ပေါ်ထွန်းစ ဒီမိုကရေစီနိုင်ငံတွေရဲ့ တချို့သောသွင်ပြင်တွေဟာ အဲဒီနိုင်ငံတွေရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး စွမ်းဆောင်ချက်တွေမှာ အမျိုးမျိုးအဖုံဖုံ ဖြစ်နေရခြင်းရဲ့ ဖြစ်နိုင်ဖွယ် အကြောင်းရင်းခံများအဖြစ် အတော်များများ ကိုးကားခံရပါတယ်။ ဒါကြောင့်လည်း လမ်းချော်တိမ်းမှောက်ခဲ့ရတဲ့ ဒီမိုကရေစီနိုင်ငံတွေရဲ့ “ကနဦးအနေအထားတွေ” (ဆိုလိုတာက ပထဝီအနေအထား မဟုတ်ဘဲ သူတို့ရဲ့ လူမှုစီးပွားအခြေအနေတွေ) ကို လမ်းကြောင်းတည့်သွားခဲ့ကြတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာတွေ့ရတဲ့ အနေအထားတွေနဲ့ နှိုင်းယှဉ်လို့ရှိရင် အကျိုးကျေးဇူးရမယ့် ပုံစံရှိပါတယ်။ ခေတ်သစ်နိုင်ငံရေး ဘောဂဗေဒရဲ့ သြဇာညောင်းတဲ့ အမာခံသုတေသန (အများစုကတော့ သီအိုရီဆန်) ကတော့ နိုင်ငံတွေဟာ နိုင်ငံရေးအရ၊ စီးပွားရေးအရ ဘယ်လိုမျိုး ဖြစ်ထွန်း ပေါ်ပေါက်သလဲ ဆိုတာကို သူတို့ရဲ့ ကနဦး အနေအထားတွေက ဆုံးဖြတ်တယ်လို့ ဆိုထားတဲ့အတွက် အဲဒီအမြင်ဟာ တကယ့် အချက်အလက်တွေအရ ဘယ်လောက် မှန်နိုင်သလဲဆိုတာကို လေ့လာဖို့အရေးကြီးပါတယ်။
၁၉၅၀ ပြည့်လွန်နှစ်တွေမှာ ဆေးမော မာတင် လစ်ပ်ဆက် ကစလို့ ပညာရှင်တွေ လက်ခံခဲ့ကြသလိုပဲ လမ်းကြောင်း ဖြောင့်မှန်သွားတဲ့ ဒီမိုကရေစီ ဖော်ဆောင်မှုတွေဟာ ပိုချမ်းသာတဲ့နိုင်ငံတွေမှာ ပိုမိုပေါ်ပေါက်တဲ့ အနေအထားပိုပြီး တွေ့ရပါတယ် (၂၀၀၆ ခုနှစ် ဒေါ်လာတန်ဖိုးများအရ ပြောရမယ်ဆိုရင် ကျနော်တို့ မှတ်တမ်းပြုစုထားတဲ့ အထဲမှာ လူတစ်ဦးချင်းရဲ့ ဝင်ငွေ အမေရိကန် ဒေါ်လာ ၂၆၁၈)။ အဲဒီနိုင်ငံတွေဟာ လမ်းချော်သွားတဲ့ ဒီမိုကရေစီနိုင်ငံတွေထက် သုံးဆနီးပါး ပိုချမ်းသာကြတယ်။ အကြောင်းက ဒုတိယနိုင်ငံတွေမှာ လူတစ်ဦးချင်း ပျမ်းမျှဝင်ငွေက ဒေါ်လာ ၈၆၆ ပဲ ရှိလို့ပါ။ မကြာသေးမီ ကာလများအတွင်း ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဒီမိုကရေစီ ဖော်ဆောင်မှုအရေအတွက် ပိုမို များပြားလာနေတဲ့ အတွက် အထက်ပါ ခြားနားချက်ဟာ အထူးပဲ သိသာလှပါတယ်။
နောက်ပြီး ဆင်းရဲနွမ်းပါးမှုနဲ့ ဒီမိုကရေစီတို့ ဘယ်လို အပြန်အလှန် ကျေးဇူးပြုကြသလဲဆိုတဲ့ မေးခွန်းကိုလည်း ထုတ်ပါတယ်။ ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးသီအိုရီ (Modernization theory) က ထောက်ပြသလိုပဲ ဆင်းရဲနွမ်းပါးမှုဟာ ဒီမိုကရေစီကို အားကောင်းလာအောင် လုပ်ရာမှာ အခက်တွေ့စေပါသလား။ ဒီမိုကရေစီစနစ်ဟာ တိုင်းပြည်တွေကို ဆင်းရဲတွင်းကနေ ကယ်ထုတ်နိုင်ပါသလား။ ဆင်းရဲတဲ့အတွက် ဒီမိုကရေစီအားကောင်းဖို့ အခက်တွေ့ရတယ်ဆိုရင် နိုင်ငံခြားအကူအညီ တွေအနေနဲ့ (ဆိုကြပါစို့) အရပ်ဘက် အဖွဲ့အစည်းရဲ့ စနစ်အလေ့အထတွေ ပိုမိုအားကောင်းဖို့ ကူညီတာထက်စာရင် စီးပွားရေး တိုးတက်မှုအပေါ်မှာပဲ ပိုပြီးဇောင်းပေးသင့်ပါသလား။
တကယ်တော့လည်း နိုင်ငံအလိုက် ပျမ်းမျှဝင်ငွေတွေကို နှိုင်းယှဉ်ရုံနဲ့တော့ မလုံလောက်ပါဘူး။ အကြောင်းကတော့ ပျမ်းမျှခြင်း တန်ဖိုးတွေဟာ လူ့အဖွဲ့အစည်း တရပ်အတွင်းက ဝင်ငွေ၊ ပိုင်ဆိုင်မှုတွေနဲ့ အခွင့်အလမ်းတွေ ရရှိမှုမှာ ဆိုးဆိုးရွားရွား အချိုးမကိုက်၊ အချိုးမညီမှုတွေကို မမြင်နိုင်အောင် လုပ်ထားလို့ပါပဲ။ အဲဒီလို အချိုးမကိုက်မှုတွေဟာ ဒီမိုကရေစီစနစ်တရပ် ရှင်သန်ကြီးထွားမလား၊ ကြုံလှီညှိုးရော်သွားမလား ဆိုတာကို ဆုံးဖြတ်ပေးရာမှာ အားကောင်းတဲ့ အခန်းကနေ ပါဝင်နိုင်ပါတယ်။ အကယ်၍ ပြည်သူလူထုကြီးရဲ့ အစိတ်အပိုင်းကြီးဟာ တိုင်းပြည်ရဲ့ ဥစ္စာဓနတွေရဲ့ အပဲ့အရွဲ့လေးလောက်ကိုသာ ရရှိခံစားရမယ်ဆိုရင် သူတို့စိတ်ထဲမှာ လက်ရှိနိုင်ငံရေး စနစ်ကြီးအပေါ် (ဒီမိုကရေစီ သဏ္ဌာန် ဆောင်ထားပါစေဦး) အဆန်မပါတဲ့ ခလောက် ဒါမှမဟုတ် ကိုယ့်အကျိုးစီးပွားကိုတောင် နှောင့်ယှက် ဖျက်ဆီးပစ်မယ့် အရာအဖြစ် ရှုမြင်နိုင်ပါတယ်။ လယ်ရီ ဒိုင်းမွန်း ရေးသားခဲ့ဖူးသလိုပါပဲ။ “စီးပွားရေးမှာ အားလုံး အကျိုးခံစားနိုင်ရေးဟာ နိုင်ငံရေးအရ အားလုံးပါဝင်နိုင်မှုနဲ့ သိပ်ကိုသက် ဆိုင်နေပြီး ဒီမိုကရေစီ ပိုပြီးနက်ရှိုင်းစွာ အမြစ်တွယ်ရေးနဲ့လည်း ချိတ်ဆက်နေပါတယ်”။
ကျနော်တို့ လေ့လာတွေ့ရှိချက်တွေ အရတော့ နောက်ဆုံးမှာ ခြေချော်လဲကျသွားတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ မညီမျှမှုဟာ သိသိသာသာကို ပိုမြင့်ပါတယ်။ အလားတူပဲ ဆင်းရဲနွမ်းပါးမှုနှုန်း (ဝင်ငွေ တနေ့ ၁ ဒေါ်လာနှုန်းရဲ့ အောက်မှာ နေထိုင်နေကြရတဲ့ လူဦးရေရာခိုင်နှုန်း) ဟာဆိုရင်လည်း လမ်းကြောင်း ဖြောင့်သွားကြတဲ့ ဒီမိုကရေစီ နိုင်ငံတွေမှာထက် နောက်ကြောင်းပြန် သွားခဲ့ကြတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ ပိုပြီး ပျမ်းမျှအားဖြင့် ပိုမြင့်ပါတယ်။ ဒုတိယအုပ်စုဝင် နိုင်ငံတွေမှာ လူဦးရေရဲ့ ၄၀ ရာခိုင် နှုန်းဝန်းကျင်ဟာ တနေ့ ၁ ဒေါ်လာအောက်သာ ဝင်ငွေရှိကြပြီး ပထမအုပ်စုဝင် နိုင်ငံတွေကတော့ ၂၀ ရာခိုင်နှုန်းကျော်တယ် ဆိုရုံလေးပဲရှိပါတယ်။
မွေးကင်းစကလေး သေဆုံးမှုဟာဆိုရင်လည်း စီးပွားရေးတိုးတက်မှုရဲ့ အသီးအပွင့်တွေကို လူ့အဖွဲ့အစည်းက ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် မျှဝေခံစားကြရသလဲ ဆိုတာကို တိုင်းတာတဲ့ ပေတံတခုဖြစ်ပါတယ်။ ဒီမိုကရေစီ စကျင့်သုံးလို့ ပထမ ၅ နှစ်အတွင်း အရှင်မွေးတဲ့ ကလေးငယ် ၁၀၀၀ မှာ အဖတ်မတင်မှု ပျမ်းမျှနှုန်းချင်း နှိုင်းယှဉ်ရင် ဒီမိုကရေစီ ကျဆုံးသွားတဲ့နိုင်ငံတွေဟာ ဒီမိုကရေစီ ဆက်လက်ရှင်သန်သွားတဲ့ နိုင်ငံတွေထက် နှစ်ဆတိတိ ပိုများတာကို တွေ့ရပါတယ်။ အဲဒီလို ပြတ်ပြတ်သားသား ကွာဟချက်ရှိနေတဲ့ အချက်က ဘာကိုပြဆိုရာ ရောက်သလဲဆိုတော့ စီးပွားရေး ကဏ္ဍတိုးတက်မှုတွေက နိုင်ငံသားအားလုံးရဲ့ ဘယ်လောက် အတိုင်းအတာအထိ အကျိုးခံစားရသလဲ ဆိုတာဟာ ဒီမိုကရေစီ စနစ်တရပ်ဘယ်လို ခရီးဆက်မလဲဆိုတာကို ဆုံးဖြတ်မယ့် အဓိက အချက်တခု ဖြစ်လာနိုင်တယ် ဆိုတာပါပဲ။ ဒါပေမဲ့လည်း စီးပွားရေးတိုးတက်မှု တခုတည်းနဲ့တော့ ဒီမိုကရေစီ အမြစ်တွယ် ရှင်သန်ကြီးထွားဖို့အတွက် မလုံလောက်သေးပါဘူး။
လူ့အဖွဲ့အစည်းအတွင်းက စီးပွားရေးမဟုတ်တဲ့ တခြားသော အစိတ်အမြွှာတွေဟာလည်း ဒီမိုကရေစီ ပျိုးပင်တခုရဲ့ ကံ့ကြမ္မာကို အဆုံးအဖြတ်ပေးရာမှာ အခန်းကဏ္ဍတခုကနေ ပါဝင်နေနိုင်ပါတယ်။ ဥပမာအားဖြင့် ကျနော်တို့ လေ့လာခဲ့တဲ့ ကာလအပိုင်းအခြားကို ပြန်ကြည့်ရင် အဲဒီကာလကုန်ဆုံး အချိန်အထိ သက်တမ်းရှည်ခဲ့တဲ့ ဒီမိုကရေစီ နိုင်ငံတွေမှာထက် တာရှည်မခံခဲ့တဲ့ နိုင်ငံတွေမှာဆိုရင် တိုင်းရင်းသား အမျိုးမျိုးအပြားပြားပါဝင်မှု သိသိသာသာ ပိုမြင့်မားတာပါပဲ။ ကမ္ဘာ့ပျမ်းမျှ တိုင်းရင်းသားအမျိုးမျိုး ကွဲပြားမှုဂဏန်းထက် ပိုကြီးတဲ့နိုင်ငံတွေရဲ့ ဒီမိုကရေစီ ပျိုးထောင်မှုတွေကို ကြည့်ရင် ၅၁ ရာခိုင်နှုန်းက လမ်းခုလတ်မှာ လွင့်စင်ကျခဲ့ပြီး ကမ္ဘာ့ပျမ်းမျှဂဏန်း ထက်ပိုနည်းတဲ့ နိုင်ငံတွေရဲ့ ဒီမိုကရေစီ ဖော်ဆောင်မှုတွေမှာတော့ ၃၈ ရာခိုင်နှုန်းပဲ မအောင်မမြင် ဖြစ်ခဲ့ရတာကို တွေ့ရတယ်။
ဒါ့ကြောင့် အစောပိုင်း တွေ့ရှိရချက်တွေ အရတော့ ကနဦး အနေအထားများဟာ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်များရဲ့ ရှင်သန်ရပ်တည်မယ့် အလားအလာအပေါ်ကို သိသိသာသာ အကျိုးသက်ရောက်နိုင်ပါတယ်။ နိမ့်ပါးတဲ့ လူတစ်ဦးချင်း ပျမ်းမျှဝင်ငွေ၊ မြင့်မားတဲ့ မညီမျှမှုအဆင့်၊ များပြားတဲ့ တိုင်းရင်းသားလူမျိုးစု ကွဲပြားမှု အချက်တွေဟာ ဒီမိုကရေစီစနစ် သက်တမ်းရှည်ကြာမှု ရေခံမြေခံတွေကို အန္တရာယ်ပေးပါတယ်။ ဒါပေမယ့်လည်း အဲဒီ ဆက်သွယ်ချက်တွေဟာ အဆုံးအဖြတ်ပေးတဲ့ အရာတွေ မဟုတ်ပါဘူး။ ကနဦး အနေအထားတွေ အရတော့ အားရစရာ မရှိပေမယ့် ဒီမိုကရေစီ မျိုးစေ့ အောင်မြင်ဖြစ်ထွန်းခဲ့တဲ့ နိုင်ငံတွေရှိပါတယ်။ အဲဒီထဲမှာ ဂွာတီမာလာ၊ မိုဇမ်ဘစ်တို့လို နိုင်ငံတွေလည်း ပါဝင်ပါတယ်။ အဲဒီနိုင်ငံတွေဟာဆိုရင် အခက်အခဲ လုံးဝမရှိခဲ့တာမျိုး မဟုတ်ပေမယ့် ၂၀၀၄ ခုနှစ် ရောက်ချိန်အထိ အဆင်ပြေနေခဲ့တာပါ။ ဒါတင်မကပါဘူး။ ကျနော်တို့ရဲ့ မှတ်တမ်းတင် လေ့လာချက်တွေအရ ပြောရရင် ပထမတကြိမ်မှာ ကျရှုံးခဲ့တဲ့ နိုင်ငံတွေထဲက အများစုဟာ ဒုတိယမ္ပိ ဒီမိုကရေစီ အုတ်မြစ်ချဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ အဲဒီ “တစ်ကြော့ပြန် ဒီမိုကရေစီကြိုးပမ်းနိုင်ငံ” တွေရဲ့ နှိုင်းရသဘောအရ အောင်မြင်မှုဟာ ခုနကပြောတဲ့ ကနဦး အနေအထားများကသာ ဆုံးဖြတ်ပေးတယ်ဆိုတဲ့ ဝါဒီတွေအတွက်တော့ ပဟေဠိတခုဖြစ် လာပါတယ်။
စီးပွားရေး စွမ်းဆောင်ချက်နှင့် နိုင်ငံရေး အင်စတီကျူးရှင်းများ
ဒီမိုကရေစီခရီး နောက်ကြောင်း ပြန်ရခြင်းရဲ့ အကြောင်းတရားတွေနဲ့ ပတ်သက်လာရင် လေ့လာမှုနယ်ပယ်ဟာ တခြားသော အကြောင်းတရား တစုံတခုတည်းထက် စီးပွားရေးစွမ်းဆောင်မှု ညံ့ဖျင်းခြင်းအပေါ်ကိုပဲ အာရုံထား ပြောဆိုဆွေးနွေးခဲ့ ကြပါတယ်။ ၁၉၃၀ ပြည့်လွန်ကာလများက ဝိုင်မာသမ္မတနိုင်ငံ ပြိုလဲခဲ့ရတဲ့အဖြစ်ကို စံနမူနာပြစရာ ဖြစ်ရပ်အဖြစ် အများဆုံး ထောက်လေ့ရှိပါတယ်။ ကျနော်တို့ လေ့လာတွေ့ရှိချက်တွေ အရတော့ အဲဒီအမြင်ကို နည်းနည်း ပြန်ပြင်ဆင်ရမယ်လို့ နားလည်ပါတယ်။ ကုန်ကုန်ပြောရရင် ဗဟိုနဲ့အရှေ့ဥရောပနိုင်ငံ အများစုဟာ ၁၉၉၀ ပြည့်လွန် နှစ်တွေတုန်းက စီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း ဒီမိုကရေစီစနစ် ဆက်လက် ရှင်သန်အောင် စောင့်ရှောက်နိုင်ခဲ့တယ်။ တဖက်မှာတော့ ၂၀၀၀ ပြည့်နှစ်နဲ့ ၂၀၀၅ ခုနှစ်အကြား ထိုင်းနိုင်ငံရဲ့စီးပွားရေးဟာ ဒေါင်ဒေါင်မြည်ခဲ့ ပေမယ့်လည်း ထိုင်းနိုင်ငံဟာ ဒီမိုကရေစီ ကို ပြန်ဆုံးရှုံးရပြန်တယ်။ အလားတူ ဂျော်ဂျီယာ၊ ရုရှားနဲ့ ဗင်နီဇွဲလားတို့ဟာဆိုရင် မကြာသေးမီအတွင်း စီးပွားရေးအား ကောင်းခဲ့တဲ့ မှတ်တမ်းတွေရှိခဲ့ပေမယ့် အခုအချိန်မှာတော့ အငြင်းပွားဖွယ် အနေအထားမှာ အခြိမ်းခြောက်ခံနေရ ဒါမှမဟုတ် တကယ်ကို နောက်ကြောင်းပြန်သွားခဲ့ပါပြီ။ ခြုံပြောရရင် စီးပွားရေးတိုးတက်မှုနိမ့်ရုံသက်သက်နဲ့ ဒီမိုကရေစီဟာ အခြိမ်း ခြောက်ခံနေရပါပြီလို့ ရှင်းလင်းပြတ်သားစွာ မပြောနိုင်သလို စီးပွားရေးရထားကြီး အရှိန်အဟုန်နဲ့ ခုတ်မောင်းနေတိုင်းလည်း ဒီမိုကရေစီ လမ်းကြောင်းပေါ်ကနေ ချော်မကျပါဘူးလို့ အာမ မခံနိုင်ပါဘူး။
အလားတူပါပဲ။ စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့ ဒီမိုကရေစီ အမြစ်တွယ်ရှင်သန်မှုတို့ ဘယ်လောက် သဟဇာတဖြစ်သလဲ ဆိုတာဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို လေ့လာနေကြတဲ့ ဘောဂဗေဒပညာရှင်တွေနဲ့ နိုင်ငံရေးသိပ္ပံသမားတွေ အတွက်တော့ အရေးကြီးတဲ့ မေးခွန်းတခုပါပဲ။ တချို့ကတော့ အဲဒီဖြစ်စဉ်နှစ်ခုဟာ တခုနဲ့တခု အပြန်အလှန် အမှီသဟဲပြုကြတယ်လို့ ဆိုကြပြီး တချို့ကတော့လည်း “ရှော့ခ်ရိုက်ကုထုံး (shock therapy)” ဟာ မခိုင်မာသေးတဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်တွေကို ခြိမ်းခြောက်နိုင်တယ်လို့ ဆိုကြပါတယ်။
ကျနော်တို့ လေ့လာတွေ့ရှိထားချက်တွေ အရတော့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းခြင်းဟာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို အထောက်အကူပြုနိုင်ပြီး စီးပွားရေး ပြုပြင်ပြောင်းလဲမှုရဲ့ အခြိမ်းခြောက်ခံရတာမျိုး မဟုတ်ပါဘူး။ သက်တမ်းနု ဒီမိုကရေစီနိုင်ငံ အများစုဟာဆိုရင် သူတို့ရဲ့စီးပွားရေးကို နိုင်ငံတကာ ကုန်သွယ်ရေးအတွက် တံခါးဖွင့်ရာမှာ (ဆိုကြပါစို့) ကိုယ့် ကျိုးစီးပွား ကာကွယ်ရေး အစီအမံတွေ အသည်းအသန်လုပ်ရတာမျိုး၊ အစိုးရဖြုတ်ချခံရတာမျိုး စတဲ့ ဆိုးကျိုးတွေ မခံစားခဲ့ရပါဘူး။ ဒီ့အစား ဒီမိုကရေစီ ဖော်ဆောင်မှုစပြီး ၅ နှစ်အတွင်းမှာ ကုန်သွယ်မှုတန်ဖိုးဟာ ပျမ်းမျှအားဖြင့် (ဂျီဒီပီမှာပါဝင်မှု အားဖြင့်) ၆ ရာခိုင်နှုန်းနီးပါး တိုးတက်ပါတယ်။
ပိုပြီးအရေးကြီးမယ့် ပုံစံမျိုး ပေါက်တာကတော့ စီးပွားရေးပြုပြင် ပြောင်းလဲမှုရဲ့ အကျိုးကျေးဇူးတွေကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေပေးနိုင်တာမျိုးပဲ ဖြစ်ပါတယ်။ လူတိုင်းကို ဒီဖြစ်စဉ်မှာခံစားခွင့် တခုပေးတာမျိုး ဖြစ်ပါတယ်။
သက်တမ်းနု ဒီမိုကရေစီနိုင်ငံတွေဟာ စီးပွားရေးတိုးတက်မှု နှေးကွေးမှုရော စီးပွားရေး အလျင်အမြန် ပြုပြင်ပြောင်းလဲမှုရဲ့ နိုင်ငံရေး မတည်မငြိမ်ဖြစ်စေတဲ့ ဂယက်တွေရောရဲ့ အခြိမ်းခြောက်ကို ခံရမယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုကို ရင်ဆိုင်တဲ့နေရာမှာ စီးပွားရေးကိန်းရှင်တွေကို ကျော်လွန်အောင် ကြည့်ဖို့ရော နိုင်ငံရေးအခြေခံ အကြောင်းတရားတွေကို စဉ်းစားဖို့ရော လိုအပ်ပါတယ်။ ဒါမှ ဒီမိုကရေစီ အမြစ်တွယ်ရှင်သန်မှုကို ဘယ်အရာတွေက မောင်းနှင်တယ်၊ ဒီမိုကရေစီ ခြောက်သွေ့ သေဆုံးမှုကိုတော့ ဘာတွေက မောင်းနှင်တယ်ဆိုတာကို ဆုပ်ဆုပ်ကိုင်ကိုင် ပြောနိုင်မှာဖြစ်ပါတယ်။
ဒီမိုကရက်တစ် နိုင်ငံရေး အင်စတီကျူးရှင်းတွေနဲ့ ပတ်သက်တဲ့ စာပေရေးသားမှုတွေကတော့ ပါလီမန်စနစ်နဲ့ သမ္မတစနစ် နှစ်ခုကို နှိုင်းယှဉ်ရာမှာ ပထမတခုက ဒုတိယတခုထက် အထူးသဖြင့် စီးပွားရေး အကျပ်အတည်း တွေ့တဲ့အခါမှာ ပိုပြီး သက်တမ်းရှည်တာကို ယေဘုယျ သွားတွေ့ပါတယ်။ ဆိုတတ်ကြတာကတော့ အားကြီးတဲ့ ပါတီတွေကြီးစိုးတဲ့ ပါလီမန်တွေဟာ စီးပွားရေးတည်ငြိမ်စေဖို့ လိုအပ်တဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို အလွယ်တကူပဲ ချမှတ်နိုင်တဲ့အတွက် ပြိုကွဲမယ့် အနေအထားမှာရှိတဲ့ နိုင်ငံရေးစနစ်ကိုပါ တည်ငြိမ်သွားစေပါတယ်။ ဒါပေမယ့် မှတ်တမ်းမှတ်ရာတွေနဲ့က ဒါက တကယ်ရော ကိုက်ညီပါရဲ့လား။ ကျနော်တို့ သုတေသနပြု လေ့လာတဲ့ နိုင်ငံ ၁၂၃ နိုင်ငံကို ကြည့်ရင် ၈၁ နိုင်ငံက စစချင်းမှာ သမ္မတစနစ်ကို အုတ်မြစ်ချပြီး ၂၇ နိုင်ငံကတော့ ပါလီမန်စနစ်ကို သန္ဓေတည်စေပါတယ်။
သမ္မတစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေထဲမှာ ၃၆ ရာခိုင်နှုန်းနီးပါးဟာ စနစ်မအောင်မမြင် ဖြစ်ခဲ့ပေမယ့် ပါလီမန်ကျင့်သုံးတဲ့ နိုင်ငံတွေရဲ့ တဝက်သာသာလောက်က နောက်ကြောင်းပြန်သွားခဲ့ကြပါတယ် (ပုံ ၁ ကို ကြည့်ပါ)။
ပုံ (၁) ဒီမိုကရက်တစ် ဖွဲ့စည်းပုံများနှင့် နောက်ကြောင်းပြန်မှု အခြေပြပုံ
Sources: World Bank
ဒါဆိုရင် ဘာကြောင့်များ ပညာရှင်တွေ (နဲ့ မူဝါဒချမှတ်သူတွေ) ဟာ ပါလီမန်အုပ်ချုပ်ရေး စနစ်တွေကို ပိုမိုလိုလား နှစ်သက်ရပါသလဲ။ အထောက်ပြကြဆုံး အကြောင်းရင်းတွေထဲမှာ အကျပ်အတည်းနဲ့ ရင်ဆိုင်ရချိန်မှာ ပိုပြီး ကြံ့ကြံ့ခံနိုင်စွမ်းတင်မက အုပ်ချုပ်ရေးအာဏာ အလွဲသုံးစားမှုတွေအပေါ် ပါလီမန်အုပ်ချုပ်ရေးစနစ်ရဲ့ ပိုပြီး ထိန်းကျောင်းစောင့်ကြပ်နိုင်တဲ့ အတွက်ပါ။ ဒါပေမဲ့ ဒီမိုကရေစီနိုင်ငံသစ်တွေရဲ့ ပါလီမန်တွေဟာ ဒီလိုမျိုးမဖြစ်အောင် ထူးထူးခြားခြား စွမ်းဆောင်ပြနိုင်တာကိုတော့ ကျနော်တို့ လေ့လာတွေ့ ရှိချက်တွေထဲမှာ မတွေ့မိသေးပါဘူး။ ပါလီမန်စနစ်ရဲ့ အင်စတီကျူးရှင်းပိုင်း အခင်းအကျင်းနဲ့ဆိုင်တဲ့ သွင်ပြင်လက္ခဏာရပ်တွေဟာ လက်တွေ့မှာတော့ အမြဲတမ်း အားကောင်းတဲ့ အတိုက်အခံပါတီတွေ၊ သီးခြားရပ်တည်တဲ့ တရားစီရင်ရေးစနစ်၊ ဒါမှမဟုတ် လွတ်လပ်တဲ့ သတင်းမီဒီယာတို့၊ တက်ကြွအားမာန်ပြည့်ဝတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတို့ ကြောင့်ဖြစ်တဲ့ အလွတ်သဘော အာဏာထိန်းကျောင်းမှုတွေ ကင်းမဲ့နေမှုအတွက် ပြန်ဖာထေးဖို့ရာ လုံလောက်အောင် ဒေါင်ဒေါင်မြည် ဖြစ်မနေပါဘူးလို့ ယူဆလို့ရပါတယ်။
ပုံ (၂) အစိုးရအဖွဲ့အုပ်ချုပ်ရေးအာဏာအပေါ် ကွပ်ညပ်မှုများနှင့် ဒီမိုကရေစီနောက်ကြောင်းပြန်မှုအခြေပြပုံ
*Weak constraints သည် အုပ်ချုပ်ရေးပိုင်းအပေါ်ကွပ်ညပ်မှုဆိုင်ရာ Polity IV စကေးအရ ရမှတ် ၅ ထက်နည်းသည့်နိုင်ငံများဖြစ်သည်။
Source: Polity IV, authors’ calculations
ဆက်လက်ဖော်ပြပါမည်။
(အေသန် ဘီ ကပ်စတိန်း (Ethan B. Kapstein) သည် ပြင်သစ်နိုင်ငံ ဖွန်တိန်ဘလူးရှိ INSEAD ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ဘာသာရပ်ဆိုင်ရာ ပေါလ် ဒူဘရူးလ် ပါမောက္ခနှင့် ဝါရှင်တန်ဒီစီရှိ ကမ္ဘာ့ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုဌာန၏ Fellow ဖြစ်သည်။ နာသန် ကွန်ဗာ့စ် (Nathan Converse) သည် လန်ဒန် စီးပွားရေး ကျောင်း၌ ဘောဂဗေဒ ဘာသာရပ်ဆိုင်ရာ ပါရဂူဘွဲ့တန်းကို တက်ရောက်သင် ကြားနေသူဖြစ်သည်။)