ရှမ်းပြည်နယ် တာချီလိတ်ခရိုင် နာဟိုင်းလုံကျေးရွာ မှ ရွာသားတဦးဖြစ်သော ဦးစိုင်းဆမ် အသက် ၅၀ နှစ် သည် အောက်တို ဘာလ ၁၃ ရက်နေ့တွင် စစ်တပ်၏ သေနတ်ဖြင့် ပစ်ခတ်ခံကာ သေဆုံးသွားသည့် ကိစ္စနှင့်ပတ်သတ်ပြီး ကျူးလွန်သူ များကို တရား ဥပဒေ အရ ထိရောက်စွာ အရေး ယူပေးရန် ဒေသခံများက တာဝန်ရှိသူကို တောင်းဆို ထားကြောင်း သိရသည်။
အောက်တိုဘာ ၁၃ရက်နေ့တွင် နာဟိုင်းလုံကျေးရွာ မှ ရွာသား ၁၄ဦးသည် လယ်ယာစိုက်ပျိုးရန် ရေမဆင်းသဖြင့် ရွှေဆက် လက် တူးဖော်နေသည့် လွယ်ခမ်းလုံ ရွှေလုပ်ကွက်ကို သွားရောက်ကြည်ရှု့ပြီး အပြန်တွင် လုပ်ကွက် ၌ လုံခြုံရေး ယူထား သော စစ်သား သည် ရွာသားကို သေနတ်ဖြင့် ပစ်လိုက်သဖြင့် ရွာသား တဦးထိမှန်ကာ သေဆုံးပြီး၊ ရွာသား ၆ဦး ဒဏ်ရာ ရရှိကြောင်း ခဲ့သည်။
ရွှေလုပ်ကွက် တွင် လုံခြုံရေး ယူထားသည့် အစိုးရစစ်တပ်မှ ပစ်ခတ်ခဲ့သည့် လယ်သမား ဦးစိုင်းဆမ် အားဂုဏ်ပြုသည့် အနေဖြင့် ဒီဇင်ဘာ ၇ရက်နေ့တွင် ရှမ်းပြည် တောင်သူလယ်သမားများကွန်ရက်က ဦးစီးပြီး ဒေသခံ ၃၀၀ကျော် တက် ရောက် ခဲ့ကြောင်း ရှမ်းပြည် တောင်သူလယ်သမားများ ကွန်ရက်အဖွဲ့ဝင် စိုင်းထမ်အိုင်က ပြောသည်။
“ သေဆုံးသွားတဲ့ ဦးစိုင်းဆမ် ရဲ့ အကြောင်းကို ပြည်ထောင်စု မြန်မာပြည်သူအများ သိအောင်လုပ်တာပါ။ တရားရုံးက ဆုံးဖြတ် ချက်ကို ကြည့်ပြီး ကျနော်တို့ ဆက်လုပ်သွားမှာပါ။ ကျူးလွန်တဲ့သူတွေကိုလည်း တရားဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့ ဆောင်ရွက်သွားမယ်” ဟု စိုင်းထမ်အိုင်က ဆိုသည်။
သေဆုံးသွားသူသည် နားဟိုင်းလုံကျေးရွာ တွင် လယ်ယာ မြေလုပ်ကိုင်သည့် အသက် ၅၀ ကျော် ဦးစိုင်းဆမ်ဖြစ်ပြီး၊ လွိုင်ခမ်းလုံ ကုမ္ပဏီကို တာဝန်ယူသည့် မိုင်းဖြတ် အခြေစိုက် ခလရ ၃၃၀ မှ စစ်သားများ သေနတ်ဖြင့် ပစ်လိုက်သဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ရှမ်းပြည် တောင်သူလယ်သမားများကွန်ရက် ဒီဇင်ဘာ ၈ ရက်နေ့ထုတ်ပြန်စာတွင် ရေးသားထားသည်။
“ သေမှုသေခင်းနဲ့ပဲ ရဲစခန်းက ဖွင့်ထားတာပါ။ ရဲစခန်းက ၁၁လပိုင်း တုန်းက ဖွင့်ထားတယ် လို့ပြောတယ်။ ဒီဇင်ဘာ ၅ ရက်နေ့က ခရိုင် တရားရုံးကို ပြန်တင်လိုက်လို့ပြောတယ်။ တရားရုံးက နေ သက်သေ တွေ ကိုခေါ်ပြီး စစ်ဆေးမယ် လို့ပြော တယ်။ တရားရုံးဆုံးဖြတ်ချက်ကို ကျမတို့ မကျေနပ်ရင် ပြန်ပြီး တင်ပြလို့ရပါတယ်။အခုတော့ ကျမတို့ကို တရားရုံးက မခေါ် သေးဘူး” ဟု နားဟိုင်းလုံ ကျေးရွာ ဒေသခံ ရွှေတူးဖော်ရေး နှင့်ပတ်သတ်ပြီး လိုက်လံ ကူညီပေးနေသည့် နန်းလာ က ဧရာဝတီသို့ပြောသည်။
ဦးစိုင်းဆမ် သေဆုံးမှုနှင့်ပတ်သတ်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ခရိုင် အုပ်ချုပ်ရေးမှူးတို့မှလာရောက် ကြည့်ရှုခြင်း၊ ဖြေရှင်း ပေးခြင်း ယနေ့ထိ မရှိသေးကြောင်း၊ အစိုးရ တပ်ဘက်မှလည်း မည်သည့် ကိစ္စမှ လာရောက်ကူညီဆောင်ရွက်ပေး ခြင်း မရှိကြောင်း နန်းလာက ပြောသည်။
ရွှေတူးဖော်သည့်စီမံကိန်း ကိုချက်ချင်းရပ်ရန်၊ ပျက်စီးသွားသော လယ်ယာများ အတွက် လျော်ကြေးပေးရန်၊ ရေစီး ရေလာ ပြန်လည် ထိန်းသိမ်းပေးရန် ဒေသခံများက ကုမ္ပဏီကို ထပ်မံတောင်းဆိုကြသည်။
ဒေသခံ ရွာသားများ တင်ပြ တောင်းဆိုမှုကြောင့် ဇူလိုင် ၂၀၁၄ ခုနစ်တွင် ရှမ်းပြည်နယ် အစိုးရ သစ်တော နှင့် သတ္တုတွင်း ဝန်ကြီး ဦးစိုင်းအိုက်ပေါင်း ၏ အမိန့်ဖြင့် ရွှေတူးဖော်ရေ ကုမ္ပဏီ များရွှေတူးဖော်ရေးကို ရပ်ဆိုင်းရန် သဘောတူခဲ့ပြီး၊ သို့သော် တချို့ကုမ္ပဏီများသည် ရပ်ဆိုင်းထားခြင်းမရှိသေးဘဲ ယနေ့ ချိန်ထိ ဆက်လက် တူးဖော်မှုများ ပြုလုပ်နေကြောင်း နားဟိုင်းလုံ ကျေးရွာ မှ ဒေသခံ စိုင်းနွံ ကဧရာဝတီသို့ ပြောသည်။
ရှမ်းပြည်အရှေ့ပိုင်းတွင် ရွှေတူးဖော်ရေး လုပ်ကိုင်နေသည့် ကုမ္ပဏီပေါင်း ၆၃ ခု ရှိပြီး နားဟိုင်းလုံ ဒေသတွင် စိုင်းတစ်၊ စိုင်း စိုက်ပျိုးရေး၊ လွယ်ခမ်းလုံ စသည့် ကုမ္ပဏီများ အပါအဝင် ကုမ္ပဏီ ၁၀ ခုကျော်က ရွှေတူးဖော်ရေး လုပ်ငန်းများကို လုပ်ကိုင် နေကြပြီး လက်ရှိမှာ စိုင်းတစ် ကုမ္ပဏီသည် လုပ်ငန်းခွင် ရပ်စဲထားကြောင်း ဒေသခံများက ဆိုသည်။
ယခင်က ရွှေတူးဖော်မှုလုပ်ငန်းကို တပိုင်တနိုင် လုပ်ဆောင်ခဲ့ပြီး ၂၀၀၇ ခုနစ်မှစတင်၍ ကုမ္ပဏီကြီးများဝင်ရောက်လာပြီး စက်ကြီးများဖြင့် တူးဖော်လုပ်ကိုင် လာကြခြင်းကြောင်း လယ်ယာမြေများနှင့် ချောင်းမြောင်းများ တိမ်ကော ပျက်စီး လာသည် ဟု လည်း ဒေသခံများက ပြောဆိုကြသည်။