မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်နမိတ်ချင်းထိစပ်လျက်ရှိသော တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြို့ ၁၀ မြို့ အပါအဝင် နယ်စပ်ဂိတ်များတွင် အကြမ်းဖက်သမားများ ဝင်ရောက်လာမည်ကိုစိုးရိမ်၍ လုံခြုံရေး အစိမ်းရောင်(စောင့်ကြည့်) အဆင့် လုံခြုံရေး တင်းကျပ်ကာ စစ်ဆေးမှုများပြုလုပ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။
ထိုင်းနိုင်ငံရှိ ရုရှား အကျိုးစီးပွားများကို တိုက်ခိုက်ရန် အကြမ်းဖက်အဖွဲ့အုပ်စု IS အဖွဲ့ဝင် ၁၀ ဦး ထိုင်းနိုင်ငံအတွင်း ဝင်ရောက် လာကြောင်း ရုရှား ဖက်ဒရယ် လုံခြုံရေးဌာန FSB က ထိုင်းရဲတပ်ဖွဲ့သို့ သတင်းပေးထားသည်ဟု ထိုင်း အခြေစိုက် khaosod သတင်းဌာန က ထုတ်လွှင့်ခဲ့ပြီးနောက် တနသာၤရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့က နယ်စပ်ဂိတ်အပါအဝင် မြို့ရွာများ၌ လုံခြုံရေး စနစ် တင်းကျပ်လိုက်ခြင်းဖြစ်သည်။
“ ပြည်သူတွေလုံခြုံမှု ရှိဖို့လိုတယ်လေ။ လုံခြုံရေးစည်း တချက်ကျိုးသွားလို့ ပြည်သူတွေရဲ့ ယုံကြည်မှုနည်းသွားရင် ရဲလုပ် ငန်းစဉ် က ကျသွားတာပဲလေ အဲလိုမဖြစ်အောင် ကြိုလုပ်ကြတာ။ နယ်စပ်ဂိတ်တွေမှာ ထိထိရောက်ရောက်ရှာဖွေတာ စစ်ဆေး တာတွေအပြင် မြို့ရွာတွေမှာလည်း အုပ်ချုပ်ရေးအဖွဲ့ တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်။ ဘာလို့လဲဆိုတော့ တနင်္သာရီထဲက ကျွံထွက်သွားပြီး ရန်ကုန်တို့ဘာတို့ ရောက်သွားမှာ စိုးရိမ်တယ်လေ။ အရင်တော့ အပြာရောင် (သာမန်) အဆင့်၊ အခုတော့ အစိမ်းရောင်အဆင့်သတ်မှတ်ပြီး လုပ်ဆောင်နေတာ”ဟု တနင်္သာရီတိုင်းဒေသကြီး ရဲမှူးကြီး ကြည်လင်း က ဧရာဝတီသို့ ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးသည် ထိုင်းတောင်ပိုင်းဒေသနှင့် မိုင်ပေါင်း ၅၀၀ ကျော် တောက်လျှောက် ထိစပ်နေသည့်အတွက် အကြမ်းဖက်သမားများ အနေဖြင့် ထိုင်းနယ်စပ်ဂိတ်မှ မြန်မာနိုင်ငံ ဘက်သို့ ဝင်ရောက်ခြင်းမပြုနိုင်အောင် ကြိုတင်ကာကွယ် စောင့်ကြည့်နေခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး ၏ အစီအစဉ်ဖြင့် လုံခြုံရေးစိစစ်ကြပ်မတ်ခြင်းဖြစ်ပြီး နေပြည် တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနက “လုံခြုံရေးစနစ်တကျ ကြပ်မတ်ရန်” အကြောင်းကြားထားကြောင်း သိရသည်။
ရဲမှူးကြီး ကြည်လင်း က “စောင့်ကြည့်တာတော့ အချိန်ခန့်မှန်းလို့မရဘူး။ သတင်းပေါ်မူတည်တယ်။ အခုက နိုင်ငံတကာလို မှာ ဖြစ်နေတော့ လုံခြုံရေးသတိပေါ့မသွားအောင် တပ်ဖွဲ့တွေအားလုံး ညှိနှိုင်းလုပ်ဆောင်နေတဲ့သဘောပဲ။ အခုထိ မသင်္ကာ စရာ ဘာမှတော့မရှိဘူး”ဟု ဆက်လက်ရှင်းပြသည်။
လက်ရှိအချိန်သည် ခရီးသွားရာသီဖြစ်သည့်အတွက် တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြည်တွင်းပြည်ပဧည့်သည် ဝင် ရောက် မှု လည်း များပြားနေရာ ခရီးသွားသူများ အတွက် ပုံမှန်လုံခြုံရေးအစီအစဉ်ဖြင့် လုပ်ဆောင်နေကြောင်း သိရှိရ သည်။
အစ္စလမ်မစ်သမ္မတနိုင်ငံထူထောင်ပြီး အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်နေသော ISISသည် ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် လူရာချီသေဆုံးစေခဲ့သည့် အကြမ်းဖက်မှုကြီးတခုကို လုပ်ဆောင်ခဲ့ပြီးနောက် ရုရှား၊ အမေရိကန် အပါအဝင် ဥရောပ နိုင်ငံများ၏ လေကြောင်း စစ်ဆင်ရေးများ ဆင်နွှဲများ ခံနေရသည်။