ပြည်ထောင်စု လွှတ်တော် သက်တမ်း ၅ နှစ်အတွင်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသူများကို နိုင်ငံရေးပင်စင်ကဲ့သို့ တလုံး တခဲတည်း ချီးမြင့်ငွေ ပေးအပ်ရန် ပြည်ထောင်စု လွှတ်တော်က စီစဉ်နေသည့်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းတွင် သဘောထားကွဲလွဲလျက် ရှိသည်။
ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ လွှတ်တော်ကိုယ်စားလှယ်တဦးလျှင် ကျပ်သိန်း ၅၀ ကို နိုင်ငံရေး ပင်စင်အဖြစ် ခံစားခွင့် ရရှိမည်ဟု ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဧရာဝတီသို့ ပြောသည်။
ယင်းနိုင်ငံရေး ပင်စင်ကို ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိထားပြီး လက်ရှိ လွှတ်တော်တက်နေသူများအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များပါ ရရှိမည်ဟု သိရသည်။
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက“လွှတ်တော်ဆိုင်ရာ ဥပဒေတွေမှာ အခွင့်အရေး၊ လစာ၊ စရိတ် ချီးမြင့်ငွေဆိုတာ ပါတယ်။ ဥပဒေအရ ပေးတာဆိုတော့ ယူလို့ရတယ်။ တိုင်းပြည်ဆင်းရဲနေတဲ့ အချိန်မှာ အခုလို ယူရသလားဆိုရင်တော့ ဒီ ၅ နှစ်စာအတွက် တခါတည်းရတာ။ တခြား ပင်စင်တွေလို လတိုင်းထုတ်လို့ရတာ မဟုတ်ဘူး။ မလိုချင်ရင်တော့ လှူပစ်လိုက်ကြပေါ့။ ဒါက တဦးချင်းစီရဲ့ ခံစားချက်နဲ့ပဲဆိုင်တယ်”ဟု ပြောသည်။
ပင်စင်ပေးမည်ဆိုပါက ဥပဒေအရ မှတ်ပုံတင်ထားသည့် လေဘာ(အလုပ်သမား)ရုံးတခု ရှိရမည်ဖြစ်ပြီး ယင်းရုံးမှသာ ပင်စင်ပေးခွင့်ရှိကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များကို နိုင်ငံရေး ပင်စင်ပေးခြင်းကြောင့် ကုန်ဈေးနှုန်းမြင့်တင်လာ၍ ငွေကြေးဖောင်းပွမည်ကို စိုးရိမ်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ဧရာဝတီသို့ ပြောသည်။
ဦးရောဘတ်စန်းအောင်က“လွှတ်တော် ကိုယ်စားလှယ်တွေက ဘာလုပ်ခဲ့လို့ နိုင်ငံရေး ပင်စင်ပေးမှာလဲ။ ဘယ်က ပိုက်ဆံနဲ့ ပေးမှာလဲ။ ပြည်သူတွေက ဆင်းရဲ နေတဲ့အချိန်မှာ သူတို့ ဒီလို မလုပ်သင့်ဘူး။ ပေးရင်ပေး ထောင်တွေတန်းတွေကျပြီး ဘဝပျက်၊ ကျန်းမာရေးတွေ ဆုံးရှုံးခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တွေကို ပေးသင့်တယ်။ တိုင်းပြည်ကို တကယ်ချစ်တဲ့သူကတော့ ဒီနိုင်ငံရေးပင်စင်ကို ယူမှာ မဟုတ်ဘူးလို့ ကျနော် နားလည်တယ်”ဟု ပြောသည်။
လွှတ်တော် ကိုယ်စားလှယ်များအတွက် လစာ၊ စရိတ် ချီးမြင့်ငွေများမှာ ဥပဒေအရ ရှိသော်လည်း နိုင်ငံရေး ပင်စင် လက်ခံ/မခံမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ ဆုံးဖြတ်ချက်အပေါ်တွင် မူတည်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များ လစာ ချီးမြင့်ငွေ တိုးမြင့်စဉ်ကလည်း NLD က ကန့်ကွက် ခဲ့ကြောင်း NLD မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။
ဦးမင်းသူက“ဒီကိစ္စက လွှတ်တော်မှာ တိုင်းရင်းသားတွေ၊ အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်တဲ့ ကိုယ်စားလှယ်တွေ အတွက်တော့ မပြောချင်ဘူး။ ပြောချင် တာက တိုင်းပြည်ဒီလောက် ဆင်းရဲနေတဲ့အချိန်မှာ ဒီခံစားခွင့်တွေကို မူအားဖြင့် အဖွဲ့ချုပ်(NLD)ကလည်း လက်ခံမှာ မဟုတ်ဘူး။ ဒီခံစားခွင့်တွေနဲ့ ပတ်သက်ပြီး ဥပဒေတရပ်ရပ်ကို သေသေချာချာ ပြဋ္ဌာန်းသင့်တယ်လို့ မြင်တယ်။ အခုလည်း ကျနော်တို့ရတဲ့ ပိုက်ဆံတွေက ပြည်သူတွေဆီက ရတာဖြစ်တဲ့အတွက် လှူနေရတာပဲ”ဟု ပြောသည်။
နိုင်ငံရေးပင်စင်ကိစ္စအတွက် သတ်မှတ်ပုံစံ ဖြည့်စွက်ပေးရန်နှင့် လက်မှတ်ထိုးပေးရန် လွှတ်တော်က တောင်းဆိုထားသော်လည်း သေချာစွာ မရှင်းလင်း သေးကြောင်း လွှတ်တော် အသိုင်းအဝိုင်းက ပြောသည်။
ဦးနေဝင်း ဦးဆောင်ခဲ့သည့် မြန်မာပြည် ဆိုရှယ်လစ် လမ်းစဉ်ပါတီ(မဆလ)ခေတ်တွင် နိုင်ငံရေးပင်စင်ရှိခဲ့ပြီး ယင်းပင်စင်မှာ ပြည်သူလူထုကို ဝန်ထုတ်ဝန်ပိုး ဖြစ်စေသဖြင့် နိုင်ငံရေးပင်စင် ဆိုသည်မှာ မရှိသင့်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွှန့်လွင်က ပြောသည်။
ဦးစိုင်းညွှန့်လွင်က“အခုပင်စင်ကိစ္စမှာ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ယူ/မယူကတော့ ပါတီအနေနဲ့ ကျနော်မပြောချင်ဘူး”ဟု ပြောသည်။
မဆလခေတ်က ပါတီက နိုင်ငံတော်ကို ဦးဆောင်သဖြင့် အနည်းဆုံး ပါတီဝင် ၄ နှစ် သက်တမ်းရှိသူများကို ရပ်ကွက်အဆင့်အထိ နိုင်ငံရေး ပင်စင်ပေးခဲ့ပြီး ယခုချိန်အထိလည်း ခံစားခွင့်ရရှိနေကြောင်း၊ နိုင်ငံရေး ပင်စင်ပေါ်ပေါက်လာခြင်းမှာ ၁၉၈၀ ခုနှစ်တွင် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး အောင်မြင်သည့် အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေး မော်ကွန်းဝင်များကို နိုင်ငံရေးပင်စင် ချီးမြင့်ငွေပေးရာမှ ဖြစ်ကြောင်းသိရသည်။