ဆက်သွယ်ရေး ဥပဒေဖြင့် တရားစွဲဆိုဖမ်းဆီးခြင်း ခံထားရသည့် ဦးပက်ထရစ်ခွန်ဂျာလီအား ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ လှိုင်မြို့နယ် တရားရုံးတွင် ၆ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးရာသို့ အမေရိကန် သံအမတ်ကြီး ဒဲရစ် မစ်ချယ် လာရောက် တွေ့ဆုံ အားပေး ခဲ့သည်ကို တွေ့ရသည်။
မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ် မစ်ချယ်က ယခုကဲ့သို့ လာရောက်တွေ့ဆုံ အားပေးမှုသည် ဦးပက်ထရစ်ခွန်ဂျာလီအား တရားစွဲဆိုထား သောအမှုသည် နိုင်ငံသားတဦး၏ အခွင့်အရေး ချိုးဖောက်ခံရသကဲ့သို့ ဖြစ်နေသည့်အတွက် သံတမန် အသိုင်း အဝိုင်းက လာရောက် ကူညီအားပေးခြင်းကြောင်း၊ အမေရိကန် သံအမတ်ကြီးအပြင် ဂျာမနီ သံရုံးတာဝန်ခံများကလည်း လာရောက်ကြကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောပြသည်။
ယနေ့ ရုံးချိန်းတွင် ကျန်းမာရေးအာမခံ လျှောက်ထားမှုနှင့်ပတ်သက်ပြီး တရားရုံးက ဆိုင်ရာ ဆရာဝန်တဦးခေါ်ယူရန် ခွင့်ပြုပေးခဲ့ သော် လည်း ဦးပက်ထရစ်ခွန်ဂျာလီအား တရားရှင်လွှတ်ပေးရေး လျှောက်ထားချက်အပေါ် တရားလိုဘက်က ကန့်ကွက်သည့်အတွက် နှစ်ဖက်ကြားနာ စစ်ဆေးဆဲ ဖြစ်သည်ဟု ဦးပက်ထရစ်ခွန်ဂျာလီ ၏ ရှေ့နေ ဦးအယ်လ်ခွန်ရိန်ပန်ကလည်း ပြောသည်။
“တရားရှင်လွတ်ဖို့ လျှောက်တာကိုတော့ လာမယ့် ရုံးချိန်းမှာ အမိန့်ချမယ် ထင်တယ်။ အာမခံ လျှောက်တာလည်း မရသေးပါဘူး”ဟု ဦးအယ်လ်ခွန်ရိန်ပန်က ဆိုသည်။
ဦးပက်ထရစ်ခွန်ဂျာလီသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား သရော်လောင်ပြောင်ထား သည့် ပုံကို လူမှုကွန်ရက် စာမျက်နှာ (Facebook) ပေါ်တွင် ထပ်ဆင့်ဖြန့်ဝေခဲ့သည်ဟုဆိုပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆို ခံထားရခြင်း ဖြစ်သည်။
“ဖေ့စ်ဘုတ်မှာ ရှယ်လို့ ဒီလိုတရားစွဲမယ်ဆို Profile အမှန်နဲ့ သုံးတဲ့သူတွေ အချိန်မရွေး ပါသွားနိုင်ပါတယ်။ အမြင်ကတ်ရင် အကောင့် ကို ဟက်(HacK)လုပ်ပြီးလဲ လုပ်ကြံလို့ ရပါတယ်။ ဒီအတိုင်းဆို လုံခြုံမှု မရှိတော့ပါဘူး”ဟု ဒေါ်ခွန်ဂျာက ဧရာဝတီကို ပြော သည်။
ဦးပက်ထရစ်ခွန်ဂျာလီ ၏ အမှုနှင့်ပတ်သက်ပြီး ၇ ကြိမ်မြောက် ကြားနားစစ်ဆေးရန်အတွက် ရုံးချိန်းကို ဒီဇင်ဘာလ ၁၇ ရက်သို့ ထပ် မံ ချိန်းဆိုလိုက်သည်။
ယခုလပိုင်းများအတွင်း အင်တာနက် စာမျက်နှာပေါ်တွင် သရော်လောင်ပြောင်သည့် စာ၊ ပုံများ ဖြန့်ဝေမှုကြောင့် ဦးပက်ထရစ်ခွန်ဂျာလီ အပါအဝင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မများဖြင့် တရားစွဲဆိုခံရသူ ၄ ဦးအထိ ရှိလာသည်။