Human Rights

“ရွယ်ဂျာပျောက်ဆုံးမှု” စုံစမ်းဖော်ထုတ်ထားသည့် ရုပ်သံ ထုတ်လွှင့်မည်

This article has been converted from Zawgyi One to Unicode

ကချင်အမျိုးသမီး ဆွမ်လွတ်ရွယ်ဂျာ ပျောက်ဆုံးတာ ၄ နှစ်ကျော်ကြာတဲ့အချိန်မှာတော့ သူ့ရဲ့ပျောက်ဆုံးမှုကို စုံစမ်း ဖော်ထုတ် မှတ်တမ်းတင် ရိုက်ကူးထားတဲ့ “ရွယ်ဂျာပျောက်ဆုံးမှု” (The Disappearance of Roi Ja) ဆိုတဲ့ မှတ်တမ်း ရုပ်ရှင်တခု ထွက်ပေါ်လာပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်ကို ကနေဒါ ဂျာနယ်လစ်တဦးဖြစ်တဲ့ ကီဗင် မက်ခ်လုဒ် (Mr. Kevin McLeod) က ရိုက်ကူးထားတာ ဖြစ်ပြီး ရွယ်ဂျာ ဖမ်းဆီးခံရဖို့ ဦးတည်စေခဲ့တဲ့ အဖြစ်အပျက်တွေကို ပြန်လည် ဖော်ထုတ်ထားရုံသာမက ဖမ်းဆီးခံရပြီးနောက် ရာသက်ပန် ပျောက်ဆုံးသွားမှု နောက်ကွယ်မှ အကြောင်းအရာ များကိုလည်း မှတ်တမ်းရုပ်ရှင်မှာ တင်ပြထားတာ တွေ့ရပါတယ်။

ရွယ်ဂျာပျောက်ဆုံးမှု မှတ်တမ်းရုပ်ရှင်ကို ရိုက်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဒီလို မတရားမှုတွေ ပြုလုပ်တဲ့ သူတွေဟာ အရင်ကလို လွတ်လွတ်လပ်လပ် လုပ်လို့မရတော့ဘူး စောင့်ကြည့်မယ့် သတင်းမီဒီယာတွေ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ ရှိနေပါလားဆိုတာသိပြီး မတရားမှုတွေ လျော့ကျလာနိုင်စေဖို့လို့ မှတ်တမ်းရိုက်ကူးသူ ကီဗင် မက်ခ်လုဒ်က ပြောပါတယ်။

လွယ်ဂျာပျောက်ဆံုံးမှုနဲ့ ဆက်နွယ်တဲ့ သက်သေတွေကို ကီဗင် မက်ခ်လုဒ်က ၂ နှစ်ခန့် အချိန်ယူ တွေ့ဆုံမေးမြန်းခဲ့ပြီး အဲဒီသက်သေတွေထဲမှာ ရွယ်ဂျာအား ဖမ်းဆီးစဉ် ပါဝင်ခဲ့တဲ့ မြန်မာစစ်သည် တဦးလည်းပါဝင်ကြောင်း၊ အဲဒီစစ်သည်ဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သုံ့ပန်း အဖြစ် ဖမ်းဆီးထားသူ ဖြစ်ကြောင်း သိရပါတယ်။

ရွယ်ဂျာပျောက်ဆုံးမှု ကိစ္စနဲ့ ပတ်သက်တဲ့ အစိုးရ သို့မဟုတ် မြန်မာ့တပ်မတော်ဘက်မှ တုံ့ပြန်ရှင်းလင်းချက် ရဖို့ကိုတော့ DVB သတင်းဌာနက အကူအညီပေးခဲ့တယ်လို့ DVB သတင်းဌာန ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီဌာန သို့မဟုတ် ပြန်ကြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရှိသူတဦးကိုကို အင်တာဗျူးရဖို့ DVB သတင်း ဌာနက ပန်ကြားခဲ့တာကို ငြင်းပယ်ခဲ့ပေမယ့် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စာနဲ့တုန့်ပြန်ချက်ကိုတော့ ပြန်ကြားရေး ဝန်ကြီးဌာနကတဆင့် ဧပြီလ ၂၀ ရက်၊ ၂၀၁၅ ခုနှစ် ရက်စွဲနဲ့ ပြန်လည် ပေးပို့လာခဲ့ပါတယ်လို့ သိရပါတယ်။

DVB သတင်းဌာနအနေနဲ့လည်း ယခုမှတ်တမ်း ရုပ်ရှင်အပါအဝင် မတရားခံရမှုများ၊ အကြမ်းဖက်ခံရမှုများ၊ လူကုန်ကူးမှု စတာတွေနဲ့ပတ်သက်တဲ့ Investigative Documentary တွေကို စီးရီးလိုက် ထုတ်လုပ်သွားဖို့ ရှိတယ်လို့ ဦးခင်မောင်ဝင်းက ရှင်းပြပါတယ်။

ရွယ်ဂျာဟာ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်က ကချင်ပြည်နယ် အရှေ့ပိုင်းတနေရာ ယာတောအတွင်း စိုက်ပျိုးရေး လုပ်နေစဉ် မြန်မာ့တပ်မတော်က ဖမ်းဆီးခဲ့ရတယ်လို့ မိသားစုတွေက ယနေ့ထိတိုင် ယုံကြည်ထားကြတာ ဖြစ်ပါတယ်။

“ကျမ သမီးလေးကိုတော့ ဗမာစစ်သားတွေ ရက်ရက်စက်စက် အဓမ္မပြုပြီး သတ်ပစ်လိုက်ကြပြီလားလို့ သွားတွေးမိတာပေါ့ကွယ်” လို့ ရွယ်ဂျာ့မိခင် ထန်မျော်က ပြောပါတယ်။

ရွယ်ဂျာ ပျောက်ဆုံးသွားချိန်က ကျန်ခဲ့တဲ့ နို့စို့အရွယ် သမီးကလေးဟာ အခုအချိန်မှာ ၄ နှစ်ကျော်အရွယ် ရောက်နေပြီဖြစ်ပါတယ်။

ရွယ်ဂျာရဲ့ခင်ပွန်းဖြစ်သူ ဒေါင်းလွဏ်းက “အရမ်းကို ခက်နေတာ။ အမြဲတမ်း သူ့အမေကိုပဲ ခေါ်နေတော့တာ။ ကျနော် လိမ်နေရတာ။ အမေ မုန့်သွားယူတယ်လို့ လိမ်ပြောထားတာ။ အမေ မုန့်သွားယူတာ အခုထိ ရောက်မလာဘူးလားတဲ့။ အဲလိုဖြစ်နေတာ” လို့ ၄ နှစ်ကျော်အရွယ် သမီးလေးရဲ့ အခြေအနေကို ပြောပြပါတယ်။

၂၀၁၂ ခုနှစ်မှာ ဒေါင်းလွဏ်းက ရွယ်ဂျာပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး “ရှေ့တော်သွင်း စာချွန်တော်အမိန့်” ရလိုကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို လျှောက်ထားတိုင်ကြားခဲ့ပေမယ့်လည်း ပလပ်ခံခဲ့တယ်လို့ သိရပါတယ်။

အခုအချိန်မှာတော့ ရွယ်ဂျာ ထာဝရ ပြန်မလာတော့ဘူး ဆိုတာကို သူတို့မိသားစုတွေအားလုံး လက်ခံလိုက်ကြပါပြီ။

“သူနေမကောင်းလို့ သေသွားတယ်ဆိုလည်း သူ့အလောင်းကို လူတွေတွေ့ကြမှာပဲ။ အနည်းဆုံးတော့ ရုပ်ကြွင်းတွေပေါ့။ ဒါပေမယ့် ဘာမှမတွေ့ဘူးလေ။ သေသွားပြီဆိုတဲ့ သတင်းကိုလည်း သူ့ကိုဖမ်းသွားတဲ့ စစ်တပ်က မပြောဘူး။ ဒါဆို သူ့ကို မဟုတ်တာ လုပ်နေလို့ပေါ့။ အဲဒါမျိုးဖြစ်ရပ်တွေဟာ နှစ် ၆၀ ပြည်တွင်းစစ်မှာ တွေ့နေကျ” လို့ ကချင်ငြိမ်း ချမ်းရေးကွန်ရက်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခွန်ဂျာက မှတ်ချက်ပြုပါတယ်။

The Disappearance of Roi Ja (ရွယ်ဂျာပျောက်ဆုံးမှု) အကြောင်း မှတ်တမ်းရုပ်ရှင် (Investigative Documentary) ကို ဒီဇင်ဘာ ၁၁ ရက်၊ သောကြာနေ့၊ ညနေ ၆း၃၀ နာရီမှာ DVB ရုပ်သံကနေ ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။

Loading