ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)နှင့် ရှမ်းပြည် ပြန်လည် ထူ ထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော်(RCSS/SSA)တို့ကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားလျက်ရှိပြီး နှစ်ဖက် ညှိနှိုင်းရန် အစီအစဉ်မရှိကြောင်း သတင်းရရှိသည်။
TNLA နှင့် RCSS/SSA သည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံနှင့် နမ့်ခမ်းမြို့နယ်အတွင်း နိုဝင်ဘာလ ၂၇ ရက်မှ စ၍ ယနေ့အထိ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း နှစ်ဖက်စလုံးက ဧရာဝတီသို့ ပြောသည်။
TNLA ၏ ဗိုလ်မှူးချုပ် တားဂျုတ်ဂျာက“သူတို့ဘက်က ကျနော်တို့ ပလောင်ဒေသမှာ အခြေစိုက်စခန်းတွေ ချဖို့ အင်အား အလုံးအ ရင်းနဲ့ ဝင်လာတာ ဖြစ်တယ်။ ကျနော်တို့က လက်ရှိစခန်းတွေကို ဆုတ်မှာ မဟုတ်ဘူး။ ညှိနှိုင်းဖို့လည်း မရှိသေးဘူး။ ကျနော်တို့ နေ ရာတွေကနေ ပြန်မောင်းထုတ်ဖို့ပဲ လုပ်မယ်”ဟု ပြောသည်။
RCSS/SSA နှင့် တိုက်ပွဲဖြစ်ပွားနေသည်မှာ TNLA ၏ တပ်မဟာ (၁)နှင့် တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်းများ ဖြစ်ပြီး တခြား TNLA တပ်စခန်း နေရာများသို့လည်း အစိုးရ တပ်မတော်မှ ရှေ့တိုးလာသည့် အနေအထား ရှိသဖြင့် စစ်ရေးအခြေအနေ တင်းမာ နေကြောင်း ဗိုလ်မှူးချုပ် တားဂျုတ်ဂျာက ပြောသည် ။
ဗိုလ်မှူးချုပ် တားဂျုတ်ဂျာက“ကျနော်တို့ နယ်မြေထဲမှာ သူတို့က အခြေချစခန်းတွေ လုပ်ဖို့ စီစဉ်နေတာ တွေ့ရတယ်။ မြန်မာ့ တပ်မတော် အကူအညီလည်း ယူနေတယ်”ဟု ပြောသည်။
RCSS/SSA က TNLA နယ်မြေသို့ ဝင်ရောက်လာသဖြင့် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်ကြောင်း၊ ထို့အပြင် တပ်မတော်နှင့် ပူးပေါင်း၍ စစ်ဆင်ရေး ပြုလုပ်ပြီး TNLA တပ်စခန်းများကို တိုက်ခိုက်နေကြောင်း TNLA ဘက်က ပြောဆိုသည်။
RCSS/SSA ပြောရေးဆိုခွွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလှကမူ“တဖက်သတ် စွပ်စွဲချက်ပါ။ ကျနော်တို့ တပ်မတော်နဲ့ ပူးပေါင်းစစ်ဆင်ရေး လုံး၀ မလုပ်ဘူး။ ဒီလို စီမံချက်တွေ မရှိဘူး။ TNLA ကို တိုက်ဖို့ အစီအစဉ် မရှိသလို TNLA နဲ့ မဟာမိတ်တွေဖြစ်တဲ့ တခြားအဖွဲ့တွေကိုလည်း တိုက်ဖို့က ကျနော်တို့ မူဝါဒ မဟုတ်ဘူး။ တိုက်ပွဲဖြစ်ဖို့ သွားခဲ့တာလည်း မဟုတ်ဘူး။ ကိုယ့်ဌာနေကို ကိုယ်ပြန်တာပါ”ဟု ဧရာဝတီသို့ ပြောသည်။
TNLA နှင့် တိုက်ပွဲဖြစ်ပွားရခြင်းသည်လည်း ၎င်းတို့၏ အမှတ် (၇၀၁) လက်အောက်ခံ တပ်ရင်းများ ဌာနချုပ်သို့ သွား၍ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA)နှင့် ပတ်သက်သည့် သင်တန်းများတက်၍ အပြန် TNLA လှုပ်ရှားနေသည့် နယ်မြေ အနီး ရောက်ရှိစဉ် ခြုံခိုတိုက်ခိုက်ခံရသည်မှ စ၍ တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီး စိုင်းလှက ပြောသည်။
RCSS/SSA သည် အစိုးရနှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်ပြီး TNLA က NCA လက်မှတ် ထိုးထားခြင်း မရှိသေးပေ။
RCSS/SSA နှင့် TNLA သည် NCA စာချုပ် ချုပ်ဆိုသည့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ မတိုင်ခင် အထိ ညီနောင် လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့များအဖြစ် အပြန်အလှန် အကူအညီပေးသည့် ဆက်ဆံရေးရှိခဲ့ပြီး လက်မှတ် ထိုးလိုက်သည့် နောက်ပိုင်းမှသာ ဆက်ဆံရေး မပြေလည်တော့ခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီး စိုင်းလှက ပြောသည် ။
ဗိုလ်မှူးကြီး စိုင်းလှက ၎င်းတို့ အဖွဲ့အစည်း၏ မူဝါဒသည် တန်းတူညီမျှရေးကို အစိုးရထံမှ ညှိနှိုင်းရယူရန် ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချင်းချင်း တိုက်ခိုက်လိုသည့် ရည်ရွယ်ချက် မရှိကြောင်းလည်း ပြောဆိုသည်။
RCSS/SSA က တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲကိစ္စကို စိုးရိမ်သော်လည်း တိုက်ရိုက် ညှိနှိုင်းရန် အစီအစဉ် မရှိသေးဘဲ ၎င်းတို့၏ နှစ်ကုန် ဗဟိုကော်မတီ အစည်းအဝေးတွင် TNLA နှင့် တိုက်ပွဲကိစ္စကို ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ပြီး ထိုအစည်းအဝေး၏ ဆုံးဖြတ်ချက်အတိုင်း ဆက်လက် လုပ်ဆောင်သွားမည်ဟု သိရသည်။
TNLA နှင့် RCSS/SSA သည် အပြန်အလှန် ပစ်ခတ်မှုများ ယခုအထိ ရှိနေဆဲဖြစ်ပြီး နိုဝင်ဘာလ ၂၇ ရက်မှ ယနေ့အထိ တိုက်ပွဲပေါင်း ၁၀ ကြိမ်ကျော် ဖြစ်ပွားပြီး ဖြစ်သည်ဟု ဆိုသည်။
TNLA သည် RCSS/SSA နှင့် တိုက်ပွဲ မဖြစ်ပွားခင်ကလည်း အစိုးရ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။