အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယခင်စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အနာဂတ် မြန်မာနိုင်ငံခေါင်းဆောင်အဖြစ် အားလုံးက လက်ခံရမယ်လို့ ဦးသန်းရွှေက ပြောဆိုလိုက်ပြီးတဲ့နောက် တပ်မတော်အနေနဲ့ ဦးသန်းရွှေစကားကို လိုက်နာပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုရဲ့နောက်ကို လိုက်ပါ့မလားဆိုတဲ့ မေးခွန်းတွေထွက်ပေါ်လာပါတယ်။
ဒီဇင်ဘာလ ၄ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးသန်းရွှေတို့ နေပြည်တော်မှာရှိတဲ့ ဦးသန်းရွှေ နေအိမ်မှာ ၂ နာရီကျော်ကြာ တွေ့ဆုံကြောင်း ဦးသန်းရွှေရဲ့ မြေးဖြစ်သူ နေရွှေသွေးအောင်က သူရဲ့ လူမှုကွန်ရက် ဖေ့ဘုတ်စ်စာမျက်နှာမှတဆင့် သတင်းထုတ်ပြန်ပြီးတဲ့နောက် တပ်မတော်အသိုင်းအဝိုင်းနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းမှာ ရိုက်ခတ်မှု ကြီးကြီးမားမားရှိနေပါတယ်။
သူတို့ ၂ ဦး တွေ့ဆုံမှုချိန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထိပ်သီးခေါင်းဆောင်တွေ ပြင်ဦးလွင် ရောက်ရှိနေပြီး ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ ဘာမှမသိရှိခဲ့ဘူးလို့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေက ဧရာဝတီကို ပြောဆိုခဲ့ပါတယ်။
တပ်မတော် သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်း ဆောင်ဗိုလ်ချုပ်တဦးကတော့ ဦးသန်းရွှေဟာ အငြိမ်းစား ဝန်ထမ်းတဦး ဖြစ်ပြီး တပ်မတော်နဲ့ မပတ်သက်တော့ဘူးဆိုပြီး ဧရာဝတီကို ပြောဆိုခဲ့ပါတယ်။ ဒီဖြေဆိုချက်ကြောင့်ပဲ ဦးသန်းရွှေရဲ့ စကားက တပ်မတော်အပေါ် သက်ရောက်မှုမရှိတော့ဘူးလားဆိုပြီး မေးခွန်းထုတ်မှုတွေ ဖြစ်ပေါ်လာ ဖြစ်ပါတယ်။
တပ်မတော်အနေနဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတိုင်းပဲ လိုက်နာပြီး ဦးသန်းရွှေရဲ့ အမှာစကားကို လျစ်လျူရှုတော့မလား ဆိုတာကို နိုင်ငံရေးအသိုင်းအဝိုင်းက စိတ်ဝင်စားနေကြပါတယ်။
တွေ့ဆုံမှုနဲ့ ဦးရွှေမန်းအခန်းကဏ္ဍ
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြားမှာ တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာအောင် အဓိက ညှိနှိုင်းစေ့စပ်ပေးခဲ့သူက ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းပဲ ဖြစ်ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီရဲ့ဥက္ကဋ္ဌအဖြစ်ကနေ ရာထူးချခံလိုက်ရပြီး တပ်မတော်ရဲ့ အမြင်မကြည်လင်မှု ခံနေရတဲ့ သူရဦးရွှေမန်းရဲ့ အခန်းကဏ္ဍက ရွေးကောက်ပွဲ ရှုံးနိမ့်သွားပြီးတဲ့နောက် ပြီးဆုံးသွားပြီလို့ တွက်ချက်ထားမှုတွေ ကြားကနေ ဦးရွှေမန်းရဲ့အခန်းကဏ္ဍ ပြန်လည်မြင့်တက်လာပါတယ်။
၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း တပ်မတော်က သမ္မတဦးသိန်းစိန်အစိုးရဘက်ကနေ ရပ်တည်ပေးခဲ့ပြီး ဦးရွှေမန်းနဲ့ ဦးသိန်းစိန် အကွဲအပြဲကြားမှာ ဦးရွှေမန်းကို တပ်မတော်ဘက်က အမြင်လုံးဝမကြည်လင်ခဲ့ပါဘူး။ တပ်မတော်ရဲ့ထောက်ခံမှုမရှိတဲ့ သူရ ဦးရွှေမန်းဟာ ဩဂုတ်လ ၁၂ ရက်နေ့ သန်းခေါင်ယံ အာဏာသိမ်းပွဲမှာ အကြီးအကျယ် အရေးနိမ့်ခဲ့ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် ကာလတလျှောက်လုံးလည်း ဦးရွှေမန်းဟာ ကြံ့ခိုင်ရေးပါတီမှာ သာမန်ပါတီဝင်တယောက်အနေနဲ့ပဲ ရပ်တည်ခဲ့ရပြီး နိုဝင်ဘာလ ၈ ရက်နေ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတယ်။
နိုင်ငံရေးအရ အရေးနိမ့်သွားခဲ့ပြီလို့ အားလုံးက ထင်မြင်ခဲ့ကြတဲ့ ဦးရွှေမန်းဟာ ဒေါ်အောင်ဆန်းစု ကြည်နဲ့ လွှတ်တော်တွင်းမှာ အကြိမ်ပေါင်းများစွာတွေ့ဆုံလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကြားမှာ သံတမန်အဖြစ် တိတ်တဆိတ်ဆောင်ရွက်ရင်း တွေ့ဆုံမှုဖြစ်အောင် စတင်လုပ်ဆောင်ခဲ့ပါတယ်။
နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ဦးသန်းရွှေမြေး နေရွှေသွေးအောင်နဲ့ ဒေါ်အောင်ဆန်းစုကြည် ကနဦး တွေ့ဆုံစေခဲ့ပြီး ဒီဇင်ဘာလ ၄ ရက်နေ့မှာတော့ ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှု ဖြစ်ပေါ်စေခဲ့ပါတယ်။ တွေ့ဆုံမှုပြီးတာနဲ့ တပြိုင်နက်တည်း ဦးရွှေမန်းက လူတစု အကျိုး၊ အမျိုးသား အကျိုးအတွက် ပူးပေါင်းဆောင်ရွက်ချိန်တန်ပြီဆိုတဲ့ သတင်းထုတ်ပြန်ချက်တခုကို သူရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ထုတ်ပြန်ခဲ့ပါတယ်။
ဦးရွှေမန်းရဲ့ ကြားဝင်စေ့စပ်မှုကို သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ တပ်မတော်ဘက်က မျှော်လင့်ထားပုံမရတဲ့အပြင် ဦးသန်းရွှေရဲ့ နိုင်ငံရဲ့ အနာဂါတ်ခေါင်းဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံရမယ်လို့ဆိုတဲ့ အမှာစကားကိုလည်း တပ်မတော်အနေနဲ့ လိုက်နာရမယ့် အခြေအနေရှိတယ်လို့ ဝါရင့်နိုင်ငံရေးသမားတချို့က သုံးသပ်ပါတယ်။
“ဦးသန်းရွှေသည် တပ်မတော်ရဲ့ အကြီးအကဲ ဖြစ်ခဲ့တယ်။ ဒီနေ့ တာဝန်ထမ်းဆောင်နေတဲ့ တပ်ချုပ်တို့၊ သမ္မတ ဦးသိန်းစိန်တို့ဆိုတာ သူစီမံခန့်ခွဲ နေရာချခဲ့တာ။ ဒါကြောင့် သူရဲ့ဩဇာက ကြီးမားတယ်။ ဒါကြောင့် သူရဲ့စကားက တပ်မတော်အပေါ်မှာ သက်ရောက်မှုကြီးတယ်။ တပ်မတော် ခေါင်းဆောင်တွေအနေနဲ့ ဦးသန်းရွှေအမှာစကားကို လက်ခံလိမ့်မယ်လို့ ယူဆပါတယ်” လို့ ဒီမိုကရက်တစ် ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။
သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည် နောက်မှာ ခိုင်ခိုင်မာမာရပ်တည်နေတာမို့ တပ်မ တော်အနေနဲ့ ဦးရွှေမန်းအပေါ် အမြင်မကြည်လင်မှုတွေ မဖျောက်ဖျက်နိုင်ဘူးဆိုရင်တော့ ဦးရွှေမန်း စေ့စပ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ တွေ့ဆုံမှုမှ ထွက်ပေါ်လာတဲ့ ဦးသန်းရွှေရဲ့ နှုတ်ထွက်အမှာစကားကိုလည်း တပ်မတော်က လိုက်နာမှာမဟုတ်ဘူးလို့ သုံးသပ်သူတွေလည်း လည်းရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဒ်မ ၅၉ (စ)
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ အမှာ စကားဖြစ်တဲ့ “အနာဂတ်မြန်မာနိုင်ငံခေါင်းဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို အားလုံးက လက်ခံရမယ်” ဆိုတဲ့ စကားအရ ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ တားဆီးနေတဲ့ ၂၀ဝ၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ရမှာဖြစ်ပါတယ်။
နိုင်ငံခြားသား သား ၂ ဦး ရှိနေတဲ့ ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ သမ္မတအရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) နဲ့ငြိစွန်းနေပါတယ်။ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ဆိုရင်တော့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တဲ့အခါ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထောက်ခံချက်မပါဘဲ ပုဒ်မ ၅၉ (စ) ပြင်ဆင်နိုင်ဖို့ မလွယ်ပါဘူး။
NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမယ့် အခြေအနေကောင်းတွေရှိနေတယ်လို့ သုံးသပ်ပါတယ်။
“တွေ့ဆုံဆွေးနွေးမှု အခြေအနေတွေကို ကြည့်ရင် အခြေအနေတွေက အကောင်းဘက်ကိုပဲ အများကြီး သွားနေတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ တားဆီးနေတဲ့ အတားအဆီးတွေကလည်း ဒီအတောအတွင်းမှာပဲ ပျောက်သွားမယ်လို့ မျှော်လင့်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ ဒေါ်ဖြူဖြူသင်းက ဆိုပါတယ်။
NLD ဗဟိုအလုပ်အမှုဆောင် ဦးညီပုကတော့ သိပ်မကြာခင် ပုဒ်မ ၅၉ (စ) ပြင်ဆင်ပေးလိမ့်မယ်လို့ ဆိုပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ဖို့ အတား အဆီးဖြစ်နေတဲ့ ပုဒ်မ ၅၉ (စ) မကြာခင် ပြင်လိမ့်မယ်လို့ ထင်တယ်။ အမြန်ဆုံး လာမယ့်လွှတ်တော်သက်တမ်းမှာ ၅၉(စ) ပြင်တော့မယ်လို့ထင်ပါတယ်။ အဲဒါကတော့ လုပ်တဲ့လူတွေအပေါ် မူတည်တယ်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရသစ်မှာ သမ္မတဖြစ်လာမယ်လို့ ထင်ပါတယ်” လို့ ဦးညီပုက ပြောပါတယ်။
နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ချက်ချင်းကြီး သမ္မတ ဖြစ်မလာရင်တောင် NLD အစိုးရနဲ့ NLD တင်မြှောက်တဲ့ သမ္မတသစ်ပေါ်ပေါက်လာပြီး ၂၀၁၆ ခုနှစ်မှ ၂၀၂၀ အတွင်း ပုဒ်မ ၅၉ (စ) ပြင်ဆင်လို့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာနိုင်ခြေရှိသလို ပုဒ်မ ၅၉ (စ) မပြင်ဆင်ဘဲ သမ္မတ လုပ်ခွင့်ရအောင် တပ်မတော်ဘက်က ညှိနှိုင်းလုပ်ဆောင်ပေးနိုင်ခြေရှိတယ်လို့ သုံးသပ်ကြပါတယ်။
မဏ္ဍိုင်သစ်များနဲ့ တပ်မတော်ဝန်ကြီးဌာန ၃ ခု
၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ NLD အစိုးရသစ်မှာ အရပ်ဘက်ဝန်ကြီးဌာနတွေကို NLD သမ္မတက ခန့်အပ်ရမှာဖြစ်ပြီး နိုင်ငံအုပ်ချုပ်ရေးရဲ့ အဓိကကျတဲ့ လုံခြုံရေးဝန်ကြီးဌာနတွေဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတွေမှာ တပ်မတော်သား ဗိုလ်ချုပ်ကြီးတွေကိုပဲ ခန့်အပ်တာဝန်ပေးရမှာ ဖြစ်ပါတယ်။
တပ်မတော်ရယူထားတဲ့ ဝန်ကြီးဌာန ၃ ခုရဲ့ ဝန်ကြီးနေရာအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်သားတွေကို အဆိုပြုရမှာဖြစ်ပြီး တပ်ချုပ်အဆို ပြုတဲ့ တပ်မတော်သားတွေကို NLD သမ္မတက စိစစ်အတည်ပြုလက်ခံပေးရမှာ ဖြစ်ပါတယ်။ တပ်မတော်က ထိန်းချုပ်ထားတဲ့ ဝန်ကြီးဌာန ၃ ခုက အုပ်ချုပ်ရေးမှာ အရေးကြီးဆုံးဖြစ်ပြီး အဲဒီဌာန တွေက NLD သမ္မတရဲ့ အမိန့်နဲ့ညွှန်ကြားချက်တွေကို မလိုက်နာရင်တော့ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အခက်အခဲ ပြဿနာတွေ တောက်လျှောက်ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။
ဒါ့အပြင် မတရားအသင်းဥပဒေ ပုဒ်မ ၁၇ (က)၊ နိုင်ငံရေးသမားတွေကို အဓိက ဖမ်းဆီးတဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၅ (ည) ၊ ဆက်သွယ်ရေးဥပဒေ ၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဥပဒေ ပုဒ်မ ၁၈ အပါအဝင် နိုင်ငံရေးသမားတွေကို အဓိက ဖမ်းဆီးလေ့ရှိတဲ့ ပုဒ်မတွေကို NLD အစိုးရနဲ့ NLD လွှတ်တော်က ပယ်ဖျက်ဖို့ကြိုးစားလာရင်လည်း တပ်မတော်အဓိက ထိန်းချုပ်ထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်မ တော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ထိပ်တိုက်တွေ့နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
နိုင်ငံတော်ဘတ်ဂျက် အသုံးပြုရာမှာလည်း တပ်အသုံးစရိတ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန အသုံး စရိတ်တွေ ဖြတ်တောက် လျော့ချတာတွေရှိလာရင်လည်း တပ်မတော်နဲ့ အစိုးရသစ်၊ လွှတ်တော်သစ်ကြားမှာ အဖုအထစ်တွေ သေချာပေါက် ဖြစ်လာမယ်လို့ လွှတ်တော်အမတ်တချို့က ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ် အမှုဆောင် ဦးညီပုက NLD အစိုးရအနေနဲ့ တပ်မတော်နဲ့ အဖုအထစ်ဖြစ်စရာမရှိဘဲ အပြန်အလှန်ညှိနှိုင်းမှု၊ လေးစားမှုတွေနဲ့ အလုပ်လုပ်သွားမယ်လို့ ဆိုပါတယ်။
“ကျနော်တို့ကတော့ တပ်မတော်နဲ့ အဖုအထစ်ဖြစ်စရာမဖြစ်ပါဘူး။ အမျိုးသားပြန်လည်ရင်ကြားစေ့ ရေးနဲ့ အပြန်အလှန် လေးစားမှုတွေနဲ့လုပ်နေကြတယ်ဆိုရင် အခက်အခဲ အဖုအထစ်တွေ ဖြစ်လာစရာမရှိပါဘူး”လို့ ဦးညီပုက ဆိုပါတယ်။
လွှတ်တော်သစ်၊ အစိုးရသစ်နဲ့ ကာ/လုံ
NLD အမတ်အများစုပါဝင်တဲ့ လွှတ်တော် သစ်၊ အစိုးရသစ်ပေါ်ပေါက်ပြီးတာနဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၅ ပုဒ်မ ၂၀၁ အရ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ)ကို သမ္မတက ဦးဆောင် ဖွဲ့စည်းရမှာဖြစ်ပါတယ်။ ကာလုံမှာ အဖွဲ့ဝင် ၁၁ ဦးပါဝင်ပြီး သမ္မတ၊ ဒုတိယသမ္မတ ၂ ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး စုစုပေါင်း ၁၁ ဦး ပါဝင်မှာဖြစ်ပါတယ်။
ကာ/လုံကောင်စီအနေနဲ့ ဘာတွေ လုပ်ဆောင်ရမယ်ဆိုတာ အခြေခံဥပဒေမှာ တိတိကျကျ ပြဋ္ဌာန်း ထားတာမျိုးမရှိပေမယ့် ကာ/လုံရဲ့ ဦးဆောင်သူဖြစ်တဲ့ သမ္မတရဲ့ သဘောတူညီချက်မရှိဘဲ ဘာမှ လုပ်ဆောင်ခွင့်မရနိုင်ပါဘူး။ ဒါပေမယ့်လည်း တချို့သော နိုင်ငံရေးရာနဲ့ လုံခြုံရေးရာကိစ္စတွေ ကာ/လုံမှာ ဆွေးနွေးရင်း မဲခွဲဆုံးဖြတ်ရင်တော့ တပ်မတော်ဘက်က ကာ/လုံအဖွဲ့ဝင် ၆ ဦး ရှိနေတာမို့ တပ်မတော်အနေနဲ့ အားသာချက်တွေရှိပါတယ်။
၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၁ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်မှာ တပ်မတော်အနေနဲ့ ကာ/လုံ ထောက်ခံချက်နဲ့ နိုင်ငံတော်အာဏာကို လွှဲပြောင်းယူနိုင်တယ်ဆိုတာ ပြဋ္ဌာန်းထားပေမယ့် ကာ/လုံရဲ့ ဦးဆောင်သူ နိုင်ငံတော်သမ္မတရဲ့ အာဏာလွှဲပြောင်းတဲ့ သဘောတူညီချက် မရှိရင်တော့ တပ်မတော်အနေနဲ့ ဘယ်လိုမှ အာဏာသိမ်းလို့မရနိုင်ပါဘူး။ ကာ/လုံမှာ သမ္မတက အဓိက အခရာကျတာမို့ သမ္မတရဲ့ သဘောထားမပါဘဲ တပ်မတော်အနေနဲ့ စိတ်ကြိုက် ကာ/လုံကို ခြယ်လှယ်ကြီးစိုးခွင့် မရှိနိုင်ဘူးလို့ နိုင်ငံရေးလေ့လာသူတွေက ဆိုပါတယ်။
ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသန်းရွှေအကြား တွေ့ဆုံဆွေးနွေးမှုတွေကို တိုင်းရင်းသားအင်အားစု အတော်များများက သတိနဲ့ ကြိုဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အာဏာလွှဲပြောင်းဖို့ ဦးသန်းရွှေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ အပေးအယူလုပ် ဆွေးနွေးနေတာကို နားလည်နိုင်ပေမယ့် တပ်မတော်နဲ့ နီးစပ်ပြီး တိုင်းရင်းသားလိုလားတဲ့ ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး မလုပ်နိုင်ဆောင်မှာကို တိုင်းရင်းသားတွေက စိုးရိမ်နေကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး တားဆီးထားတဲ့ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးဟာ NLD အတွက်အရေးကြီးပေမယ့် တိုင်းရင်းသားတွေ အတွက်တော့ ငြိမ်းချမ်းရေးရရှိဖို့ အဓိကကျတဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင် ရေးက ပိုပြီးအဓိကကျတယ်လို့ ဆိုပါတယ်။ ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ တပ်မတော်နဲ့ ယုံကြည်မှု တည်ဆောက်ဖို့အတွက် ပုဒ်မ ၄၃၆ ကို မထိသေး တာ၊ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို လွှတ်တော် တွင်းက ထွက်ခွာဖို့ မလုပ်ဆောင် သေးဘူးဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံးနဲ့ ငြိမ်းချမ်း ရေးရဖို့ မလွယ်ဘူးလို့ တိုင်းရင်းသားတွေက ဆိုပါ တယ်။
မွန်အမျိုးသားပါတီဥက္ကဋ္ဌ နိုင်ငွေသိမ်းကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍ မြှင့်တင်ထားတဲ့ အခြေခံဥပဒေကို မပြင်နိုင်သမျှ ကာလပတ်လုံး တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံးနဲ့ ငြိမ်းချမ်းရေး ရရှိဖို့နဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ထွန်းရေး အလှမ်းဝေးနေဦးမယ်လို့ ဆိုပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လို့လည်း ဘာမှ လုပ်လို့မရဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တပ်မတော်ကသာ နိုင်ငံတော်ကို ဦးဆောင်မယ်လို့ ဆိုထားတယ်။ ပြည်သူတွေ မဲပေးထားတာက နိုင်ငံ ရေးမှာ တပ်မတော်အခန်းကဏ္ဍကို ဖယ်ရှားပြီး ပြုပြင်ပြောင်းလဲချင်လို့။ အဲဒါ အဲဒီလိုမလုပ်နိုင်ဘဲ တပ်မတော်နဲ့ ပူးပေါင်းနေရင် ပြည်သူက ဘယ်လို ဖြစ်မလဲ။ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက စစ် အာဏာရှင်စနစ်ပဲ။ ဒီမိုကရေစီ မဆန်သေးဘူး။ တိုင်းရင်းသားတန်းတူရေးကို မရသေးဘူး။ ငြိမ်းချမ်း ရေး ဆိုတာကို ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လုပ်ဖို့ကို မလွယ်ဘူး။ ဒီဥပဒေနဲ့တော့ ငြိမ်းချမ်းရေး ဖြစ်ဖို့ဆိုတာ စဉ်းစားရခက်ပါတယ်” လို့ဆိုပါတယ်။
ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ဒေါက်တာ မနာမ်တူးဂျာက လတ်တလော နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မီး ချက်ချင်း ငြိမ်းစေဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းစေဖို့ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ကို အရင်ပြင်ဆင်ရမှာ ဖြစ်တဲ့ အပြင် ပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ရင်း တပ်မတော်နဲ့ နီးကပ်ပြီး တိုင်းရင်းသားတွေနဲ့ ဒေါ် အောင်ဆန်းစုကြည် ဝေးကွာသွားမှာကို မလိုလား ဘူးလို့ ဆိုပါတယ်။
“ပုဒ်မ ၄၃၆ ကို အရင်ပြင်ရမယ်။ ဖက်ဒရယ် ပြည်ထောင်စုဖြစ်ဖို့ဆိုရင် ပုဒ်မ ၄၃၆ ပြင်ကို ပြင်ရ မှာပါ့မယ်။ ပုဒ်မ ၄၃၆ မပြင်ရင် ဘယ်လိုမှ ငြိမ်းချမ်း ရေး မရနိုင်ပါဘူး။ တပ်မတော်နဲ့ သင့်မြတ်အောင် လုပ်ရင်းနဲ့ တိုင်းရင်းသားတွေနဲ့ ဝေးကွာသွားတာမျိုး တော့ မဖြစ်သင့်ပါဘူး။ ပြည်ထောင်စုငြိမ်းချမ်း သာယာဖို့ တိုင်းရင်းသားကို လျစ်လျူရှုလို့မရပါဘူး။ ပူးပေါင်း ဆောင်ရွက်နေတာ ပြန်ပြီး ပျက်မသွားဖို့ လည်း အရေးကြီးပါတယ်။ တိုင်းပြည်ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် လက်တွဲ ဆောင်ရွက်ဖို့ အမြန်ဆုံးလုပ်ဖို့ လိုပါတယ်” လို့ ဒေါက်တာတူးဂျာက သုံးသပ်ပြော ဆိုပါတယ်။
နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ NLD အစိုးရသစ် ပေါ်ပေါက်လာပေမယ့် ငြိမ်းချမ်းရေး ရရှိဖို့တော့ အလှမ်းဝေးနေဦးမယ့်အပြင် ငြိမ်း ချမ်းရေး တိုက်ရိုက်ဆက်စပ်နေတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးကလည်း ကြန့်ကြာဦးမယ်လို့ ဆိုပါ တယ်။
အရေးကြီးဆုံးကတော့ NLD က ရွေးကောက် တင်မြှောက်ထားတဲ့ သမ္မတ ညွှန်ကြားချက်ကို တပ်မတော်က လေးစား လိုက်နာပါ့မလားဆိုတဲ့ အချက်ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ သာဓကအနေနဲ့ သမ္မတဦးသိန်းစိန်အစိုးရက ငြိမ်းချမ်းရေး တွင်တွင်ကျယ်ကျယ် ပြောဆိုနေပေမယ့် တကယ်လက်တွေ့မှာတော့ စစ်မြေမြင်အတွင်း တပ်မတော်နဲ့ တိုင်းရင်းသားတွေ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေပြီး သမ္မတရဲ့စကား အရာမမြောက်ခဲ့ဘူးလို့လို့ လေ့လာသူတွေက ဆိုပါတယ်။
ဦးသန်းရွှေရဲ့ အမှာစကား နဲ့ စိန်ခေါ်မှုများ
၂၀၁၆မှာ ပေါ်ထွန်းလာမယ့် အစိုးရသစ်၊ လွှတ်တော်သစ်တွေမှာ စိန်ခေါ်မှုတွေ မြောက်မြားစွာ ရှိနေတာကတော့ အသေအချာပါပဲ။ အာဏာရှင် စနစ်အောက်မှာ နှစ်ပေါင်း ၅၀ ကျော်ကြာအောင် အမြစ်တွယ်လာခဲ့တဲ့ လာဘ်ပေး လာဘ်ယူမှု၊ အာဏာအလွဲသုံးစားမှု၊ ပြုပြင်ပြောင်းလဲရေး မလုပ်လိုတဲ့ အစိုးရ အုပ်ချုပ်ရေး ယန္တရားကြီးကလည်း အစိုးရသစ် ချမှတ်လိုက်တဲ့ မူဝါဒတွေ အကောင်အထည်ဖော် လိုက်နာပါ့မလားဆိုတာကလည်း မေးခွန်းကြီးတခုဖြစ်နေပါတယ်။
NLD အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖွဲ့ စည်းပုံ ပြင်ဆင်ရေး ၊ တရားဥပဒေစိုးမိုးရေး အပါ အဝင် ပြုပြင်ပြောင်းလဲမှုတွေအတွက် တပ်မတော်နဲ့ အနည်းနဲ့ အများဆိုသလို ထိပ်တိုက်ရင်ဆိုင်မှုတွေ ရှိလာနိုင်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသန်း ရွှေ တွေ့ဆုံနိုင်လိုက်တာ၊ ဦးသန်းရွှေရဲ့ ထောက်ခံမှု ကို ရယူနိုင်လိုက်တာက စိန်ခေါ်မှုတွေကို ကျော်လွှား ဖို့ အင်အားတရပ်လို့ ဆိုပါတယ်။
ဦးသန်းရွှေအနေနဲ့လည်း ဘယ်လောက်အတိုင်း အတာအထိ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ မှု ရှိမလဲ၊ ၂နာရီကျော်ကြာ တွေ့ဆုံခဲ့တဲ့ ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အကြား ဘယ်လိုကတိ တွေ ရှိနေသလဲ၊ ဦးသန်းရွှေအနေနဲ့ သူကိုယ်တိုင် ချမှတ်ခဲ့တဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခွင့်ပြုလိုက်ပြီလား၊ NLD အနေနဲ့ ဘယ်လောက်အတိုင်းအတာအထိ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်မလဲဆိုတာတွေကတော့ အဖြေထွက်ဖို့ ဆက်လက်စောင့်ကြည့်ရမယ့် မေးခွန်းတွေဖြစ်နေပါတယ်။
NLD ဗဟိုအလုပ်အမှုဆောင် ဦးညီပုကတော့ NLD အနေနဲ့ လက်ရှိအခြေအနေကို ကျေနပ်အားရမှု ရှိနေတဲ့အပြင် တွေ့ကြုံလာရမယ့် စိန်ခေါ်မှုတွေ ကျော်လွှားနိုင်မယ်လို့ ယုံကြည်နေပါတယ်။
“ဦးသန်းရွှေနဲ့သာ ပြေလည်မယ်ဆိုရင် တပ်မ တော်က လူတွေနဲ့ မပြေလည်နိုင်စရာ အကြောင်းမရှိပါဘူး” လို့ ဦးညီပုက ပြောဆိုပါတယ်။