သြစတြေးလျနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံထားသည့် ထိုင်းနိုင်ငံ၏ လူကုန်ကူးမှု စုံစမ်းစစ်ဆေးရေး အဖွဲ့မှ အကြီး တန်း ရဲအရာရှိတဦးက လူကုန်ကူးမှုများတွင် ထိုင်းအစိုးရ၊ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့မှ သြဇာကြီးသူများ ပါဝင်ပတ်သတ်နေပြီး သူတို့က သတ်ချင်နေကြသောကြောင့် အသက်အန္တရာယ်အတွက် စိုးရိမ်နေရသည်ဟု ပြောကြားလိုက်သည်။
လွန်ခဲ့သည့်ရက် အနည်းငယ်က ခရီးသွားဗီဇာဖြင့် သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့သို့ ရောက်ရှိလာခဲ့သည့် ဗိုလ်ချုပ် Paween Pongsirin က နိုင်ငံရေးခိုလှုံခွင့်တောင်းရန် စီစဉ်ထားကြောင်း Australian Broadcasting Corporation (ABC) ၏ 7.30 အစီအစဉ်နှင့် Guardian Australia တို့ကို ပြောကြားခဲ့ပါသည်။
လူသိများသော စုံစမ်းစစ်ဆေးရေး ရဲအရာရှိတယောက် နိုင်ငံမှ ထွက်ပြေးခြင်းနှင့် ထိုကဲ့သို့ စွပ်စွဲခြင်းများက ထိုင်းအစိုးရ အတွက် အလွန်ပင်အရှက်ရစရာ ဖြစ်စေပါလိမ့်မည်။ ထိုင်းနိုင်ငံသည် လူကုန်ကူးခံရသူများနှင့် ပတ်သက်၍ မသိကျိုးကျွန် ပြုနေကြပြီး ယင်းလုပ်ငန်းတွင် တာဝန်ရှိသူအများအပြားလည်း ပါဝင်ပတ်သက်နေကြသည်ဟု လူ့အခွင့်အရေး အဖွဲ့အစည်း များက အမြဲတမ်းပြောခဲ့ကြသော်လည်း ထိုင်းနိုင်ငံမှ စစ်အစိုးရက စွပ်စွဲမှုများကို ငြင်းဆန်ခဲ့ပါသည်။
သြစတြေးလျနိုင်ငံက သူ့ကို နိုင်ငံရေးခိုလှုံခွင့် ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ဗိုလ်ချုပ် Paween Pongsirin က ပြောသည်။
“ဒုက္ခရောက်နေတဲ့လူတွေကို ကူညီဖို့ လူကုန်ကူးမှု စုံစမ်းစစ်ဆေးရေးမှာ ကျနော် လုပ်ကိုင်ခဲ့ပါတယ်။ ကိုယ်ရေး ကိုယ်တာ အကျိုးအမြတ်အတွက် မစဉ်းစားခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ ဒုက္ခရောက်နေတာ ကျနော်ပါ။ ကျနော်အတွက် လုံခြုံမယ့် နေရာ ကမ္ဘာပေါ်မှာ ကျနော်ကို ကူညီမယ့် တနေရာတော့ ရှိသင့်တယ်လို့ ယုံကြည်ပါတယ်”ဟု သူကဆိုသည်။
မေလ အတွင်းတွင် ထိုင်းရဲတပ်ဖွဲ့များက မလေးရှားနယ်စပ်တောထဲရှိ စွန့်ပစ်ထားသည့် တောတွင်းစခန်းတခု အနီးတွင် မြေပုံ ၃၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့သည်။ အလောင်းများကို ပြန်တူးဖော်စစ်ဆေးခဲ့ရာ အများစုမှာ မြန်မာနိုင်ငံမှ လှေဖြင့် ထွက်ပြေးလာသည့် အစ္စလမ်ဘာသာဝင် ရိုဟင်ဂျာများဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။ ၎င်းတို့သည် မြန်မာနိုင်ငံ ထက် ပိုမို လုံခြုံစိတ်ချရသည့် မလေးရှားနိုင်ငံသို့ လာရာလမ်းတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
လူကုန်ကူးသူများက အဆိုပါလှေစီးဒုက္ခသည်များနှင့် ခိုခှုံခွင့် တောင်းခံလာသူများကို ထိုင်း-မလေးရှားနယ်စပ်ရှိ စခန်းများတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ၎င်းတို့ကို ပြန်ရွေးရန် သက်ဆိုင်ရာ ဆွေမျိုးများထံမှ ငွေညှစ်ခဲ့ကြသည်။ အကယ်၍ ပြန်ရွေးရန် ငွေမပေးနိုင်ခဲ့လျင် အဓ္ဓမပြုကျင့်ခြင်း၊ ရိုက်နှက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ ပြုလုပ်ကြကြောင်း လွတ်မြောက်လာသူများက ပြောကြသည်။
ယင်းသို့ တွေ့ရှိမှုက ထိုအချိန်တွင် ထိုင်းနိုင်ငံအတွက် ပိုမိုအလေးအနက်ထား၍ ဖြေရှင်းရမည့် ကိစ္စတခုဖြစ်ခဲ့ပြီး စုံစမ်း စစ်ဆေးမှုကို ဦးဆောင်ရန် ဗိုလ်ချုပ် Paween Pongsirin ကို တာဝန်ပေးခဲ့သည်။ သူ့အဖွဲ့က အဓိကလူကုန်ကူးဂိုဏ်း တခုကို ဖော်ထုတ်နိုင်ခဲ့သော်လည်း ပြစ်မှုကျူးလွန်သူများကို အလောတကြီး စုံစမ်းခြင်း ရှာဖွေခြင်း မပြုရန် အစပိုင်းမှာ ပင် ဖိအားပေးခံခဲ့ရသည်ဟု ဗိုလ်ချုပ် Paween Pongsirin ကပြောသည်။
အသက် ၅၇ နှစ်အရွယ်ရှိပြီ ဖြစ်သော ဗိုလ်ချုပ် Paween Pongsirin သက်သေ အထောက်အထားများ နောက်သို့ လိုက် ခဲ့သည်ဟု ဆိုသည်။ ယခုအချိန်ထိ လူကုန်ကူးမှုနှင့်ပတ်သတ်ကြောင်း ခိုင်လုံသည့် ၁၅၃ ဦး ဖမ်းမိခဲ့သည်။ ပြီးခဲ့သည့်လက အဓိက ပါဝင်သူတဦးဟု စွပ်စွဲခံထားရသော စစ်ဗိုလ်ချုပ်တယောက်နှင့် အခြား စစ်ဘက်အရာရှိများ၊ ပြည်တွင်း နိုင်ငံရေးသမားများနှင့် လူသိများသော စီးပွားရေးသမားများ ပါဝင်သည့် ၈၈ ဦးတို့ ကို တရားရုံးတွင် စစ်ဆေးကြားနာခဲ့သည်။
“အဲဒီ ၈၈ ယောက်လုံးက ဖမ်းထားတဲ့လူတွေကို အငတ်ထားတယ်၊ နေထိုင်မကောင်းရင်လည်း ဆေးမကုမပေးဘူး၊ သေသွားရင် အလောင်းတွေကို အဲဒီစခန်းတွေမှာပဲ မြေမြှုပ်ပြီး ဝှက်ထားခဲ့ကြတယ်” ဟု စစ်ဆေးရာတွင် ပါဝင်သော တရား သူကြီးတဦးက ပြောခဲ့ကြောင်း သိရသည်။
သို့သော်လည်း ပြီးခဲ့သည့်လက ထိုင်းနိုင်ငံ တောင်ဘက်စွန်းမှ ဆူပူသောင်းကျန်းမှုများရှိနေသည့် ဒေသတခုသို့ သူ၏ ဆန္ဒ မပါဘဲ ပြောင်းရွှေ့တာဝန်ချထားခြင်းခံရပြီး နောက် ဗိုလ်ချုပ် Paween Pongsirin ရာထူးမှ နုတ်ထွက်ခဲ့ပါသည်။ သူ စုံစမ်း စစ်ဆေးခဲ့သော လူကုန်ကူးသူများသည် ထိုင်းနိုင်ငံတောင်ပိုင်းဒေသတွင် သြဇာလွှမ်းမိုးမှုရှိနေပြီး ရဲအရာရှိများသည်လည်း လူကုန်ကူးမှုတွင် ပါဝင်ပတ်သတ်နေကြသည်ဟု သူကပြောသည်။ အဆိုပါဒေသသို့ ပြောင်းရွေ့ခံရပါက အသက်အန္တရယ် ထိခိုက်မည်ကို စိုးရိမ်ရကြောင်း အထက်လူကြီးများကို ပြောခဲ့သော်လည်း သူ၏ ကန့်ကွက်မှုကို လျစ်လျူရှုခဲ့ကြောင်း ဗိုလ်ချုပ် Paween Pongsirin ကပြောသည်။
ဗိုလ်ချုပ် Paween Pongsirin က ပြီးဆုံးရန် များစွာလိုနေသေးကြောင်း အခိုင်အမာပြောခဲ့သော်လည်း ၎င်းဦးဆောင်သော စုံစမ်းစစ်ဆေးရေးကို ၅ လအကြာ တွင် ဖျက်သိမ်းခံခဲ့ရသည်။
မည်သူက စုံစမ်းစစ်ဆေးခြင်းကို ရပ်ဆိုင်းခိုင်းသနည်းဟု မေးမြန်းသောအခါ ဗိုလ်ချုပ် Paween Pongsirin က “လူကုန်ကူး မှုထဲမှာ သြဇာရှိတဲ့လူတွေ ပါဝင်ပတ်သက်နေတယ်။ ဒါမျိုးတွေလုပ်တဲ့ မကောင်းတဲ့ရဲတွေ မကောင်းတဲ့ စစ်အရာရှိတွေ ရှိနေပါတယ်။ ကံဆိုးချင်တော့ အဲဒီ မကောင်းတဲ့ရဲတွေ စစ်အရာရှိတွေက အာဏာရှိတဲ့လူတွေ ဖြစ်နေပါတယ်” ဟု စကား ပြန်မှ တဆင့် ပြန်လည်ဖြေကြားခဲ့ပါသည်။
ဗိုလ်ချုပ် Paween Pongsirin က ထိုင်းနိုင်ငံမှ လူကုန်ကူးမှုတွင် ပါဝင်ပတ်နေသော အရာရှိကြီးများ၏ အမည်ကို ဖော်ပြ ခြင်း မပြုခဲ့သော်လည်း တောတွင်း စခန်းများကို ဆက်လက်ဖွင့်ထားနိုင်ရန် သြဇာရှိသူများ၏ အကူအညီ လိုအပ်သည်ဟု ပြောသည်။
“နှစ်ပေါင်းများစွာကြာအောင် အဖမ်းမခံရဘဲနဲ့ ရာနဲ့ချီတဲ့လူတွေကို ထိန်းသိမ်းထားနိုင်တဲ့ လူတယောက်က သာမာန် ပြည်သူတော့ မဖြစ်နိုင်ပါဘူး။”
ထိပ်တန်း အရာရှိများအပါအဝင် အပြစ်ပေး အရေးသူသင့်သော အစိုးရတာဝန်ရှိသူ အများအပြားလည်း ရှိနေပါသည်။
“လူကုန်ကူးတဲ့လုပ်ငန်းက ကွန်ရက်ကျယ်ပြန့်ပြီးတော့ စစ်ဘက်ဆိုင်ရာတွေ နိုင်ငံရေးသမားတွေနဲ့ ရဲတွေပါဝင်နေပါတယ်။ ကျနော်အဲဒီအမှုကို ကြီးကြပ်ရတဲ့ အချိန်တလျောက်လုံး သတိပေးတာတွေ ခံခဲ့ရပါတယ်” ဟု သူကပြောသည်။
ဗိုလ်ချုပ် Paween Pongsirin က သူ ပြောင်းရွေ့ခံခဲ့ရသည့်အတွက် အဆိုပါ အာဏာရှိသူများကို အပြစ်တင်ခဲ့သည်။ “ကျနော်ကို ထိုင်းနိုင်ငံတောင်ပိုင်းကို ပြောင်းရွေ့လိုက်တာက သူတို့ ကျနော်ကို သတ်ချင်တယ်ဆိုတဲ့ အဓိပါ္ပယ်ပါပဲ။”
နောက်လာမည့် အမှုစစ်ဆေးမှုများတွင်လည်း အပေးအယူ ညှိနှိုင်းမှုများ ရှိလာနိုင်ခြင်းနှင့် တရား စွဲခံရသူ အများစုမှာလည်း အပြစ်ပေး အရေးယူခြင်း မခံရမည်ကို ဗိုလ်ချုပ် Paween Pongsirin က စိုးရိမ်နေသည်။ သူကိုယ်တိုင်သည်လည်း ထိုအမှုတွင် အဓိက သက်သေတဦးဖြစ်ပြီး မျက်မြင်သက်သေအများစုကို သက်သေခံ ထွက်ဆိုချက် မပေးရန် ခြိမ်းခြောက်ခံရလိမ့်မည်ကို နားလည်ခဲ့သည်။ “ကျနော်အရမ်းဝမ်းနည်းတယ်။ အဲဒီလူတွေ ကို ပြစ်ဒဏ် မပေးဘူးဆိုရင် မမျှတပါဘူး။”
ဗိုလ်ချုပ် Paween Pongsirin ၏ နိုင်ငံရေးခိုလှုံခွင့် တောင်းခံမှုသည် နိုင်ငံတကာသို့ ဂယက်ရိုက်သွားဖွယ်ရာ ရှိသည်။ မကြာသေးမီက အမေရိကန်နိုင်ငံမှ ထုတ်ပြန်သည့် လူကုန်ကူးမှုတိုက်ဖျက်ရေး နိုင်ငံ အသီးသီး၏ စိတ်ဆန္ဒများကို လေ့လာအကဲဖြတ်သည့် အစီရင်ခံစာတွင် ထိုင်းနိုင်ငံကို အဆင့်သတ်မှတ်မှု လျော့ချခံခဲ့ရသောကြောင့် စိတ်အနှောက်အယှက် ဖြစ်ခဲ့ရသည်။
လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (Human Rights Watch –HRW) ၏ အာရှဒေသဆိုင်ရာ လက်ထောက်ဒါရိုက်တာ Phill Robertsonက ဗိုလ်ချုပ် Paween Pongsirin သည် “ရိုးသားတယ်၊ မဟုတ်မမှန်တာ မလုပ်ဘူး။ ပြီးတော့ အတွေ့အကြုံရှိတဲ့ စုံစမ်းစစ်ဆေးသူ တယောက်ပါ” ဟု Guardian Australia သို့ ပြောသည်။
“အဲဒီအချိန်မှာ သူ့ရဲ့ စုံစမ်းစစ်ဆေးမှုက အာဏာရှိတဲ့လူအချို့ကို အရမ်းနီးကပ်လာတယ်ဆိုတာ ထင်ရှားပါတယ်။ ချဲ့ကား ပြီး ပြောတာမဟုတ်ပါဘူး။ ဒါက လူကုန်ကူးမှုကို အမြစ်ဖျက်သုတ်သင်မယ်လို့ ကတိကဝတ်ပြုထားတဲ့ ထိုင်းအစိုးရကို အတွက်ကတော့ စမ်းသပ်ချက်တခုပါပဲ”ဟု Phill Robertson က ပြောသည်။
၎င်း၏ နိုင်ငံရေးခိုလှုံခွင့်တောင်းခံမှုအတွက် ထိုင်းအစိုးရက မည်သို့ တုံပြန်သွားမည်ကို မသိကြောင်း ဗိုလ်ချုပ် Paween Pongsirin က ပြောသည်။ သူက ခံစားချက် သိပ်မရှိသလို စကားကို တည်တည်ငြိမ်ငြိမ် ပြောနေသော်လည်း သူ၏နိုင်ငံကို စွန့်ခွာခဲ့ရခြင်းနှင့် သူ၏ အလုပ်ကို ဆက်မလုပ်နိုင်ခြင်းတို့ကြောင့် အလွန်ဝမ်းနည်းသည်ဟု ဆိုသည်။
ဒုက္ခရောက်နေသောသူတွေကို ကူညီရန် ကြိုးစားနေသောသူတဦးက နောက်ဆုံးတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံနေရသောသူ ဖြစ်လာရခြင်းက သူ့အတွက် မယုံနိုင်စရာ ကမောက်ကမ ကိစ္စတခုဖြစ်ကြောင်း သူ နားလည်ပါသည်။ ပါဝင်ပတ်သက်နေသူများကို စုံစမ်းဖော်ထုတ်ရန် ခက်ခဲသော်လည်း တာဝန်ရှိသည့်အတိုင်း လုပ်ခဲ့သည်ဟု ဗိုလ်ချုပ် Paween Pongsirin က ဆိုသည်။
“အဲဒီတုန်းကတော့ ဒီလိုမျိုးတွေ ကျနော် မစဉ်းစားမိခဲ့ပါဘူး။ အခုတော့ အန္တရာယ်ရှိတယ်ဆိုတာ ကျနော် သဘောပေါက် ပါပြီ။”