ခန်းမကျယ်ကြီးထဲမှာ စာပေ၊ ရုပ်ရှင်၊ ဂီတ စတဲ့ အနုပညာနယ်ပယ် အသီးသီးက အနုပညာရှင်တွေ ရှိနေကြတယ်။ “ဟတ်ပီးဘတ်ဒေး …” မွေးနေ့သီချင်းကို အဆိုတော် အရိုးက ဆိုတော့ အားလုံး ပြုံးရွှင်ပြီး မွေးနေ့ရှင်ဘေးမှာ ဝိုင်းနေကြတယ်။ သီချင်းဆို ပြီးတာနဲ့ အသက် ၈၃ နှစ်ပြည့် မွေးနေ့ရှင် ဖြစ်တဲ့ စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦးက ကိတ်မုန့်ကို ခွဲပြီး အနုပညာရှင်တွေကို ခွွွွွံ့ကျွေးပါတယ်။ မွေးနေ့ရှင်ရဲ့ အပြုံးကလည်း မြင်ရသူတိုင်း ကြည်နူးဖွယ်။
ဒါကတော့ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်မှာ ရှိတဲ့ မြရွှေပင် သဒ္ဓမသုခဓမ္မရိပ်သာ မှာ ဖွင့်လှစ်တော့မယ့် “အနုပညာဆည်းဆာ ဘိုးဘွားရိပ်သာ” မှာ တသက်တာ စာပေဆုရှင် စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦးရဲ့ အသက် ၈၃ နှစ်ပြည့် မွေးနေ့ပွဲကို အနုပညာရှင်တွေက ဝိုင်းဝန်းကျင်းပပေးနေကြတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။
မွေးနေ့ပွဲကျင်းပချိန် ကနေ ပွဲပြီးလို့ စုပေါင်းဓာတ်ပုံရိုက်တဲ့ အချိန်အထိ စာပေနယ်ပယ်က စာရေးဆရာ၊ ဆရာမတွေ ကလည်း အုပ်စုဖွဲ့ စကားပြောနေကြသလို၊ ဂီတ၊ ရုပ်ရှင်နယ်ပယ်က အနုပညာရှင်တွေကလည်း ရယ်လိုက်မောလိုက်နဲ့ စကားတွေ ဖောင်ဖွဲ့နေကြတယ်။
ပန်းရဲ့လမ်း အဖွဲ့ ဝိုင်းတော်သား တွေက သီချင်းတွေ တပုဒ်ပြီးတပုဒ် ဆက်တိုက်သီဆိုနေကြပြီး သရုပ်ဆောင် လင်းဇာနည်ဇော်၊ စာရေးဆရာမ ဂျူး စတဲ့ ပုဂ္ဂိုလ်တွေအပြင် ဇာတ်ပို့ဇာတ်ရံ အနုပညာရှင် တွေကလည်း မွေးနေ့ပွဲကို တက်ရောက်လာတဲ့ သူတွေကို အကျွေးအမွေးနဲ့ ဧည့်ခံရာမှာ ပါဝင်လုပ်ကိုင် ပေးနေကြတယ်။
စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး ရဲ့ မွေးနေ့ပွဲကျင်းပခဲ့တဲ့ အဆောက်အအုံကြီးမှာ စာပေ၊ ရုပ်ရှင်၊ ဂီတနဲ့ သဘင် စတဲ့ နယ်ပယ်အသီးသီးက သက်ကြီးအနုပညာရှင်တွေ အတွက် “ယုံကြည်ချက် အနုပညာရှင်များအတွက် မေတ္တာတရားအိမ်” ဆိုတာ အကောင်အထည် ပေါ်လာပါတော့မယ်။
စာပေ၊ ရုပ်ရှင်၊ ဂီတစတဲ့ အနုပညာနယ်ပယ်အသီးသီး အနုပညာရှင်မောင်နှမ တွေ စုပေါင်းပြီးတော့ အနုပညာရှင် သက်ကြီးဘိုးဘွား တွေ ခိုးနာရာ နေရာ၊ အနုပညာတွေကို ဖန်တီးခွင့်ရမယ့် နေရာတခု ကို လပေါင်းများစွာ ဝိုင်းဝန်း အကောင်အထည် ဖော်နေခဲ့ကြတာပါ။
“ယုံကြည်ချက် အနုပညာရှင်များအတွက် မေတ္တာတရားအိမ်” တဲ့။ အခုတော့ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် စတဲ့ အနုပညာ နယ်ပယ်အသီးသီး က သက်ကြီးဘိုးဘွားတွေ ခိုးနာရာ နေရာ၊ အနုပညာတွေကို ဖန်တီးခွင့်ရမယ့် နေရာတခု ကတော့ အကောင်အထည် ပေါ်စ ပြုလာပြီ ဖြစ်ပါတယ်။
နယ်ပယ် အသီးသီးက အနုပညာရှင်တွေ အသက်အရွယ် အိုမင်းလာတဲ့ တနေ့၊ ဘဝနေဝင်ချိန်မှာ ကိုယ်ဖန်တီး ထုတ်လုပ်ခဲ့ဖူးတဲ့ အနုပညာတွေကို ဆက်လက်ဖန်တီးနိုင်အောင်၊ အနုပညာရှင်တွေ တစုတစည်းတည်း စည်းစည်းလုံးလုံး နေနိုင်အောင်၊ အနုပညာမျိုးဆက်သစ်တွေကို လက်ဆင့်ကမ်း အမွေတွေ ပေးနိုင်အောင်၊ ခိုကိုးရာမဲ့နေတဲ့ အနုပညာရှင် ဘိုးဘွားတွေအတွက် ခိုကိုးရာနေရာတခုဖြစ်လာအောင် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ “အနုပညာဆည်းဆာရိပ်” ဘိုးဘွားရိပ်သာကို အကောင်အထည် ဖော်နေကြတာ ဖြစ်ပါတယ်။
“ကွယ်လွန်သွားတဲ့ ကဗျာဆရာမောင်ရန်ပိုင်က … အစ်မရေ ကျနော်တော့ ယုံကြည်ချက် အနုပညာရှင်များအတွက် မေတ္တာတရားအိမ် တလုံး ဖန်တီးချင်တယ်လို့ တိုင်ပင်ခဲ့ဖူးတယ်။ သူကွယ်လွန်သွားတာနဲ့ မလုပ်ဖြစ်တာနဲ့ အခုမှ အကောင်အထည် ဖော်နေရတာ” လို့ အနုပညာ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာအမှုဆောင် ဒေါ်သန်းမြင့်အောင်က ပြောပြပါတယ်။
“အနုပညာဆည်းဆာရိပ်” ဘိုးဘွားရိပ်သာကို ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်မှာ ရှိတဲ့ မြရွှေပင် သဒ္ဓမသုခ ဓမ္မရိပ်သာမှာ တည်ဆောက်နေတာဖြစ်ပြီး အနုပညာနယ်ပယ် အသီးသီးက သက်ကြီးဘိုးဘွားတွေ နေထိုင်နိုင်ဖို့ လာမယ့် လပိုင်းအတွင်းမှာ ဖွင့်လှစ်ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။
ဒေါ်သန်းမြင့်အောင်က “အနုပညာရှင်တွေ အားလုံး စည်းလုံးပြီး နေရာတနေရာကို ဖန်တီးတာဟာ မြန်မာနိုင်ငံမှာပဲ ရှိတာလို့ ကျမထင်တယ်၊ ဂုဏ်ယူတယ်။ ဒီရိပ်သာမှာ နေထိုင်မယ့် အနုပညာရှင် ဘိုးဘွားတွေဟာ သူတို့ နှစ်သက်တဲ့ အနုပညာကို ဖန်တီးနိုင်စွမ်းရှိရင် ဆက်ပြီး ဖန်တီးလို့ရမယ်၊ မဖန်တီး နိုင်ရင်လည်း ငါတချိန်က ဖန်တီးထားတဲ့ အနုပညာတွေ ဆိုပြီးတော့ ခံစားလို့ရမယ်၊ သူတို့အတွက် အသက်ရှည်ဆေး ကျန်းမာဆေးပဲ။ အနုပညာရှင်တွေက တစုတစည်းတည်း ရှိနေမှာဆိုတော့ မျိုးဆက်သစ်တွေကလည်း ပညာကို သင်ယူလို့ရမယ်။ ပြီးတော့ ဘဝ နေဝင်ချိန်မှာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့်နဲ့ ရှိနေဖို့ ရည်ရွယ်ပါတယ်” လို့ ရှင်းပြပါတယ်။
အဲဒီ ဘိုးဘွားရိပ်သာ ဆောက်လုပ်နေတဲ့ မြေနေရာကို လှူဒါန်းခဲ့တဲ့ မြရွှေပင်ကျောင်းတိုက် ဆရာတော် ဒေါက်တာ ခေမာသီရိ (လှတောဆရာတော်) က “ဘုန်းဘုန်း အနေနဲ့ ဆရာမသန်းမြင့်အောင်ကို စေတနာသန့်သန့်နဲ့ ဒီမြေနေရာ လှူခဲ့တယ်။ မြေတန်ဖိုးဟာ သိန်း ၃၀၀၀၊ ၄၀၀၀ လောက်တန်တယ်။ ဒါပေမယ့် တဘဝစာ အလှကို မကြည့်ချင်ဘူး။ ကွယ်လွန်သွားတဲ့ ဘုန်းဘုန်း မယ်တော်ကလည်း ဒုက္ခရောက်နေသူတွေကို ကူညီဖို့ မှာခဲ့တဲ့အတွက် အခုလိုမျိုး ပရဟိတတွေ လုပ်ဆောင်ဖြစ်နေတယ်” လို့ မိန့်ပါတယ်။
အဆိုပါ ၃ ဧက အကျယ်အဝန်းရှိတဲ့ မြေနေရာပေါ်မှာ လေးထပ် အဆောက်အုံ ၃ လုံး၊ အနုပညာအိမ်ငယ် ၁၂ လုံး ဆောက်လုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ ဘိုးဘွားတွေနေထိုင်ဖို့ ပင်မ လေးထပ်ဆောင် တဆောင် တည်ဆောက် ပြီးစီးထားပြီး အလှူရှင် ဒေါ်ပိုးဖြူ အပါအဝင် ၄၃ ဦး အဖွဲ့က တဦးကို ကျပ် သိန်း ၁၀၀ နဲ့ ငွေ၊ ပစ္စည်းတန်ဖိုး စုစုပေါင်း သိန်း ၄၃၀၀ ကျပ် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ရှေ့ဆက် လုပ်ငန်းစဉ်တွေဖြစ်တဲ့ နေထိုင်ရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍတွေမှာ အသုံးပြုရမယ့်ငွေကြေး၊ ဝန်ထမ်း အင်အားတွေ ဖြည့်ဆည်းဖို့ အလှူရှင်တွေကို ဆက်လက် ဖိတ်ခေါ်ထားပါတယ်။
“အနုပညာသမားတွေက စီးပွားရှာသူတွေ မဟုတ်ဘူးလေ အသက်ကြီးလာတော့ သားထောက်သမီးခံရှိသူက ပြဿနာ မရှိပေမယ့် အမေအို အဖေအိုတွေ သားသမီး မရှိသူတွေအတွက် ကိုယ့်နေဝင်ချိန် ဆည်းဆာမှာ ခိုနားစရာ အရိပ်တခုအဖြစ် ရှိလာမှာဆိုတော့ ကျေနပ်တယ်၊ ဝမ်းသာကြတယ်။ ဒါကလည်း ပထမဆုံးပဲလေ။ သဘာဝ ပတ်ဝန်းကျင်ကို ကြည့်မယ် ကိုယ်လုပ်ချင်တာကို ဘာမှမပူပန်ရဘဲ၊ ကျန်းမာရေးလူမှုရေး မပူရဘဲ အနုပညာကို ဖန်တီးထုတ်လုပ်မယ်။ သာမန် လူအိုရုံ မဖြစ်စေချင်ဘူး” လို့ စာရေးဆရာမ ဂျူး ကလည်း သူ့အမြင်ကို ပြောပါတယ်။
အနုပညာ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ ခွင့်ပြုမယ့် ဘိုးဘွားတွေရဲ့ အသက်အရွယ်ကတော့ ၇၀ နှစ်နဲ့အထက် သတ်မှတ် ထားပြီး သူဖန်တီးခဲ့ရာ အနုပညာနယ်ပယ်က ထောက်ခံပေးမယ့်သူ ၂ ဦး ရှိဖို့လည်း လိုအပ်မှာပါ။
ဒီရိပ်သာမှာ နေထိုင်မယ့် အနုပညာရှင် ဘိုးဘွားတွေဟာ စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့ ကိစ္စတွေမှာ ပူပန်စရာ လိုမှာမဟုတ်ဘဲ အနုပညာရှင် အချင်းချင်း တွေ့ဆုံဆွေးနွေးတာ၊ ကိုယ့်အနုပညာကို ဆက်လက် ဖန်တီးတာတွေ လုပ်ခွင့်ရမှာ ဖြစ်ပါတယ်။
“ပရဟိတ လုပ်ငန်းဆိုတာ အင်မတန် မွန်မြတ်ပြီး ကောင်းမွန်ပေမယ့် လူတိုင်း မလုပ်နိုင်ပါဘူး။ အခုလို ပင်မဆောင်ကြီး ပေါ်လာပြီဆိုတော့ ရှေ့ဆက်လုပ်ဖို့ အလုပ်တွေအတွက် အများကြီး အင်အား၊ ခွန်အားဖြစ်စေပါတယ်။ တဆောင်တည်းနဲ့ မပြီးသေးဘူး၊ စီမံကိန်းအရ ဆောင်ရွက်ရမှာတွေ ကျန်သေးတယ်။ ရေရှည်မှာ ဘိုးဘွားတွေကို စောင့်ရှောက်ဖို့၊ ကျန်းမာရေး စောင့်ရှောက်ဖို့အတွက်၊ ကျွေးမွေးဖို့အတွက် ပုံမှန်ကုန်ကျစရိတ်တွေ ရှိပါသေးတယ် အများကြီး လိုအပ်မှုတွေ ရှိပါသေးတယ်။ ဒါကတော့ အစပျိုးပဲ ရှိပါသေးတယ်” လို့ ရုပ်ရှင်နယ်ပယ်ကနေ တတပ်တအား ပါဝင်တဲ့ ဘိုးဘွားရိပ်သာ အမှုဆောင်အဖွဲ့ဝင် မင်းသားလူမင်းက ပြောပါတယ်။
အနုပညာဆည်းဆာ ဘိုးဘွားရိပ်သာရဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်လာနိုင်ဖို့အတွက် ရန်ပုံငွေ ဖျော်ဖြေပွဲ တခုကိုလည်း လုပ်ဆောင်သွားဖို့ရှိတယ်လို့ သိရပါတယ်။
ဂီတစာဆို ဘိုကလေး တင့်အောင်ကလည်း “ဘဘတို့လောကမှာ တခါမှ မရှိသေးဘူး။ ဝမ်းသာရတာ ပေါ့လေ။ နေရာ လေးကတော့ နည်းနည်း ဝေးတယ်ထင်တယ်။ သို့သော် ဆည်းဆာရောက်တဲ့ သူကတော့ ဘယ်လောက်ဝေးဝေး လာမှာပဲ။ တသက်လုံး တည်တံ့ပါစေ၊ အနုပညာသမားတွေရဲ့ အားကိုးအားထားရာ ဖြစ်ပါစေ လို့ဆုတောင်းပါတယ်” လို့ အနုပညာ ဆည်းဆာ ဘိုးဘွားရိပ်သာ ဖြစ်မြောက်လာတာနဲ့ ပတ်သက်ပြီး ပြောပါတယ်။
ရုပ်ရှင်၊ စာပေ၊ ဂီတ၊ သဘင် စတဲ့နယ်ပယ်အသီးသီးက သက်ကြီးဘိုးဘွားတွေ အနေနဲ့ လတ်ဆတ်တဲ့လေထုကို ရှူရှိုက်၊ သာယာတဲ့ သဘာဝပတ်ဝန်းကျင်ကို ကြည့်ပြီး လူမှုရေး၊ စီးပွားရေး စတဲ့ ပူပန်မှုမျိုး လုံးဝမရှိဘဲ အနုပညာကို ဖန်တီး ပုံဖော်နိုင်မယ့် “အနုပညာဆည်းဆာ ဘိုးဘွားရိပ်သာ” ကတော့ ရုပ်လုံးဖော်နိုင်လာပြီ ဖြစ်သလို ဒါဟာ အနုပညာရှင်တွေရဲ့ စည်းလုံးမှုနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်မှုတွေကို သက်သေပြနေတာပဲ ဖြစ်ပါတယ်။