နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ သမိုင်းဝင် ရွေးကောက်ပွဲကြီး ပြီးဆုံးသွားပြီးနောက် အစိုးရသစ်တရပ် ပေါ်ထွက်လာဖို့ ရှိနေချိန်မှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူမှုစီးပွား အသွင်ကူးပြောင်းမှုဟာ နောက်ထပ် အဆင့်တခုဆီကို ဦးတည်နေပြီလို့ အများစုက လက်ခံကြပါလိမ့်မယ်။
ဒီလိုအချိန်မှာ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်တွေ အနေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဖွံ့ဖြိုးမှုပုံစံတွေကို ရှာဖွေနေသင့်ပါတယ်။ ဒီနှစ်ပိုင်းတွေမှာ အအောင်မြင်ဆုံး ဖွံ့ဖြိုးမှုပုံစံတွေထဲက တခုကတော့ မကြာသေးမီကမှ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို လက်ခံကျင်းပခဲ့တဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံပဲ ဖြစ်ပါတယ်။ ဆယ်စုနှစ်များစွာ စီးပွားရေးနဲ့ လူမှုရေး ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဖွံ့ဖြိုးမှု အရမ်းနှေးခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံဟာ လက်ရှိအချိန်မှာတော့ အာဆီယံ အဖွဲ့ထဲမှာ စီးပွားရေးဖွံ့ဖြိုးမှု အမြင့်ဆုံးနိုင်ငံ ဖြစ်နေတာပါ။
လူဦးရေ ၁၀၅ သန်း ရှိတဲ့ ဒီသမ္မတနိုင်ငံမှာ မညီမျှမှုတွေဟာ အဓိက ပြဿနာတရပ်အဖြစ် ရှိနေဆဲ ဖြစ်ပေမယ့်လို့ ကျယ်ပြန့့်တဲ့အမြင်နဲ့ ဆောင်ရွက်ခဲ့တဲ့ စီးပွားရေးဆိုင်ရာ အပြောင်းအလဲတွေဟာ ဒီကျွန်းစုနိုင်ငံရဲ့ အံ့အားသင့်ဖွယ်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေကို ပိုမို အားကောင်းစေခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ကိန်းဂဏန်းတွေအရ ၂၀၁၁ ကနေ ၂၀၁၄ အတွင်း ဖိလစ်ပိုင်နိုင်ငံရဲ့ စီးပွားရေးဟာ ပျှမ်းမျှ ၅ ဒသမ ၉၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ တခြားဒေသတွင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုရင်တော့ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့က ၅ ဒသမ ၇ ရာခိုင်နှုန်းစီ တိုးတက်ခဲ့ပြီး စင်ကာပူက ၄ ဒသမ ၂ ရာခိုင်နှုန်းသာ ရှိခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ၂၀၁၃ နဲ့ ၂၀၁၄ အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပျှမ်းမျှ ၈ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့တယ်ဆိုပေမယ့် နိုင်ငံရဲ့ အပြောင်းအလဲဖြစ်စဉ်ဟာ ဒီတိုးတက်မှုနှုန်းကို ဆက်ထိန်းထားနိုင်မလား ဆိုတာကတော့ အချိန်က အဆုံးအဖြတ် ပေးပါလိမ့်မယ်။
တချိန်တည်းမှာပဲ ဖိလစ်ပိုင်နိုင်ငံဟာ တခြားနိုင်ငံတွေကို အမီလိုက်နိုင်ဖို့ အပြင်းအထန် ကြိုးစားနေ ပါတယ်။
နိုင်ငံတွေရဲ့ ပွင်းလင်းမြင်သာမှုနဲ့ အဂတိလိုက်စားမှု အခြေအနေတွေကို လေ့လာတဲ့ Transparency International အဖွဲ့ရဲ့ နိုင်ငံများရဲ့ အဂတိလိုက်စားမှု အညွှန်းကိန်းမှာ ဖိလစ်ပိုင်နိုင်ငံဟာ ၂၀၁၀ ခုနှစ်မှာ အဆင့် ၁၃၄ ရှိခဲ့ရာက ၂၀၁၄ မှာ ၄၉ နေရာခုန်တက်ကာ အဆင့် ၈၅ နေရာကို ရောက်လာပါတယ်။ အလားတူကာလမှာ မြန်မာနိုင်ငံကတော့ အဆင့် ၁၇၆ ကနေ ၂၀ တက်လာပြီး အဆင့် ၁၅၆ နေရာကို ရောက်လာပါတယ်။ အင်ဒိုနီးရှားကတော့ အဆင့် ၁၁၀ ကနေ ၁၀၇ ကို ၃ ဆင့်ပဲ တက်လာတာ တွေ့ရမှာဖြစ်ပြီး ဗီယက်နမ်ကတော့ အဆင့် ၁၁၆ ကနေ ၁၁၉ နေရာကို ၃ နေရာ ကျဆင်းသွားပါတယ်။
ဖိလစ်ပိုင်နိုင်ငံရဲ့ အသွင်ကူးပြောင်းမှုမှာ အဓိကကျခဲ့သူကတော့ ဘန်နစ်နို အကွီနို ၃ (သို့) နွိုင်နွိုင်ပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ မကျင်းပမီ နိုဝင်ဘာလ အစောပိုင်းမှာ ကျနော့်အနေနဲ့ ပျားပန်းခပ်မျှ ဆူညံလှုပ်ရှား နေတဲ့ ဖိလစ်ပိုင်နိုင်ငံ မြို့တော် အလယ်ခေါင်မှာ တည်ရှိတဲ့ ဖိလစ်ပိုင်ပိတောက် သစ်သားတွေနဲ့ အကွက်ဖော် အလှဆင် ဆောက်လုပ်ထားတဲ့ သမိုင်းဝင် သမ္မတအိမ်တော် မလခနန်း နန်းတော်မှာ သမ္မတ ဘန်နစ်နို အကွီနိုနဲ့ တနာရီခွဲကြာ စကားပြောခွင့်ရခဲ့ပါတယ်။
လုပ်ကြံမှုတခုနဲ့ သမ္မတနှစ်ယောက်ကြောင့် လူသိများတဲ့ ဒီ “အကွီနို” ဆိုတဲ့ နာမည်ဟာ အရှေ့တောင် အာရှမှာတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လိုပဲ လေးစားမြတ်နိုးခြင်း ခံရတဲ့ နာမည်ပဲဖြစ်ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူရဲ့ နိုင်ငံရေးအကျိုး မထိခိုက်စေဖို့အတွက် ဒေသခံ တိုင်းရင်းသားတွေနဲ့ ရွှေ့ပြောင်းအခြေချ နေထိုင်သူတွေအကြား ဒေသခံတိုင်းရင်းသားတွေကို ပိုအလေးပေးပြီး မွတ်ဆလင် ဆန့်ကျင်ရေးတွေနဲ့ ပတ်သက်လို့ နုတ်ဆိတ်နေချိန်မှာတော့ အကွီနိုတွေဟာ ဗဟုဝါဒနဲ့ လူနည်းစုအခွင့်အရေး တို့အတွက် အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ၂၀၁၀ မှာ သမ္မတရာထူးအတွက် အကွီနို ယှဉ်ပြိုင်တဲ့ အခါမှာတော့ ဝေဖန်သူအများစုက ဖိလစ်ပိုင် ပြည်သူတွေ အာဏာရှင် မားကို့စ် လက်အောက်က လွတ်မြောက်အောင် လုပ်ဆောင်နေရင်း လုပ်ကြံခံလိုက်ရတဲ့ သူ့အဖေ ဘန်နစ်နို ဂျူနီယာ (နီနွိုင်) နဲ့ မကြာသေးမီက ဆုံးပါးသွားခဲ့တဲ့ သူ့ရဲ့အမေ သမ္မတဟောင်း ကိုရာဇန် အကွီနိုတို့ရဲ့ အရှိန်အဝါနဲ့ အခွင့်ထူးရဖို့ ကြိုးစားနေတဲ့၊ ပေါ့ပေါ့နေတတ်ပြီး အတွေ့အကြုံမရှိတဲ့ နိုင်ငံရေးမင်းသားလေး တပါးလို့ အကွီနိုကို ဝေဖန်စွပ်စွဲခဲ့ကြပါတယ်။
ဒါပေမယ့် ဝေဖန်သူတွေ မှားယွင်းခဲ့ပါတယ်။
အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို ကျင်းပပြီးချိန်နဲ့ သမ္မတသစ်တယောက်ကို ရွေးကောက် တင်မြှောက်ဖို့ နောက် ၆ လနေရင် ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်မီ စပ်ကြားကာလမှာတော့ သမ္မတ အကွီနိုဟာ ယုံကြည်မှု အပြည့်ရှိနေခဲ့ပါတယ်။ အထူးသဖြင့် တိုင်းပြည်ရဲ့ စီးပွားရေးပြန်လည် ဦးမော့လာမှုနဲ့ ပတ်သက်ပြီး သူ့ကို မေးခွန်းမေးတဲ့အခါမှာပါ။
“ဖိလစ်ပိုင် ပြည်သူတွေကို မှန်ကန်တဲ့ ပတ်ဝန်းကျင်တခုသာ ပေးနိုင်ပါစေ။ သူတို့ အောင်မြင်ပါလိမ့်မယ်” လို့ သမ္မတ အကွီနိုက ပြောပါတယ်။ “(ကျနော်တို့ရဲ့ အောင်မြင်မှုဟာ) ကျနော်တို့ ပြည်သူတွေဟာ နိုင်ငံရဲ့ အကောင်းဆုံး အရင်းအမြစ်ပဲ ဖြစ်တယ်ဆိုတဲ့ အဓိကယုံကြည်ချက်ပေါ်မှာ အခြေခံပါတယ်” လို့ အကွီနိုက ပြောပါတယ်။
အလုပ်လက်မဲ့ ဘွဲ့ရတွေ အများကြီး မွေးထုတ်မဲ့အစား သမ္မတ အကွီနိုဟာ ပညာရေးနဲ့ လေ့ကျင့် သင်တန်းပေးမှုတွေကို လုပ်ငန်းလိုအပ်ချက်နဲ့ ကိုက်ညီမှုရှိစေဖို့ ကြိုးပမ်းလုပ်ဆောင်ခဲ့ပါတယ်။
ဒါ့အပြင် သူအနေနဲ့ Conditional Cash Transfer (CCT) လို့ ခေါ်တဲ့ သက်သာချောင်ချိရေး အစီအစဉ်ကိုလည်း တိုးချဲ့ လုပ်ဆောင်ခဲ့ပါတယ်။ CCT ဆိုတာတော့ အစိုးရရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ သူတွေကို ငွေထုတ်ပေးတဲ့ အစီအစဉ်ဖြစ်ပြီး ဒီအစီအစဉ်အောက်မှာ ဆင်းရဲတဲ့ မိသားစုတွေဟာ သူတို့ရဲ့ ကလေးတွေကို ကျောင်းထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သမ္မတ အကွီနိုလက်ထက်မှာ ကျန်းမာရေးဘတ်ဂျက်ဟာ ၃၀၀ ရာခိုင်နှုန်း တိုးမြှင့်ရရှိခဲ့တာပါ။
သူရဲ့အောင်မြင်မှုဟာ စီးပွားရေးနယ်ပယ် တခုတည်းတင် မကပါဘူး။ အကျင့်ပျက် ခြစားမှုကို ပြတ်ပြတ်သားသား တိုက်ဖျက်ခဲ့တာကြောင့်မို့လည်း ထောက်ခံမှု ရရှိခဲ့ပါတယ်။ သူ့အရင် သမ္မတ အာရိုယိုနဲ့ စီနီယာ လွှတ်တော်အမတ် တချို့ကို တရားစွဲဖို့ကို ခွင့်ပြုပေးခဲ့သလို အငြင်းပွားဖွယ် တရားသူကြီးချုပ် ရီနာတိုကော်ရိုနာကို စွပ်စွဲ ပြစ်တင်မှုကိုလည်း ထောက်ခံခဲ့ပါတယ်။ “အခုတော့ အမြင့်ဆုံး ရာထူးကိုရယူထားသူတွေဟာလည်း သူတို့ရဲ့ အပြုအမူအတွက် တာဝန်ယူမှု ရှိရပါတော့မယ်” လို့ အကွီနိုက ပြောပါတယ်။
“ကျနော်တို့ ဒီစကားနဲ့ (အဂတိလိုက်စားမှု တိုက်ဖျက်ရေး) ကို စတင်လုပ်ဆောင်ခဲ့ပါတယ်၊ ခင်ဗျားအနေနဲ့ အဂတိလိုက်စားမှုကို တိုက်ဖျက်နိုင်ရင် ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်မှာ ဖြစ်ပါတယ်။ ခရိုနီတွေက စီးပွားရေး လက်ဝါးကြီးအုပ်သူတွေ ဖြစ်လာတာကို ကျနော်တို့ လက်ခံမှာ မဟုတ်ပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ အဲဒီလိုဆိုရင် ကျနော်တို့ ရှေ့ကို ရောက်တော့မှာ မဟုတ်လို့ပါပဲ။ ကျွန်တော်တို့ တိုးတက်လာမှာ မဟုတ်ဘူး။ ကျနော်တို့ ရပ်တန့် နေလိမ့်မယ်” လို့ အကွီနိုက ပြောပါတယ်။
တကယ်တမ်းမှာတော့ ဖိလစ်ပိုင်ပြည်သူတွေရဲ့ သူတို့အပေါ်သူတို့ အမြင်ပြောင်းလဲမှုဟာ သူရဲ့ အားထုတ်ကြိုးပမ်းမှုကြောင့် ဖြစ်တယ်လို့ သမ္မတ အကွီနိုက ယုံကြည်နေပါတယ်။
“ဖိလစ်ပိုင်ပြည်သူတွေရဲ့ မာန်မာနကို ပြန်လည် အသက်သွင်းပေးနိုင်ခဲ့တာဟာ (ကျနော့်ရဲ့ အကြီးမားဆုံး အောင်မြင်မှုလို့) ကျနော် ထင်ပါတယ်။ ပြည်သူတွေရဲ့ သဘောထားနဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်အပေါ် သူတို့ရဲ့ခံယူချက် အမြင်ဟာ ကျနော်တို့တတွေ (အနာဂတ်မှာ) ဘယ်နေရာမှာ ရှိလိမ့်မလဲဆိုတာ အပေါ်ကို သက်ရောက်မှု ရှိပါလိမ့်မယ်”။
ဒါပေမယ့် ပြဿနာတွေကတော့ ရှိနေဆဲပါ။ အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့အတွက် သုံးစွဲမှုဟာ ဂျီဒီပီရဲ့ ၄ ရာခိုင်နှုန်းသာ ရှိခဲ့တာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တော် မနီလာရဲ့ လျှပ်စစ်မီတာခ နှုန်းထားဟာ အာရှ-ပစိဖိတ်နိုင်ငံတွေထဲမှာ အများဆုံး နှုန်းတခုဖြစ်နေပြီး ယာဉ်ကြော ပိတ်ဆို့မှုကလည်း ဆိုးရွားနေဆဲ ဖြစ်သလို နီနွိုင် အကွီနို နိုင်ငံတကာ လေဆိပ်ကလည်း နိုင်ငံတကာအဆင့်မီ လေဆိပ်တခု ဖြစ်လာဖို့ အတော်ကလေးကို လိုပါသေးတယ်။
ဒါ့အပြင် ဖိလစ်ပိုင်လို “ဘလစ်ဘယန်” လို့ ခေါ်တဲ့ ဖိလစ်ပိုင်ရွှေ့ပြောင်းလုပ်သား အရေအတွက်ဟာ ယခင် ၁၀ သန်းကနေ ၉ ဒသမ ၁ သန်းထိ ကျဆင်းလာခဲ့ပေမယ့်လည်း သမ္မတ အကွီနိုရဲ့ ရွှေ့ပြောင်းလုပ်သား လျှော့ချရေး ရည်မှန်းချက်ဟာ တန့်နေတဲ့ ပုံပေါ်ပါတယ်။
သမ္မတ အကွီနို သမ္မတရာထူးကနေ အနားယူသွားပြီးနောက်မှာ နိုင်ငံရဲ့ စီးပွားရေးပြန်လည် ဦးမော့လာမှုဟာ ဆက်လက် ဖြစ်ပေါ်နိုင်ပါ့မလား ဆိုတာကလည်း စိုးရိမ်ဖွယ် ပြဿနာတရပ်အဖြစ် ရှိနေပါတယ်။ “ကျနော်တို့ ရရှိခဲ့ပြီးသမျှတွေ အားလုံးဟာ လာမယ့် ၆ နှစ်အတွင်း ပြန်ဆုံးရှုံးသွားလိမ့်မလားဆိုတဲ့ စိုးရိမ်စိတ်ကတော့ ကျနော့်ကို ခြောက်လှန့်နေတော့မှာပါပဲ” လို့ သမ္မတ အကွီနိုက ရှင်းပြပါတယ်။
တောင်တရုတ် ပင်လယ်အရေး ကိစ္စနဲ့ ပတ်သက်ပြီးလည်း သူက ပွင့်ပွင့်လင်းလင်း ပြောပြပါတယ်။ လက်ရှိ ဖြစ်ပွားနေတဲ့ ပိုင်နက်အငြင်းပွားမှုဟာ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးနဲ့ ခရီးသွား ဆက်ဆံရေးကိုတော့ ထိခိုက်မှု မရှိခဲ့ပါဘူးလို့ သူကအခိုင်အမာ ပြောပါတယ်။
၂၀၁၁ ခုနှစ်မှာ တရုတ်ကုမ္ပဏီတွေရဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုဟာ အမေရိကန် ဒေါ်လာ သန်း ၆၀၀ ရှိခဲ့ပြီး နှစ်စဉ် ဖိလစ်ပိုင်ခရီးသွား ၈ သိန်းဟာ တရုတ်ပြည်မကြီးကို လည်ပတ်ကြတယ်လို့ သူကပြောပါတယ်။
တောင်တရုတ်ပင်လယ် အရေးနဲ့ ပတ်သက်ပြီး အငြင်းပွားမှုဟာ ဖိလစ်ပိုင်နိုင်ငံနဲ့ တရုတ်နိုင်ငံအကြား နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်မှု တစုံတရာ ရှိလာမှာကို သူ့အနေနဲ့ မလိုလားဘူး ဆိုတာကတော့ ထင်ရှားပါတယ်။
တောင်တရုတ်ပင်လယ် အရေးနဲ့ပတ်သက်ပြီး ကြားဝင်ဆုံးဖြတ်ပေးဖို့ ဖိလစ်ပိုင်နိုင်ငံရဲ့ တောင်းဆိုမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့အခြေစိုက် အနုညာတ အမြဲတမ်းတရားရုံးက သိပ်မကြာသေးမီက လက်ခံခဲ့ပါတယ်။ ဒါပေမယ့် သမ္မတ အကွီနိုက “ဒါဟာ တင်းမာမှုတွေ ပိုမိုဆိုးရွားလာစေဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ ကျနော်တို့အနေနဲ့ ဘယ်သူတဦး တယောက်ကိုမှ တိုက်ခိုက်နိုင်စွမ်းရှိတယ်လို့ မတွေးထားပါဘူး” လို့ ပြောပါတယ်။
သမ္မတ အကွီနိုက အာဆီယံစီးပွားရေး အသိုက်အဝန်း (ACE) ကိုလည်း ကြိုဆိုလိုက်ပါတယ်။ မကြာသေးမီက မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၇ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ လူဦးရေ သန်း ၆၀၀ ကျော်ရှိတဲ့ အာဆီယံဒေသရဲ့ စီးပွားရေးပိုမို ပေါင်းစည်းမှုကို အားပေးမယ့် အာဆီယံစီးပွားရေး အသိုက်အဝန်းကို ဒီနှစ်မကုန်မီမှာ အကောင်အထည်ဖော်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။
“(ပြည်ပ ပြိုင်ဆိုင်မှုကနေ) အရမ်းကို အကာအကွယ် ပေးထားတဲ့ စီးပွားရေးတခုဟာ ဖွံ့ဖြိုး တိုးတက်လာမှာ မဟုတ်ဘူးလို့ ကျနော်ကတော့ အခိုင်အမာ ယုံကြည်ပါတယ်။ ဒီလို မပြည့်စုံမှုတွေ၊ အားနည်းချက်တွေနဲ့ နိုင်ငံတကာမှာ ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဖိလစ်ပိုင်နိုင်ငံ အနေနဲ့ အာဆီယံအဖွဲ့ထဲမှာ ပါဝင်နေပြီး အထူးသဖြင့် တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် လူဦးရေများတဲ့ အဖွဲ့ဝင်နိုင်ငံတနိုင်ငံ ဖြစ်နေတာမို့ နိုင်ငံတကာမှာ ပိုပြီး ပြောရေးဆိုခွင့် ရှိလာတာလို့ ကျနော်တို့ ယူဆပါတယ်” လို့ အကွီနိုက ပြောပါတယ်။
ကျနော် သူ့ဆီက ပြန်လာတော့ သူနောက်ဆုံး ပြောလိုက်တဲ့စကားကို ကြားယောင်နေမိပါတယ်။
သမ္မတ အကွီနိုကိုဆက်ခံမယ့် နောက်သမ္မတသစ်ဟာ သူ့ရဲ့လမ်းစဉ်ကို ဆက်လက် အကောင် အထည် ဖော်မှာလား ဆိုတာကိုတော့ ကျနော်တို့ မသိရသေးပါဘူး။ ဒါပေမယ့် သမ္မတ အကွီနိုလက်ထက်မှာ ဖိလစ်ပိုင်ဟာ ကမ္ဘာ့မြေပုံပေါ် ပြန်လည် ရောက်လာတယ် ဆိုတာကတော့ ငြင်းလို့မရတဲ့ အချက်ပဲဖြစ်ပါတယ်။
သမ္မတ အကွီနိုဟာ အာရှတိုက်ကြီး တခုလုံး မဟုတ်ရင်တောင်မှ အရှေ့တောင်အာရှကနေ ကျနော်တို့ခေတ်မှာ ပေါ်ထွက်လာခဲ့တဲ့ အထင်ရှားဆုံး ခေါင်းဆောင်တွေထဲက တယောက်ဆိုတာကိုတော့ ကျနော် ဘယ်လိုမှ သံသယမရှိပါဘူး။
မြန်မာနိုင်ငံအနေနဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ ခြေရာကို နင်းနိုင်ဖို့ အခွင့်အရေးတွေကတော့ ရှိနေတာပဲ ဖြစ်ပါတယ်။
(ကရင်မ် ရတ်စ်လာမ် (Karim Raslan) သည် အရှေ့တောင်အာရှ ရေးရာများကို အထူးပြု ရေးသားနေသူတဦး ဖြစ်သည်။)