ဟိုင်းပါ ဒုက္ခသည်စခန်း တခုလုံးက ဒုက္ခသည်တွေက နိုဝင်ဘာလရဲ့ နေ့လယ်ခင်း နေရောင်အောက်မှာ ကိုယ်စီ အလုပ်တွေနဲ့ စခန်းတခုလုံး လှုပ်လှုပ်ရှားရှား ရှိနေပါတယ်။ နေ့လယ်စာ အတွက် ထမင်းချက်သူက ချက်၊ နေထိုင်ရာ ကျောတခင်းစာကို သန့်ရှင်းရေးလုပ်သူက လုပ်နဲ့။
ဒီကြားထဲမှာ ဒေါ်နန်းအေးလျှို တယောက်က တော့ ဟိုင်းပါစခန်းထဲက ကွပ်ပျစ်ပေါ်မှာ မလှုပ်မယှက်၊ လဲလျောင်းပြီး အဝေးကို ငေးနေပါတယ်။ သူ့မျက်ဝန်းတွေမှာလည်း မျက်ရည်စတွေနဲ့ စိတ် ပျက်အားလျော့ နေပုံပါပဲ။ သူက အင်အားချည့်နဲ့ နေပေမယ့် သူ့ရဲ့ကလေးငယ်ကိုတော့ နို့ချိုတိုက်ကျွေး နေပါတယ်။
ဒေါ်နန်းအေးလျှိုက ဟိုင်းပါဒုက္ခသည် စခန်း ကို လွယ်လွယ်ကူကူနဲ့ ရောက်လာခဲ့တာ မဟုတ်ပါဘူး။
အစိုးရ တပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေး ကောင်စီ (SSPP/SSA) တို့ ပြင်းပြင်းထန်ထန် ပစ်ခတ်နေတဲ့ တိုက်ပွဲကြားကနေ ခက်ခက်ခဲခဲ ထွက် ပြေးလာရတာပါ။
“ပြေးလာတုန်းက ကျမ ကိုယ်ဝန်ရင့်မာကြီးနဲ့။ ကလေးကို သေနတ်သံတွေ ကြားနေရတဲ့ တောထဲမှာပဲ ကျမ ယောက်ျား ကိုယ်တိုင် မွေးပေးတာ” လို့ ပြန်ပြောင်း ပြောပြပါတယ်။
ဒေါ်နန်းအေးလျှိုက တိုက်ပွဲကို ပြေးရင်းရှောင်ရင်း တောထဲမှာ မီးဖွားခဲ့ရတာမို့ မီးဖွားချိန်မှာ လိုအပ်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆေးပစ္စည်းတွေ မရှိခဲ့ပါဘူး။
“ချက်ကြိုးကို ရိုးရိုးကတ်ကြေးနဲ့ပဲ ဖြတ်လိုက်တယ်” လို့လည်း သူက ပြောပါတယ်။
ဒေါ်နန်းအေးလျှိုက နိုဝင်ဘာလ ၆ ရက်မှာ တပ်မတော်နဲ့ SSPP အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ ကြားထဲက ထွက်ပြေးတိမ်းရှောင် လာခဲ့ရတဲ့ စစ်ပြေးဒုက္ခသည် တထောင်ကျော်ထဲက တဦး ဖြစ်ပါတယ်။
စစ်ဘေးရှောင် ဒုက္ခသည်တွေက တိုက်ပွဲ ဖြစ်ပွားချိန်မှာ တကိုယ်စာ သယ်နိုင်တဲ့ ပစ္စည်းတွေကို သယ်ပြီး စစ်ဘေးနဲ့ ဝေးရာ ဟိုင်းပါ ဒုက္ခသည်စခန်းကို ရောက်ဖို့ လမ်း ၁ ရက် လျှောက်ခဲ့ရတယ် လို့ ပြောကြပါတယ်။
ဒေါ်နန်းအေးလျှိုကတော့ မီးဖွားမယ့် အချိန်နဲ့ စစ်ပွဲဖြစ်ပွားတာက အချိန်ကိုက်နေတာမို့ လမ်းမှာ မီးဖွားရင်း ဟိုင်းပါဒုက္ခသည် စခန်းကို ရောက်ဖို့ ၈ ရက်ကြာခဲ့တယ် လို့ သူက ဆိုပါတယ်။
“မွေးဖွားပြီးတော့ ကျမတို့ အိမ်ကနေ ပါလာတဲ့ ထမင်းကြမ်းနဲ့ ရေပဲသောက်ရတယ်။ မီးမွှေးဖို့ကလည်း မဖြစ်ဘူး လေ။ မီးမွှေးရင်လည်း တပ်ကလူ ရောက်လာမှာ ကြောက်တယ်” ဟု ဒေါ်နန်းအေးလျှို မွေးဖွားပြီး ကြုံတွေ့ရတဲ့ အတွေ့အကြုံကို ပြောပြပါ တယ်။
ဒုက္ခသည် စခန်းကိုရောက်လာတော့ ကျေးရွာက လူတွေရော၊ ရွာက ဆရာမရော လိုအပ်တာ မှန်သမျှ ကူညီတယ်။ ကလေးကတော့ နေကောင်း ပါတယ်။ ကျမကတော့ ခေါင်းနည်းနည်း မူးနေတယ်။ အသက် ရှူရတာ မောတယ်လို့လည်း သူက ဝမ်းနည်း စွာ ပြောပါတယ်။
ရှမ်းပြည်နယ်ရဲ့ နိုဝင်ဘာလ တိုက်ပွဲထဲမှာ ပြေးရင်းလွှားရင်း ဒေါ်နန်းအေးလျှိုလို မီးဖွားခဲ့ရတဲ့သူ နောက်ထပ် ၃ ဦး ရှိပါသေးတယ်။
ထိုအထဲက တဦးအပါအဝင် ဖြစ်တဲ့ ဒေါ်နန်းဆိုင်ကျန် ကလည်း ဟိုင်းပါ ဈေးတန်းတွင် ကလေးကို ချီကာ ထိုင်နေပါတယ်။
“ကျမ ကလေးကို တောထဲက ဂူတခုမှာ မွေးရတယ်။ ကျမကို ကျမရဲ့ အမေနဲ့ အစ်ကိုက မွေးပေးတယ်။ ကလေးရဲ့ ချက်ကြိုးကို အစ်ကိုကပဲ အိမ်ကနေ ပါလာတဲ့ ရိုးရိုးကတ်ကြေးနဲ့ ညှပ်ပေးတယ်။ မွေးတဲ့ အချိန်မှာ သေနတ်သံတွေ၊ စစ်သားတွေကို ကြောက်ကြောက်နဲ့ မွေးလိုက်ရတာပဲ” ဟု ဒေါ်နန်း ဆိုင်ကျန်က ဆိုပါတယ်။
တိုက်ပွဲတွေကြားမှာ ကလေးမွေးရတာ အခက်အခဲမျိုးစုံ ကြုံရတယ်။ အဓိကကတော့ စစ်သားတွေကို ကြောက်စိတ်ပဲ။ မွေးနေတုန်း တယောက်ယောက် ရောက်လာမှာ ကြောက်တယ်။ မွေးနေတုန်း ကိုယ်အနီးမှာ သေနတ်တွေ၊ လက်နက်တွေကျမှ ကြောက်တယ် ဟုလည်း ဒေါ်နန်းဆိုင်ကျန်က သူမီးဖွားချိန် ကြုံတွေ့ရတာကို ပြန်ပြောပြပါတယ်။
“ကလေးကို တောထဲမှာ မွေးလိုက်မယ် လို့ မထင်မိဘူး။ ဘာပစ္စည်းမှလည်း မရှိဘဲ အိမ်ကလူတွေ ကိုယ်တိုင် မွေးရတာ အရမ်းခက်ခဲတယ်။ ကလေးကို မွေးပြီး ဒီဟိုင်းပါးကျေးရွာကို ရောက်ဖို့ ဖြည်းဖြည်းလေး လမ်းလျှောက် လာရတယ်။ တရက် နီးပါး လျှောက်လာရတယ်” ဟု အတွေ့အကြုံကို ပြောပါတယ်။
ဟိုင်းပါကျေးရွာ စစ်ဘေးရှောင် စခန်းက မိုင်းရှူးမြို့ နှင့် ၁၀ မိုင် ဝေးကွာ ပါတယ်။
ဟိုင်းပါ စစ်ဘေးရှောင် ဒုက္ခသည် စခန်းမှာ ဒုက္ခသည် ၁၅၀ဝ ရှိပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေ ပိုများပါတယ်။ အမျိုးသမီး ဦးရေက ၇၀ဝ ကျော် ရှိပါတယ်။
ထိုစခန်းရှိ အမျိုးသမီးများ ကလေးငယ်များဟာ တိုက်ပွဲကြောင့် စိတ်အားငယ်မှုတွေ၊ စိုးရိမ်မှုများစွာနဲ့ ရင်ဆိုင်နေ ရတာ တွေ့ရပါတယ်။
ဟိုင်းပါကျေးရွာ စစ်ဘေးရှောင်စခန်းမှာ ရောက်ရှိနေတဲ့ ဒုက္ခသည်အများစုက ရှမ်း၊ တအာင်း (ပလောင်) နဲ့ လီဆူးတွေ ဖြစ်ပြီး ရှမ်းဘာသာ စကားကိုပဲ ပြောဆိုနေတာ တွေ့ရတယ်။
တိုက်ပွဲကြောင့် တောထဲမှာ မီးဖွားခဲ့ရတဲ့ မိခင် ၄ ဦးစလုံး မီးဖွားပြီးပြီးချင်း လက်နက်ကြီး ကျမှာကို စိုးရိမ်ကာ ကလေးငယ်ကို ချီပြီး လုံခြုံစိတ်ချတဲ့ ဟိုင်းပါကို ခက်ခဲပင်ပန်းစွာ လမ်းလျှောက်ခဲ့ကြရတာပါ။
ထိုနည်းတူ ရွာမှာ ကလေးမွေးစဉ် သေနတ်သံ၊ လက်နက်ကြီးသံကြောင့် မွေးပြီးပြီးချင်း ရက်ပိုင်းအတွင်း ထွက်ပြေးလာရတဲ့ နားပေကျေးရွာက အသက် ၁၈ နှစ်အရွယ် ရှမ်းအမျိုးသမီး မနန်းဆိုင်ခမ်းကိုလည်း စစ်ဘေးရှောင် စခန်းမှာ တွေ့ရပါတယ်။
“ကျမရဲ့ သားကို ရွာမှာ မွေးပြီး ၃ ရက်မြောက် နေ့မှာ သားကို ချီပြီး ဟိုင်းပါကျေးရွာကို လမ်းလျှောက်ခဲ့ရတယ်။ ဒီရောက်တော့ ကျမ လမ်းမလျှောက်နိုင်၊ မထိုင်နိုင်တော့ဘူး။ ကျမရဲ့ မွေးလမ်းကြောင်း ရောင်လာတယ်” ဟု မနန်းဆိုင်ခမ်းက ရှမ်းဘာသာဖြင့် ပြောပြသည်။
ကလေးမွေးပြီး မိုင်နဲ့ချီ လမ်းလျှောက်လာရတော့ ကျမရဲ့ မွေးလမ်းကြောင်းက ဟိုင်းပါကျေးရွာ ရောက်တာနဲ့ နာတော့တာပဲ။ ၇ ရက်လောက် လမ်းတောင်မလျှောက်နိုင်၊ မထိုင်နိုင်တဲ့ အဆင့်အထိတောင် ရောက်သွားတယ် လို့ ပြောပြပါတယ်။
“ကျမ ဒီစခန်းကို ရောက်တော့ လမ်းမလျှောက် နိုင်၊ မထိုင်နိုင်လောက်အောင် ခံရတယ်။ အရမ်း နာတယ်။ ဒီက ဆရာမတွေက လိမ်းဆေးတွေ ပေးတယ်။ ဆေးထိုးပေးလို့ သက်သာခဲ့တာပါ” ဟု မနန်းဆိုင်ခမ်းက ပြောပြ တယ်။
“သူမက အသက် ၁၈ နှစ်ပဲ ရှိသေးတယ်လေ။ သွေးနုသားနု ကလေးမီးဖွားပြီး ချက်ချင်း လမ်းလျှောက်လာတော့ မွေးလမ်းကြောင်း ရောင်တာပေါ့။ ဒီကိုရောက်တော့ သူလမ်းလျှောက်လာတဲ့ အရှိန်ကြောင့် သူတော်တော် ခံစားရတဲ့ပုံ ပါပဲ။ လမ်းတလျှောက် သူ ဘယ်လိုများ အားတင်းလျှောက်လာလဲ ပေါ့။ ဒီကို ရောက်တော့ မထိုင်နိုင် မထနိုင်တာတောင် ဖြစ်တယ်” ဟု ဟိုင်းပါကျေးရွာမှ သားဖွားဆရာမ နန်းမြဦးဆာက ဧရာဝတီကို ပြောပါတယ်။
ဟိုင်းပါ စစ်ဘေးရှောင် ဒုက္ခသည် စခန်းမှာ သားဖွားဆရာမ တဦးသာ တွေ့ရပါတယ်။
တောထဲမှာ စစ်ပြေးရင်း မွေးဖွားလာတဲ့ မိခင်များနဲ့ ဒုက္ခသည် စခန်းမှာ မွေးဖွားတဲ့ မိခင်များကို သူတဦးတည်း လက်မလည်နိုင်အောင် ကုသပေးနေရတယ်။
“တောထဲ မွေးလာတဲ့ မိခင်တွေက အာဟာရချို့တဲ့ နေတယ်။ ရှမ်းအမျိုးသမီးအဖွဲ့အစည်း (SWAN) ကလည်း မုန့်တွေ၊ ကြက်ဥတွေ၊ အာဟာရ အစားအသောက်တွေ လာလှူပါတယ်” လို့ နန်းမြဦးဆာက ဆိုပါတယ်။
လက်ရှိတွင် ဟိုင်းပါကျေးရွာ စစ်ဘေးရှောင် ဒုက္ခသည် စခန်းတွင် မီးဖွားသူ ၆ ဦးရှိပြီး တောထဲတွင် မွေးဖွားလာ သူမှာ ၄ ဦး ရှိကြောင်း၊ တောထဲတွင် မွေးဖွားခဲ့ရသည့် မိခင်များကို ဂရုစိုက် ကြည့်ရှုနေရကြောင်းလည်း သားဖွား ဆရာမက ပြောပါတယ်။
“ကျမတို့ဆီမှာ ဆေးပစ္စည်းတွေ လုံလုံလောက်လောက် မရှိဘူး။ ဒုက္ခသည်မှာ အများဆုံးကတော့ နှာချေ၊ အအေးမိပါ။ သေနတ်ဒဏ်ရာရ တဦးတော့ ရှိတယ်” ဟု ဆရာမက ထပ်မံပြောပါတယ်။
တောထဲမှာ ကလေးမွေးဖွားလာတဲ့ အချိန် သန့်ရှင်းတဲ့ ဆေးပစ္စည်းတွေကို အသုံးမပြုရင် ကလေးငယ်နဲ့ မိခင်အတွက် အသက်အန္တရာယ် စိုးရိမ်ရကြောင်းကိုလည်း ဆရာဝန်များက ပြောပါတယ်။
“ကလေးရဲ့ ချက်ကြိုးကို ဖြတ်ဖို့ အတွက် ရိုးရိုးကတ်ကြေးတွေ သုံးရင် မေးခိုင်ပိုး ဝင်နိုင်တယ်။ အသက် ဆုံးရှုံးနိုင်တဲ့ အဆင့်ထိ ဖြစ်နိုင်တယ်” ဟု အထွေထွေ အထူးကု အမျိုးသမီးဆရာဝန် တဦးက ဧရာဝတီသို့ ပြောသည်။
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ စစ်ဘေး ဒဏ်ကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေက စစ်ပြေးဒုက္ခသည် အဖြစ်နဲ့ ထွက်ပြေး တိမ်းရှောင်နေရပြီး အခက်အခဲပေါင်း များစွာ ကြုံတွေ့နေရတဲ့ အတွက် ကျန်းမာရေး စောင့်ရှောက်မှု များလည်း မရရှိကြကြောင်း နိုဝင်ဘာ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုများ ပပျောက်ရေးနေ့တွင် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ထုတ်ပြန်ထား ပါတယ်။
“ပြည်တွင်းစစ်ကြောင့် အမျိုးသမီးနဲ့ ကလေးတွေရဲ့ ဘဝကတော့ ရင်လေးစရာ ဖြစ်တယ်။ အထူးသဖြင့် အမျိုးသမီးတွေ အတွက် ဘဝလုံခြုံမှု မရှိဘူး ဆိုတာ ထင်ထင်ရှားရှား တွေ့ရတယ်။ ပြီးတော့ တိုက်ပွဲကြားထဲ တောထဲမှာ မွေးတဲ့ မိခင်ရော၊ ကလေးရော အခက်အခဲမျိုးစုံ ရှိတာကို တွေ့ရပါ တယ်။ အဓိက ပြည်တွင်းစစ် ရပ်တန့်ဖို့ ကျမတို့ အစိုးရကို ဖိအားပေးသွားမယ်” လို့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ မွန်းနေလီက ဆိုပါတယ်။
စစ်ပွဲကြောင့် ဒုက္ခရောက်နေရတဲ့ သားဖွား မိခင်တွေနဲ့ အမျိုးသမီးတွေကတော့ နေရပ်ကို အမြန်ဆုံး ပြန်ချင် နေကြကြောင်း ပြောပါတယ်။ ။
(နန်းဆိုင်နွမ်သည် ဧရာဝတီ သတင်းဌာန သတင်းထောက်တဦး ဖြစ်ပြီး တိုင်းရင်းသားရေးရာများ၊ ငြိမ်းချမ်းရေး ဆောင်းပါးများ ရေးသားလျက်ရှိသည်။ [email protected] သို့ ဆက်သွယ်နိုင်သည်။)