ယခု ဘဏ္ဍာနှစ် ၂၀၁၅-၂၀၁၆ ပထမ ၆ လပတ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ အစီရင်ခံစာတွင် ယခင်နှစ် အလား တူ ကာလနှင့် နှိုင်းယှဉ်ပါက ရငွေလျော့နည်းခဲ့ပြီး သုံးငွေပိုများကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။
ဒီဇင်ဘာ ၁၄ ရက်နေ့ ပြည်ထောင်စု လွှတ်တော်တွင် ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာရေးနှစ် ပထမ ၆လပတ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ အစီရင်ခံစာနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြချက်တွင် ဝန်ကြီး ဦးဝင်းရှိန်က ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
“ယခင်နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ရငွေလျော့နည်းတာကို တွေ့ရတယ်။၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ် ပထမ ၆ လပတ်အတွက် ရငွေက ကျပ် ၆၅၂၄ ဒသမ ၄၀၆ ဘီလီယံ ရှိခဲ့တယ်။ ယမန်နှစ်ရဲ့ အလားတူကာလမှာ ကျပ် ၇၀၀၃ ဒသမ ၇၁၀ ဘီလီယံ ရှိခဲ့တဲ့ အတွက် ယခုနှစ်မှာ ကျပ် ၄၇၉ ဒသမ ၃၀၄ ဘီလီယံ လျော့နည်းသွားတာကို တွေ့ရပါတယ်”ဟု ၎င်းက ပြောသည်။
ယင်းကဲ့သို့ ရငွေလျော့နည်းရခြင်းသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ပထမ ၆လပတ်တွင် ဆက်သွယ်ရေးနှင့် သတင်းအချက် အလက် နည်းပညာ ဝန်ကြီးဌာနမှ ဆက်သွယ်ရေးလိုင်းနှုန်း အခွန်အခ ရငွေ အမေရိကန် ဒေါ်လာ ၇၅၅ သန်း အပါအဝင် ရငွေကျပ် ၁၂၁၂ ဒသမ ၀၈၅ ဘီလီယံ ရရှိခဲ့သော်လည်း စွမ်းအင်ဝန်ကြီးဌာန၏ ရငွေသည် ကျပ် ၁၇၉၅ ဒသမ ၀၁၃ ဘီလီယံ ရခဲ့ပြီး ယခုနှစ်တွင် သဘာဝဓာတ်ငွေ့နှင့် လေယာဉ်ဆီ ရောင်းရငွေများ လျော့နည်းရရှိခဲ့ရာ ကျပ် ၁၄၄၉ ဒသမ ၇၆၂ ဘီလီယံသာ ရရှိခဲ့ခြင်းကြောင့် ဖြစ် ကြောင်းလည်း ၎င်းက ပြောကြားသည်။
ထို့အပြင် နိုင်ငံပိုင်စီးပွာရေး လုပ်ငန်းများ၏ ရငွေသည်လည်း ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ် ပထမ ၆လပတ် ရငွေ ကျပ် ၃၀၁၅ ဒသမ ၆၀၂ ဘီလီယံဖြစ်ပြီး ယခင်နှစ် အလားတူကာလတွင် ကျပ် ၃၈၀၂ ဒသမ ၇၈၂ ဘီလီယံ ရရှိခဲ့ရာ ကျပ် ၇၈၇ ဒသမ ၁၈ ဘီလီယံ လျော့ကျမှု ရှိကြောင်း သိရသည်။
“နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းလုပ်ငန်း ဆောင်ရွက်မှုနဲ့ ဝင်ငွေရရှိမှုကိုလည်း သုံးသပ်ခြင်း၊ နည်းလမ်းရှာဖွေခြင်းများကို ဆောင်ရွက် ရမယ်၊ ဒုတိယ ၆လပတ်ကာလရဲ့ ရငွေအပိုင်းကိုလည်း ပြန်လည်စောင့်ကြည့် ကြရမယ်”ဟု ဘဏ္ဍာရေး ဝန်ကြီး ဦးဝင်းရှိန်က ပြော သည်။
အလားတူ သုံးငွေအနေဖြင့်လည်း ယခုနှစ် ပထမ ၆လပတ်အတွက် ကျပ် ၈၂၃၀ ဒသမ ၅၄၂ ဘီလီယံ ရှိခဲ့ပြီး ယမန်နှစ် အလားတူ ကာလတွင် ကျပ် ၆၄၁၃ ဒသမ ၇၅၈ ဘီလီယံ ရှိခဲ့ရာ ယခုနှစ်တွင် ၁၈၁၆ ဒသမ ၇၈၅ ဘီလီယံ ပိုခဲ့သည်ဟု ဆိုသည်။
ဘဏ္ဍာနှစ် ပထမ ၆လပတ်အတွင်း သုံးငွေပိုလာခြင်းသည် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများ တိုးမြှင့်ခြင်း၊ ပညာရေးဝန်ကြီး ဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာနများတွင် ပိုမိုသုံးစွဲခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဘဏ္ဍာရေး ဝန်ကြီးဌာနတွင်လည်း ဘဏ်အပ်ငွေအပေါ်အတိုးများ ပိုမိုလာခြင်း၊ ဆက်သွယ်ရေး ဝန်ကြီးဌာနတွင် နှစ်ဟောင်း ဝင်ငွေခွန် ကြွေးကျန်များပေးချေခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနတွင် နှစ်ဟောင်းအတွက် သစ်ထုတ်၊ သစ်သယ် စရိတ်များ ပေးချေခြင်း၊ နိုင်ငံခြားငွေလဲနှုန်း တိုးမြင့်လာခြင်း၊ ချေးငွေ အတိုးအရင်းပေးဆပ်မှုများ၊ ပြည်ပ အကူအညီ ရငွေနှင့် ချေးငွေများ ယခင်နှစ် အလားတူ ကာလထက် ပိုမိုများပြားခြင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် နိုင်ငံခြားသံရုံး တချို့ မြေ၊ အဆောက်အအုံ ဝယ်ယူခြင်းနှင့် ဆောက်လုပ်ခြင်းတို့ကြောင့် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။
ပြည်ထောင်စု ဝန်ကြီးဌာနများ၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပထမ ၆လပတ်အတွက် ရငွေလျာထားချက် ကျပ် ၇၁၂၂ ဒသမ ၅၆၄ ဘီလီယံ လျာထားသော်လည်း ကျပ် ၆၅၂၄ ဒသမ ၄၀ ဘီလီယံ ရရှိပြီး ဖြစ်ကြောင်း၊ သုံးငွေ လျာထားချက်သည်လည်း ပထမ ၆လ ပတ် အတွက် ကျပ် ၉၃၇၇ ဒသမ ၃၄၀ ဘီလီယံ လျာထားပြီး ကျပ် ၈၂၃၀ ဒသမ ၅၄ ဘီလီယံ သုံးစွဲပြီး ဖြစ်ကြောင်း သိရသည်။