နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ဘောဂသီရိရပ်ကွက် ရှိ ချယ်ရီမေ ကာရာအိုကေဆိုင် တွင် လူငယ် ၇ ဦး က ရဲအုပ် ၃ ဦး ကို ဓားဖြင့် တိုက်ခိုက်မှု ယနေ့ နေ့လည် က ဖြစ်ပွား ခဲ့ကြောင်း ပျဉ်းမနားမြို့နယ်ရဲစခန်းမှူး ဒုရဲမှူးတင်ဌေး က ပြောသည်။
“အဲဒီဆိုင် ကို ရဲတွေက ဘာသွားလုပ်တာလဲဆိုတာတော့ လောလောဆယ် မသိဘူး။ ရဲ ၃ ဦး စလုံးမှာ ရထားတဲ့ဒဏ်ရာတွေကများတယ်။ ဘယ်သူ တွေ ဘယ်ဒဏ်ရာ ရသလဲ အသေးစိတ်မသိသေးဘူး။ အခြေအနေကတော့ မစိုးရိမ်ဘူး။ ဖြစ်တာကတော့ ဒီနေ့ နေ့လည် ၁ နာရီ မှာဖြစ်တာ။ ” ဟု ၎င်း က ရှင်းပြသည်။
ခိုက်ရန်ဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် ရဲအုပ် ၃ ဦးမှာ နေပြည်တော်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ပြီး ဒဏ်ရာရရှိမှုများပြားသော်လည်း လတ်တလောတွင် မစိုးရိမ်ရ အခြေအနေဖြင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီး တွင် ကုသမှုခံယူနေဆဲဖြစ်ကြောင်း သိရသည်။
ဓားဖြင့် တိုက်ခိုက်သူများမှာ ရန်နောင်စိုး ဆိုသူ အပါအဝင် ၇ ဦးဖြစ်ပြီး ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း၊ အဆိုပါ အမှု ကို ပျဉ်းမနားမြို့မရဲစခန်းတွင် အပြင်းအထန် နာကျင်စေမှု နှင့် သာမန်လက်နက်ဖြင့် သာမန်နာကျင်စေမှု ပုဒ်မ ၃၂၅၊ ၃၂၆ အရ အမှုဖွင့်စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။