Ethnic Issues

တိုက်ပွဲများ ရပ်တန့်ရန် တပ်မတော်နှင့် SSPP/SSA သဘောတူ

This article has been converted from Zawgyi One to Unicode

အစိုးရ တပ်မတော်နှင့် ရှမ်းပြည် တပ်မတော်မြောက်ပိုင်း(SSPP/SSA)တို့ကြား တလကျော်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ ရပ်တန့်ပြီး ရှေ့တန်း တပ်စခန်း အသီးသီးမှ ၂ ဖက်စလုံး မူလတပ်စခန်းများသို့ ပြန်ဆုတ်ရန် သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း သတင်း ရရှိသည်။

တိုက်ပွဲများနှင့် ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ(UPWC) ကိုယ်စားလှယ်များ၊ တပ် မတော် ကိုယ်စားလှယ်များနှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း(SSPP/SSA)တို့ ဒီဇင်ဘာ ၇၊ ၈ ရက်နေ့များတွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့ရှိ မြန်မာ့ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဋ္ဌာန(MPC)တွင် နိုဝင်ဘာ ၂၃ရက်နှင့် ၂၄ရက်နေ့ကလည်း တပ်မ တော်နှင့် SSPP/SSA တို့အကြား လက်ရှိ ဖြစ်ပွားလျက်ရှိသော စစ်ရေးပဋိပက္ခများ လျှော့ချ၊ ရပ်ဆိုင်းရေးကို ဦးတည်ဆောင်ရွက် ရန် ဆွေးနွေးခဲ့သကဲ့သို့ SSPP/SSA တပ်ဖွဲ့ဝင်များ အနေဖြင့် မိုင်းနောင်၊ မိုင်းရှုး ကားလမ်း မြောက်ဘက်အခြမ်းတွင် ရွှေ့ပြောင်းနေ ထိုင်ရန်နှင့် မိုင်းနောင်၊ မိုင်းရှုး ကားလမ်း တောင်ဘက်ခြမ်းရှိ ထိပ်တိုက်ရင်ဆိုင်နေသော တပ်မတော် စစ်ကြောင်းများကို ရွှေ့ပြောင်း နေရာချထားရန်လည်း သဘောတူခဲ့ကြသည်။

SSPP/SSA မှ ဗိုလ်မှူး စိုင်းဖုန်းဟန်က“နိုဝင်ဘာ ၂၃ ရက်နေ့ အတိုင်းပဲ SSPP/SSA တပ်က မြောက်ပိုင်းကို ရွှေ့လို့ရှိရင် တိုက်ပွဲတွေ မရှိတော့ဘူး။ အဲဒီလိုပေါ့ စစ်ဆင်ရေးတွေ မလုပ်တော့ဘူး။ အဲဒီလို သဘောပဲ၊ လမ်းမကြီးကနေ ဆုတ်ပေးရမယ်။ သူတို့ကတော့ ကားလမ်း ဘက်ခြမ်းကို ရွှေ့ပေးဖို့ ပြောထားတယ်။ ကျနော်တို့ ထိပ်တိုက်ရင်ဆိုင်ဖြစ်တာတွေ အရင်ရွှေ့မယ်။ အဲဒီလိုမှ ကျနော်တို့ ဒုက္ခသည်တွေ ပြန်လို့ ရမယ်။ အဲဒါကို ဦးစားပေး လုပ်ရမယ်”ဟု ပြောပြသည်။

ရှမ်းပြည်နယ် အတွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် တပ် ၂ ခု ရွှေ့ပြောင်းမည်ကို သဘောတူလိုက်ကြောင်း၊ ယင်းတွေ့ဆုံပွဲ SSPP/SSA ဘက်မှ ဒု ဗိုလ်မှူးကြီး စဝ်ခမ်းသီ၊ စဝ်နော်လိတ်၊ ဗိုလ်ကြီး စိုင်းဆိုင်ဟန်၊ ဗိုလ်မှူး စိုင်းဖုန်းဟန်၊ ဗိုလ်ကြီး စိုင်းသန်းအောင် တို့တက်ရောက်ခဲ့ကြောင်း SSPP ဗဟိုကော်မတီဝင် စဝ်ဆုက ဧရာဝတီသို့ ပြောသည်။

စဝ်ဆုက“လောလောဆယ် တိုက်ပွဲတွေ ရပ်စဲသွားပြီး ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် ဆောင်ရွက်ရမှာပါ။ တိုက်ပွဲပြန်ဖြစ်ဖို့ မဖြစ်ဖို့က ပြောလို့ မရပါဘူး။ အစိုးရတပ်ဘက်က အဓိက ဖြစ်နေတယ်။ ကျနော်တို့က သွားပြီးတော့ ရန်စတာ မရှိစေရပါဘူးလို့ ကျနော်တို့က ကတိပေးလို့ရတယ်။ သူတို့ဘက်လဲ ကတိပေးထားပါတယ်”ဟုလည်း ပြောဆိုသည်။

ထို့အပြင် ဒီဇင်ဘာ ၈ ရက်၊ ၉ ရက်တွင်လည်း တောင်ကြီးမြို့ ရှမ်းပြည်နယ်အတွင်း စစ်ပွဲများရပ်တန့်ရေး အတွက် ရှမ်းလူမှုအဖွဲ့အစည်းများက အလုပ်ရုံ ဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ပြီး စစ်ပွဲများရပ်တန့်ရန် ကောက်ခံထားသည့် လက်မှတ် ၁၀၀၀၀ ကိုလည်း သက်ဆိုင်ရာသို့ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

စစ်ပွဲများ ရပ်တန့်ပြီး စစ်ဘေးရှောင် ဒုက္ခသည်များ နေရပ်ပြန်မည်ဆိုပါက ပြန်လည် ထူထောင်ရေး အခန်းကဏ္ဍတွင် မည်သည့် ကိစ္စများ အရေးကြီးမည်ကို စစ်တမ်းကောက်သွားမည်ဟု ရန်ကုန် ရှမ်းလူငယ်မောင်မယ်များ ဦးဆောင်ကော်မတီ အဖွဲ့ဝင် စိုင်းအောင်မြင့်ဦးက ဧရာဝတီသို့ ပြောသည်။

စိုင်းအောင်မြင့်ဦးက“ပြန်လည်ထူထောင်ရေး နေရာပြန်ချထားရေးကာလ အိမ်ပြန်မယ်ဆိုရင် ပြည်သူတွေ လယ်တွေ မရိတ်သိမ်းနိုင် တော့ စားစရာတွေ မရှိဘူးဆိုတာ စဉ်းစားပေးရမယ်။ ပြီးတော့ မြေမြှုပ်မိုင်းကိစ္စတွေ အန္တရာယ်ရှိနေတယ်။ ဆုံးရှုံးသွားတဲ့ဟာတွေ ပြန်လည် ထူထောင်ဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်။ ကျနော်တို့က အဓိက နိုင်ငံတကာ အဖွဲ့အစည်းတွေကို ချဉ်းကပ်မယ်။ အစိုးရ ပိုင်း ကို ချဉ်းကပ်မယ်”ဟုလည်း ပြောဆိုသည်။

နိုဝင်ဘာ ၂၃ ရက်နေ့မှ စ၍ ယနေ့အထိ တိုက်ပွဲများရပ်ဆိုင်းသွားပြီး တိုက်ပွဲများကြောင့် ယာယီပိတ်ထားရသည့် စာသင်ကျောင်း ၁၇ ကျောင်းကိုလည်း ယခုလအတွင်း ပြန်လည် ဖွင့်လှစ်နိုင်ခဲ့သည်ဟု ဆိုသည်။

အစိုးရတပ်နှင့် SSPP/SSA တို့ကြား တိုက်ပွဲဖြစ်ပွားနေသည့် တလကျော်ကာလအတွင်း ရှမ်းပြည်နယ်အတွင်းရှိ တောင်ကြီး၊ မိုင်းရှူး၊ လဲချား၊ နမ့်စန်၊ လားရှိုး၊ မိုင်းနောင်မြို့နယ်များမှ ထွက်ပြေး တိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင် ဒုက္ခသည် ၁၀၀၀၀ ကျော်ရှိကြောင်း သိရသည်။

Loading