ထိုင်းဘုရင်၏ အချစ်တော် ခွေးဖြစ်သည့် Tongdaeng ကို ဆိုရှယ်မီဒီယာတွင် နောက်ပြောင်ရေးသားခြင်းကြောင့် ထိုင်းစက်ရုံအလုပ်သမား Thanakorn Siripaiboon တရားစွဲဆိုဖမ်းဆီးခံထားရသည်။ စွဲဆိုထားသော အမှုတွင် ထိုင်းဘုရင်ကို မလေးမစားပြုခြင်းနှင့် စစ်အစိုးရ ဆန့်ကျင်ရေးများလည်း ပါဝင်သောကြောင့် နှစ်ရှည်ထောင်ဒဏ် ကျခံဖွယ်ရှိသည်။
New York Times သတင်းစာသို့ Thanakorn Siripaiboon ၏ ရှေ့နေက ပြောကြားရာတွင် တရားစွဲဆိုခံရာ စစ်ခုံရုံးတွင် ထိုင်းဘုရင်၏ အချစ်တော် ခွေးကို စော်ကားသည့်အမှုသည် ရေရာတိကျသော စွဲဆိုနိုင်ခြင်း မရှိဟု သိရသည်။ ယနေ့ ထိုင်းတွင် ဖြန့်ချိသော New York Times သတင်းစာ စာမျက်နှာ ၄ ညာဘက်ကော်လံတွင် ဖော်ပြမည့် အဆိုပါ သတင်းကို ထိုင်းပုံနှိပ်သူများက ထည့်သွင်းရိုက်ခြင်း မပြုပဲ ချန်ထားခဲ့သည်။
ယင်းသို့ အမြင်ဆန်းနေသော အမှုသည် ထိုင်းဘုရင် ဘူမိဘောနှင့် မိသားစုများအပေါ် ဝေဖန်ပြောဆိုမှုများအား ထိုင်းစစ်အစိုးရက ပြစ်ဒဏ်ကြီးများ ပေးနေသည့်အပေါ် ပြန်အာရုံစိုက်လာစေသည်။ Thanakorn Siripaiboon ၏ ရှေ့နေက ထိုင်းဘုရင့်မိသားစုသာမက ယခုအခါ ထိုင်းဘုရင့်ခွေးပါ ဝေဖန်ပြောဆိုမှု ပိတ်ပင်လာရာ အံ့ဩမိကြောင်း ပြောသည်။
Tongdaeng ခေါ် Copper သည် လမ်းဘေးခွေးတကောင်ဖြစ်ပြီး ၁၉၉၈ ခုနှစ်တွင် ထိုင်းဘုရင်က ကောက်ယူမွေးစားခဲ့သည်။ ၂၀၀၂ တွင် ၎င်းခွေးအကြောင်း ထိုင်းဘုရင်က စာအုပ်ရေးသားထုတ်ဝေရာ ရောင်းအကောင်းဆုံး စာအုပ် ဖြစ်လာခဲ့သည်။ အဆိုပါ စာအုပ်ကို အခြေခံပြီး ကာတွန်းရုပ်ရှင် ရိုက်ကူး ပြသရာ ပြီးခဲ့သောအပတ်က ဒုတိယ လူအကြည့်ဆုံး ရုပ်ရှင် ဖြစ်ခဲ့သည်။
စာအုပ်တွင် Tongdaeng အား “အကျင့်ကောင်းတဲ့ လေးစားဖွယ် ခွေး”ဟု ရေးသလို “နှိမ့်ချ”ပြီး “စည်းကမ်းကို သိတတ်”ကြောင်း ရေးသည်။ ထိုင်းဘုရင်ရှေ့ရောက်လျှင် နားရွက်ကုပ်ပြီး ဝပ်တွားကြောင်း ဆိုသည်။
Thanakorn Siripaiboon ၏ ရှေ့နေ၏အဆို နောက်အဆင့်မှာ တရားရုံးတွင် စွဲချက်တင်မည်ဖြစ်သော်လည်း ထိုင်းစစ်တပ်က ရက်ချိန်း အတိအကျ မပေးသေးကြောင်း သိရသည်။