မချောစန္ဒီထွန်း (ခ) ချစ်သမီး ကို တပ်မတော်ဘက်က စွဲဆိုထားသည့် ပုဒ်မ ၂ ခုအနက် အီလက်ထရွန်နစ် ပုဒ်မ ၆၆ (ဃ) အမှုကို စွဲချက်တင်ပြီး ဆက်လက်စစ်ဆေးရန်နှင့် အသရေဖျက်မှု ပုဒ်မ ၅၀၀ အမှုအား သက်သေမခိုင်လုံသဖြင့် တရားရှင်လွှတ်ပေးရန် မအူပင်မြို့နယ် တရားရုံးက ယနေ့ ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
“တရားလို ဒု ဗိုလ်မှူးကြီးကျော်ထင်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အသရေဖျက်တယ် ဆိုပြီး ထပ်မံစွဲဆိုခဲ့တဲ့ ပုဒ်မ ၅၀၀ အမှုကို မအူပင်မြို့နယ် တရားသူကြီး ဒေါ်လှမြတ်မွန်က စွဲချက်မတင်ဘဲ တရားရှင် လွှတ်ပေးခဲ့ပါတယ်။ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကို စွဲချက်တင်ပြီးတော့ ဖြေရှင်းစေပါတယ်”ဟု ယင်းအမှုကို ရှေ့နေလိုက်ပေး နေသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဧရာဝတီကို ပြောသည်။
တပ်မတော်က အသစ်ပြောင်းလဲလိုက်သည့် စစ်ဝတ်စုံအရောင်သစ်အား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ထဘီအရောင်နှင့် Facebook လူမှုကွန်ရက်တွင် မချောစန္ဒီထွန်း (ခ) ချစ်သမီးက ခိုင်းနှိုင်းပြောဆို ရေးသား သည်ဟုဆိုပြီး ဒုဗိုလ်မှူးကြီး ကျော်ထင်က အောက်တိုဘာလ ၁၂ ရက်တွင် မအူပင်မြို့မ ရဲစခန်း၌ အမှုဖွင့်တရားစွဲဆိုခဲ့ခြင်း ဖြစ် သည်။
ဒု ဗိုလ်မှူးကြီး ကျော်ထင်သည် ပုသိမ်အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် (တနခ) မှ ဖြစ်ပြီး တပ်မတော်ကိုယ်စား တရားစွဲဆိုခြင်း ဖြစ်ကြောင်း သိရသည်။
မချောစန္ဒီထွန်း ၏ ထိုလုပ်ရပ်သည် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဂုဏ်သိက္ခာအား ညှိုးနွမ်းစေသည် ဟု ဆိုကာ တပ်မတော်ဘက်က စွပ်စွဲ၍ အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့်လည်း အောက်တိုဘာလ ၂၇ ရက်က မချောစန္ဒီထွန်းကို ထပ်မံ တရားစွဲဆိုခဲ့သည်။
မအူပင်မြို့နယ် တရားရုံး၌ ယနေ့ပြုလုပ်သည့် တရားခွင်တွင် ဥပဒေအရာရှိ ဒေါ်ယမင်းဖြူက မချောစန္ဒီထွန်းအား ပုဒ်မ ၆၆ (ဃ) နှင့် ပတ်သက်၍မေးမြန်းခဲ့ရာ မချောစန္ဒီထွန်းက Facebook လူမှုကွန်ရက်တွင် ဓာတ်ပုံတင်သူမှာ မိမိမဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။
“ပုံတွေတင်တာ သူမဟုတ်ဘူး။ သူ့အကောင့် မဟုတ်ဘူးလို့ မချောစန္ဒီထွန်းက ထုချေသွားတယ်။ ဒီအမှုနဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေဟာ သူ့ကိုဖမ်းတဲ့ အချိန်ကျမှ ရဲကပြတော့မှ သူတွေ့ရပါတယ်လို့ ထုချေသွားတယ်။ အဲဒီတော့ တရားခွင်မှာပဲ အင်တာနက်ဖွင့်ပြီး တော့ ရှင်းလိုက်ကြတဲ့ အခါမှာ ချောစန္ဒီထွန်း ဆိုတဲ့ အကောင့်တွေဟာ အင်တာနက်မှာလည်း ပွနေပြီး သူမသိတဲ့ အကောင့်တွေကို လည်း တွေ့သွားခဲ့တယ်။ သူအဖမ်းခံထားရတဲ့ အချိန်မှာကိုပဲ သူ့နာမည်နဲ့ ပုံတွေတင်ထားတာကို တွေ့ရပါတယ်”ဟု ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောဆိုသည်။
ယနေ့ ရုံးချိန်းသို့ တရားလို ဒု ဗိုလ်မှူးကြီး ကျော်ထင်နှင့် တပ်မတော်ဘက်ကကိုယ်စား တဦးတယောက်မှ လာရောက်ခြင်း မရှိကြောင်း၊ လာမည့်ရုံးချိန်းကို ဒီဇင်ဘာ ၂၁ ရက်တွင် ထပ်မံစစ်ဆေးရန် ချိန်းဆိုကြောင်း သိရသည်။
မအူပင် နည်းပညာတက္ကသိုလ်မှ B.Tech (EC) ဖြင့် ဘွဲ့ရထားသူ မချောစန္ဒီထွန်းသည် မအူပင်ခရိုင် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဟောင်း တဦးဖြစ်ပြီး နောက်ပိုင်းတွင် ကျောင်းသားသမဂ္ဂမှ နုတ်ထွက်၍ မအူပင်မြို့နယ် NLD ပါတီသို့ ဝင်ရောက်ပြီး ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေး လုပ်ငန်းများ ဝိုင်းဝန်း ကူညီဆောင်ရွက်ခဲ့သူ ဖြစ်သည်။
မချောစနီ္ဒထွန်း (ခ) ချစ်သမီးသည် သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်အတွင်း ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် အာဏာပိုင်တို့၏ ပထမဆုံး ဖမ်းဆီးခြင်းခံရသူဖြစ်ပြီး ရန်ကုန်တိုင်း လှိုင်မြို့နယ်နေ ဦးပက်ထရစ်ခွန်ဂျာလီ ဆိုသူသည်လည်း ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) ဖြင့် ဒုတိယမြောက် ဖမ်ဆီးတရားစွဲဆိုခြင်း ခံရသည်။