ရန်ကုန်မြို့တွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ခုံးကျော်တံတား ၇ စင်း တည်ဆောက်လျက်ရှိရာ နိုင်ငံတော် ဘတ်ဂျက်မှ ကျပ် ၁၃၆.၈၂၉ ဘီလီယံ သုံးစွဲထားကြောင်း သတင်းရရှိသည်။
ယနေ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးတွင် ကျင်းပသည့်“ရန်ကုန်တိုင်းအတွင်းရှိ တည်ဆောက်ဆဲဖြစ်သည့် ခုံးကျော်တံတား ၃ ခုအကြောင်း” သတင်းစာ ရှင်းလင်းပွဲတွင် တိုင်းဒေသကြီး သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ဦးကျော်စိုးက“ခုံးကျော်တံတားတွေ အတွက် သုံးစွဲထားတဲ့ ဘတ်ဂျက်ကို ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေးနှစ် အတွင်းမှာပဲ ပြီးပြတ်အောင် ဆောင်ရွက်သွားမှာပါ”ဟု မီဒီယာများသို့ ပြောသည်။
တည်ဆောက်ပြီးစီး၍ လက်ရှိ အသုံးပြုလျက်ရှိသည့် လှည်းတန်းတံတားအတွက် ကျပ် ၁၄.၄၈၇ ဘီလီယံ၊ ဘုရင့်နောင်တံတား ၂ စင်း ကျပ် ၂၆.၆၆ ဘီလီယံ၊ မြေနီကုန်း တံတား ကျပ် ၁၅.၉၇၁ ဘီလီယံ၊ ရွှေဂုံတိုင် တံတား ၁၇.၄၄၁ ဘီလီယံနှင့် ဆောက်လုပ်ဆဲဖြစ်သည့် ၈မိုင် တံတားအတွက် ကျပ် ၂၅.၈ဘီလီယံ၊ တာမွေ တံတားကျပ် ၂၂.၅ ဘီလီယံ၊ ကုက္ကိုင်းတံတား ကျပ် ၁၃.၉၇ ဘီလီယံဖြင့် အသီးသီး သုံးစွဲထားကြောင်း သိရသည်။
သို့ရာတွင် ဆောက်လုပ်ပြီးသည့် ခုံးကျော်တံတားများအတွက် ပြည်သူ့ဘဏ္ဍာငွေ စာရင်းရှင်းတမ်းကို ယခု အစိုးရသက်တမ်း အတွင်း အသေးစိတ် ထုတ်ပြန်ကြေညာပေးရန် တိုက်တွန်းကြောင်းအဆိုကို ဒီဇင်ဘာ ၂ ရက်က ကျင်းပသည့် တိုင်းလွှတ်တော် အစည်း အဝေးတွင် ဗဟန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း က တင်သွင်းခဲ့သော်လည်း ယင်းအဆိုကို အတည်မပြုခဲ့ပေ။
ဘဏ္ဍာရေး ရှင်းတမ်း စိစစ်ဆဲဖြစ်သည့် Capital Development ကုမ္ပဏီက ဆောက်လုပ်သည့် ရွှေဂုံတိုင်နှင့် မြေနီကုန်း ခုံးကျော်တံတား များအတွက် စာရင်းစစ် အစီရင်ခံစာ ပြီးစီးချိန်တွင် ရန်ကုန်တိုင်း လွှတ်တော်မှတဆင့် ထုတ်ပြန်ပေးမည် ဖြစ်သဖြင့် အဆို ကို အတည် မပြုသင့်ကြောင်း ရန်ကုန်တိုင်းဝန်ကြီး ဦးကျော်စိုးက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာအရ ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းတွင် ကျပ် ၄၀၂ . ၉၅၉ သန်းနှင့် လှည်းတန်း ခုံးကျော် တံတားအတွက် ကျပ် ၉၃.၃၈၁ သန်း ပိုနေသဖြင့် နိုင်ငံတော်သို့ ပြန်လည် ပေးသွင်းခဲ့ရသည်ဟု ဆိုသည်။
ရန်ကုန်တိုင်း အစိုးရသည် ခုံးကျော်တံတား စီမံကိန်းများကို ယာဉ်စီးရေ များပြားလာမှုနှင့်အတူ တိုးမြင့်လာသည့် ယာဉ်ကြော ကြပ် တည်းမှုကို ဖြေရှင်းရန်အတွက် ဆောင်ရွက်ခဲ့သော်လည်း တံတား ၄ စင်း ပြီးစီးချိန်အထိ ယာဉ်ကြောကြပ်တည်းမှု လျော့ကျ သွားခြင်း မရှိသည့်အပေါ် လူအများ၏ ဝေဖန်ပြောဆိုမှုကို ခံနေရသည်။
ယာဉ်ကြောကြပ်တည်းမှုနှင့် ပတ်သက်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒု ရဲမှူးကြီး အောင်ကိုဦးက“ယာဉ်ကြောကြပ်တာတွေကို ဖြေရှင်းဖို့ တံတားတွေကို တည်ဆောက်ခဲ့တာပါ။ ရေရှည်ကို မျှော်တွေးပြီးတော့ တဒင်္ဂကြပ်တည်းမှုကို သည်းခံပေးကြပါ။ အခုလည်း တပ်ဖွဲ့ဝင် အင်းအားလည်း ထပ်တိုးဆောင်ရွက်နေပါတယ်”ဟု သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများသို့ ပြောသည်။
ခုံးကျော်တံတား ၇ စင်းတွင် မြေနီကုန်းတံတား၊ ရွှေဂုံတိုင် တံတားနှင့် ကုက္ကိုင်းတံတား(ဆောက်လုပ်ဆဲ) တို့ကို Capital Development ကုမ္ပဏီ၊ ဘုရင့်နောင်တံတား စီမံကိန်းကို FMI ကုမ္ပဏီ၊ လှည်းတန်းတံတားနှင့် တာမွေ(ဆောက်လုပ်ဆဲ) တံတား စီမံကိန်းတို့ကို ရွှေတောင်ကုမ္ပဏီနှင့် ၈မိုင် ခုံးကျော်တံတား စီမံကိန်းကို Crown Advanced ဆောက်လုပ်ရေး ကုမ္ပဏီတို့က တာဝန်ယူ ဆောက်လုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။