ရှေ့နေများ၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်ထားသဖြင့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေကြမ်း (Legal Aid Law) ကို လူမှု ကွန်ရက် အဖွဲ့အစည်းပေါင်း ၁၃၀ ကျော်က ကန့်ကွက်သွားမည်ဖြစ်ကြောင်း လူထုအခြေပြု ဥပဒေကူညီမှု ကွန်ရက်က ပြောသည်။
ပြည်နယ်နှင့်တိုင်း ၁၄ ခုမှ ဥပဒေ အထောက်အကူပေးနေသည့် ရှေ့နေကွန်ရက်များ၊ လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိက တရား လွှတ်တော် ရှေ့နေများ၏ ဝေဖန် အကြံပြုစာများနှင့်အတူ ကန့်ကွက်စာကို အမျိုးသား လွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ ပြည်ထောင်စု လွှတ်တော်၊ ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု တရားရုံးချုပ်သို့ ဒီဇင်ဘာ ၁၅ ရက်တွင် ပေးပို့သွားမည် ဖြစ်ကြောင်း လူထု အခြေပြု ဥပဒေ ကူညီမှုကွန်ရက်မှ စီမံကိန်း ညွှန်ကြားရေးမှူး ဒေါ်သင်ဇာဦးက ဧရာဝတီသို့ ပြောသည်။
ယင်းဥပဒေကြမ်း အတည်ဖြစ်လာပါက တက်ကြွလှုပ်ရှားသူများ၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမားများ အစရှိသဖြင့် နိုင်ငံ အတွက် လှုပ်ရှားဆောင်ရွက်နေသူများကို ဥပဒေအရ အကာအကွယ်ပေးနိုင်ရန် ခက်ခဲသွားမည်ဖြစ်ကြောင်း ရှေ့နေ အသိုင်းအဝန်းက ပြောဆိုသည်။
ယင်းဥပဒေကြမ်းသည် ရှေ့နေများ၏ လုပ်ပိုင်ခွင့်ကို ထိန်းချုပ် ကန့်သတ်ထားသည့် ဥပဒေဖြစ်ရုံသာမက ဥပဒေကြမ်း ရေးဆွဲစဉ် ကလည်း အမှန်တကယ် အမှုလိုက်နေသည့် ရှေ့နေများကို မေးမြန်းရေးဆွဲခဲ့ခြင်း မဟုတ်ဘဲ မည်သူနှင့် တိုင်ပင်၍ မည်သို့ ရေးဆွဲခဲ့သည်ကိုပင် မသိရှိရကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
ဦးရောဘတ်စန်းအောင်က“ရှေ့နေရှေ့ရပ်တွေရဲ့ လူ့အခွင့်အရေးကို ပိတ်ပင်ရာကျတယ်။ ရှေ့နေရှေ့ရပ်တွေရဲ့ လူ့အခွင့်အရေးကို ပိတ်ပင်ခြင်းဟာ ပြည်သူလူထုရဲ့ အခွင့်အရေးကို ကျောခိုင်းခြင်း ဖြစ်တယ်။ အဲဒါကြောင့်မို့ ကန့်ကွက်တာပါ” ဟု ဆိုသည်။
ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေကြမ်းကို ကန့်ကွက်ရသည့် အဓိက ရည်ရွယ်ချက်မှာ ဥပဒေ အထောက်အကူပေးခြင်း ၏ အနှစ်သာရကို ပျက်စီးသွားစေနိုင်ပြီး တရားရေးမဏ္ဍိုင်၏ လွတ်လပ်စွာလုပ်ပိုင်ခွင့်ကို ထိခိုက်နိုင်ခြင်း၊ နိုင်ငံတော် ဘဏ္ဍာ ဆုံးရှုံး ခြင်းနှင့် တရားဥပဒေပြုရေး အာဏာ၊ အချုပ်အခြာအာဏာကို ထိခိုက်နိုင်သည့် အခြေအနေများကြောင့်ဖြစ်ပြီး အသေးစိတ် အချက် အလက်များကို ကန့်ကွက်စာတွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်ကြောင်း ဒေါ်သင်ဇာဦးက ပြောသည်။
လူ့အခွင့်အရေး လှုပ်ရှားသူတဦးဖြစ်သူ ဒေါ်ခွန်ဂျာက“ဒီဥပဒေဟာ တောင်သူလယ်သမားတွေအတွက်ရော အလုပ်သမားတွေ အတွက်ရော လွတ်လပ်စွာ ရှေ့နေတွေလည်း ငှားခွင့်မရှိ။ ရှေ့နေတွေလည်း လိုက်ပေးခွင့်မရှိ။ ကိုယ်လည်းငှားလို့မရ သူတို့လည်း လိုက်ပေးလို့မရ ဆိုတဲ့ဟာမျိုး၊ ထိန်းချုပ်ထားတယ်ဆိုရင် ဒါအဆင်မပြေဘူးလို့ ယူဆတယ်။ အဲတော့ မရှိသင့်တဲ့ ဥပဒေ တခု ဖြစ်နေတဲ့ အတွက်ကြောင့် ထည့်သွင်းဆွေးနွေးခြင်းတောင် မလုပ်သင့်ဘူးလို့ ယူဆတယ်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် နိုင်ငံတော်တဘက် ပြည်သူတဘက် ဖြစ်နေသည့် အမှုအခင်းများကို ရှေ့နေ ကွန်ရက် များ၊ ဥပဒေအထောက်ပြုကွန်ရက်များအပြင် တသီးပုဂ္ဂလရှေ့နေများက ပုံစံအမျိုးမျိုးဖြင့် ပါဝင်ကူညီလျက်ရှိပြီး တခြားသော တရားရုံးစရိတ် မတတ်နိုင်သည့် ပြည်သူများ၏ အမှုအခင်းများကိုလည်း အခမဲ့လိုက်ပါ ဆောင်ရွက်ပေးနေမှုတို့ရှိရာ ယခု ဥပဒေ ထွက်ပေါ်လာပါက ယင်းအခြေအနေတို့ကို ချုပ်ကိုင်လိုက်သည့် သဘောဖြစ်သွားမည်ဖြစ်ကြောင်း ကန့်ကွက်သူများက ထောက်ပြကြသည်။
Equality Myanmar မှ ဦးအောင်မျိုးမင်းက“ဥပဒေကြမ်းအရဆိုရင် ရွေးချယ်ပိုင်ခွင့်မရှိသလို အစိုးရက ခွင့်ပြုတဲ့သူကို လက်ခံရမယ့် သဘောမျိုး ဖြစ်တယ်။ နောက်တခါ ဒီဟာနဲ့ပတ်သက်ပြီးတော့ အခုမှ အင်အားကောင်းလာသော ရှေ့နေကွန်ရက်တွေ ဥပဒေပြု အထောက်အကူအပြု ကွန်ရက်တွေရဲ့ အားကောင်းလာမှုကို ဒီဥပဒေကြမ်းက ပြန်လည်ပြီးတော့ ချုပ်ကိုင်လိုက်နိုင်တဲ့ အချက်တွေကို ထောက်ပြနိုင်ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်တွင် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော “ဥပဒေဆိုင်ရာ အထောက် အကူပေးရေး ဥပဒေကြမ်း”နှင့်စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲမှုရှိပါက ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးဆုံးဖြတ်ရန် တင်ပြသင့်ကြောင်း လွှတ်တော်၏ အဆုံးအဖြတ်ရယူရန် ပြည်သူ့လွှတ်တော် အစီအစဉ်တွင် ပါဝင်ခဲ့သည်။
သို့သော်လည်း ယင်းအစီအစဉ်ကို ဆွေးနွေးခြင်း မရှိခဲ့ဘဲ မည်သည့်အချိန်တွင် ဆက်လက်ဆွေးနွေးမည်ကိုလည်း တရားဝင် ကြေ ညာခဲ့ခြင်းလည်း မရှိပေ။