စောင့်ရဦးမည်ဖြစ်သည်။
အမေရိကန် ဗိုလ်ချုပ်ကြီး ဗင်းဆင့် ဘရွတ်ခ် (Vincent Brooks) က ဝါရှင်တန်မြို့တွင် စစ်ရေးဆိုင်ရာ သတင်းထောက်များနှင့် တွေ့ဆုံရာ၌ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ စစ်တပ် ခေါင်းဆောင်များကလည်း အမေရိကန်နှင့် မြန်မာနိုင်ငံတို့ကြားတွင် ထိုကဲ့သို့ ဆက်ဆံမှုမျိုး ရှိနေသည်ကို မြင်တွေ့လိုကြသည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
၂၀၁၄ ခုနှစ် အာဆီယံ ကာကွယ်ရေးဝန်ကြီးများနှင့် တွေ့ဆုံခဲ့သည့် အကြောင်းကိုလည်း ပြန်ပြောပြခဲ့သည်။ “တခြားနိုင်ငံက စစ်တပ်အရာရှိတွေက ကျနော့် လက်ကိုဆွဲပြီးတော့ အဲဒီမှာ ရှိနေတဲ့ မြန်မာဗိုလ်ချုပ်ဆီကို ခေါ်သွားတယ်။ အာဆီယံက အမေရိကန်ကို မြန်မာနိုင်ငံနဲ့ ဆက်သွယ်မှု ရှိစေချင်တယ်။ သူတို့ ရှေ့ဆက်သွားနိုင်ဖို့ အကူအညီ ပေးစေချင်တယ်” ဟု ဗိုလ်ချုပ်ကြီး ဗင်းဆင့် ဘရွတ်ခ်က ပြောသည်။
“အခု အချိန်မှာတော့ ကျနော်တို့ကို ခွင့်ပြုပေးထားတဲ့ အတိုင်းအတာ အတွင်းမှာပဲ လုပ်ရပါမယ်” ဟု လတ်တလော ရှိနေသည့် အကန့်အသတ်နှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြီး ဗင်းဆင့် ဘရွတ်ခ်က ဆိုသည်။
မြန်မာ၏ အိမ်နီးချင်း တရုတ်နိုင်ငံ အင်အားကြီးမားလာပြီး ယုံကြည်မှုမြင့်မားလာခြင်းကို တုန့်ပြန်နိုင်ရန် အတွက် အမေရိကန်နိုင်ငံက အာရှ တလွှားတွင် စစ်ဘက်ဆက်ဆံရေးများ တိုးမြှင့်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
ဆယ်စုနှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေး လက်အောက်၌ ရှိနေခဲ့သော မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်၌ အရပ်သားတပိုင်း အစိုးရ တက်လာပြီနောက် အမေရိကန် အစိုးရက အရေးယူပိတ်ဆို့မှုများကို စတင်လျှော့ချခဲ့သော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်ရှိနေမှုအပေါ် အမေရိကန် လွှတ်တော်အမတ်များက စိုးရိမ်မှုများရှိနေသည့်အတွက် စစ်တပ်ချင်း ဆက်ဆံမှုကို လိုအပ်သလောက်သာ အနည်းဆုံး အနေအထားတခုတွင် ဆက်လက်ထိန်းသိမ်းထားစေလိုကြသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်လက ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိခဲ့ခြင်းကြောင့် ရှေ့ဆက်လုပ်ဆောင်ရန်အတွက် အဆင်သင့်ဖြစ်နေရမည့် အကြောင်းတခု ဖြစ်သည်ဟု ဗိုလ်ချုပ်ကြီး ဘရွတ်ခ်က ပြောသည်။
“ဒါပေမယ့် အခုအချိန် အထိတော့ လျှင်လျှင်မြန်မြန် ပြောင်းလဲဖို့ မလုပ်နိုင်သေးဘူး။ ကောင်းမွန်တဲ့ အလားလာရှိတယ် လို့တော့ ကျနော် ထင်ပါတယ်။ အဲဒီအတွက် ချမှတ်ပေးမယ့် မူဝါဒကို ကျနော်တို့ စောင့်ရပါဦးမယ်” ဟု ၎င်းက ဆိုသည်။
ဗိုလ်ချုပ်ကြီး ဘရွတ်ခ်၏ လက်ထောက် ဗိုလ်ချုပ်တယောက်သည် မြန်မာ စစ်သင်တန်းကျောင်းတခုတွင် စကားပြောခွင့်ရခဲ့ပြီး ၎င်းကိုယ်တိုင် တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်မှုများ ပိုမိုပြုလုပ်လိုကြောင်း သိရသည်။
“ဒါက ကျနော် တကယ်လိုချင်တဲ့ ဆက်ဆံရေးပါ။ မြန်မာဗိုလ်ချုပ်တွေနဲ့ ဒီထက်ပိုပြီး တွေ့ဆုံနိုင်ဖို့ ဆိုတာမျိုးကို ခွင့်ပြု ပေးစေချင်တဲ့ ဆန္ဒလည်းရှိပါတယ်” ဟု ဗိုလ်ချုပ်ကြီး ဘရွတ်ခ်က ပြောသည်။
အမေရိကန်နိုင်ငံက အမေရိကန်စစ်တပ်၏ ပရော်ဖက်ရှင်နယ်ပုံစံ ဖြစ်သော အုပ်ချုပ်ရေး၊ မီဒီယာ၊ ပြည်သူ၊ အရပ်သား အစိုးရတို့နှင့် ဆက်ဆံရေးများကို မြန်မာနိုင်ငံသို့ တင်ပို့ပေးနိုင်မည့် အခွင့်အရေးတခုအဖြစ် ရှုမြင်ခဲ့ကြောင်း ဗိုလ်ချုပ်ကြီး ဘရွတ်ခ်က ပြောသည်။
ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သောပါတီ အနိုင်ရပြီးနောက် အထောက်အကူဖြစ်စေရန် အားထုတ်မှု တခုတနေဖြင့် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး ကန့်သတ်မှုများကို ယာယီ ပယ်ဖျက်လိုက်ကြောင်း ဒီဇင်ဘာလ ၇ ရက်နေ့တွင် အမေရိကန် တာဝန်ရှိသူများက ပြောသည်။
မြန်မာ စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ မှတ်တမ်းများနှင့် ပတ်သက်သော အမေရိကန်နိုင်ငံ၏ စိုးရိမ် ပူပန်မှုများသည် ပြီးခဲ့သော အပတ်က ရှမ်းပြည်နယ်အတွင်း အစိုးရ စစ်တပ်မှ ရက်စက်စွာ ပြုမူခဲ့သည့်အကြောင်း အစီရင်ခံစာများကြောင့် ပြန်လည်မြင့်တက်လာခဲ့ရသည်။ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တောင်းဆိုခဲ့သည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော David Brunnstrom/Reuters ၏ US General Says Eager for Burma Engagement ကို ဘာသာပြန်ဆိုသည်။
ဆက်စပ် ဖတ်ရှုရန်
မြန်မာ-အမေရိကန် စစ်တပ်ချင်း ထိတွေ့ ဆက်ဆံဖို့ အချိန်ကျပြီလား