အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမေရိကန် ဆန်ရှင် ( US sanction) ထိထား သော သူဌေးကြီး (ခရိုနီ) ဦးတေဇ၏ ဟိုတယ်တွင် နိုင်ငံရေးသင်တန်း ပေးသည့် သတင်း သည် အားလုံး၏ (မဲဆန္ဒရှင်များ အပါအဝင်) ပါးစပ်ဖျားတွင် ပြောနေကြသော သတင်း တပုဒ် ဖြစ်သည်။
ခရိုနီ အချင်းချင်းမှာတောင် ထူးကုမ္ပဏီကို တည်ထောင်ခဲ့သော ဦးတေဇသည် ယခင် စစ်အစိုးရ အာဏာရှင်များနှင့် ရင်းနှီးခဲ့သူ၊ စီးပွားရေး အခွင့်လမ်းကို ရသလောက်ယူခဲ့သူ သစ်လုပ်ငန်း၊ လက်နက်ပွဲစား (စစ်တပ်အတွက် ဟယ်လီကော့ပတာ ဝယ်ပေးခဲ့တာဟု သူကဖွင့်ဟ ဝန်ခံခဲ့ဘူးသည်) လုပ်ငန်းများတွင် ပါဝင်ခဲ့သူ ဖြစ်သည့်အတွက် US ၏ စီးပွားရေး ပိတ်ဆို့မှုကို ခံနေရသူဟု ပြည်တွင်း ပြည်ပတွင် ပုံရိပ်ဆိုး ရှိခဲ့သူ ဖြစ်ပါသည်။
ယခုနိုင်ငံရေး အရွေ့တွင်လည်း ဦးတေဇနှင့် သူ၏ ကုမ္ပဏီသည် ဒေါ်အောင်ဆန်းစုကြည်ကို ပြေးကပ်ခဲ့သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ကူညီထောက်ပံ့မှုတွေ လုပ်ခဲ့သည်ဟု သတင်းများက ရေးသားဖော်ပြခဲ့သည်။ ဦးတေဇ တဦးထဲတော့ မဟုတ်ပါ။
ယခင်နှစ်တွေက NLD ပါတီ ရံပုံငွေရှာပွဲများတွင် ဦးတေဇအပါအဝင် ခရိုနီများ၊ သူဌေးများ ငွေကြေးပါဝင် လှူဒါန်းခဲ့ကြသည်။ ၂၀၁၃ နှစ်ဦးပိုင်းက ကျင်းပတဲ့ ရံပုံငွေပွဲတခုမှာ ဆိုရင် ဦးတေဇ ကုမ္ပဏီက ဒေါ်လာ ၈၂, ၀၀၀ လှူခဲ့ပါတယ်။ ဒီလို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို လှူခဲ့တဲ့ ရည်ရွယ်ချက်ကို မှန်းဆကြည့်မယ်ဆိုရင် US Sanction စာရင်းက ထွက် ချင်နေတာ အဓိကအကြောင်းအရင်းလို့ အများစုက ခန့်မှန်းတွက်ချက်ကြပါတယ်။ မြန်မာလိုဆိုရင်တော့ အကျိုးလိုလို့ ညောင်ရေလောင်းတာပေါ့။
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း “ဒီခရိုနီတွေကို ပြုပြင်ဖို့အတွက်တော့ အခွင့် အလမ်းပေးရမယ်။ အရင်တုန်းက ဘာအမှားတွေပဲ လုပ်ခဲ့လုပ်ခဲ့လို့” ခရိုနီတွေဖက်က စဉ်းစားပြီးပြောခဲ့တာ တွေ့ရသည်။
ဘဝရှင်မင်းတြားကြီး ဦးသန်းရွှေကို မကြာခင်က တွေ့ဆုံပြီး သူရဲ့ စိုးရိမ်မှုတွေ၊ အကြောက် တရားတွေကို အမျိုးသားရင်ကြားစေ့ရေးအတွက် ရည်ရွယ်ပြီး တွေ့ခဲ့တဲ့ ခေါင်းဆောင်ဟာ ဦးတေဇလို ခရိုနီဆိုးတွေကို ခွင့်လွတ်နိုင်တယ်ဆိုတာ အားလုံးတွက်ဆပြီးသားဖြစ်မှာပါ။
ဒါ့အပြင် ဒီခရိုနီတွေရဲ့ ပိုက်ဆံတွေဟာ ဇိမ်ခံပစ္စည်းတွေ သူတို့ကြိုက်တဲ့ နောက်ဆုံးပေါ် ကားတွေ ဝယ်စီး အသုံးပြုရုံတာ မဟုတ်ဘဲ အကျိုးရှိတဲ့နေရာမှာ သုံးပေးရင် ကောင်းတာ ပဲလို့ အကောင်းမြင်သူတွေလည်း ရှိသည်။
မှန်ပါသည်။
ဒါပေမယ့် NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်က ခရိုနီတန်ခိုးနဲ့ တိုင်းပြည်အမျိုးဂုဏ် ခရိုနီ တွေရဲ့ အမျိုးဂုဏ် တက်အောင် လုပ်ဖို့တော့ စိတ်မကူးပါနဲ့၊ ဘာကြောင့်လဲဆိုတော့ NLD ပါတီဆိုတာ ခရိုနီတွေရဲ့ Laundry အဝတ်လျှော်စက်ကြီး ဖြစ်မသွားဖို့ အရေးကြီး၏။
အနိုင်ရတဲ့ NLD ပါတီကို ထောက်ခံလို့ US ကနေ ဆန်ရှင်နှုတ်ပေးမယ်ဆိုရင် ခရိုနီ တွေအားလုံး NLD ပါတီကို အဝတ်လျှော်စက်လို့ပဲ မြင်ကြတော့မှာ ဖြစ်သည်။
သယံဇာတ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံကို စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ လောဘဇောတိုက်ပြီး သဘာဝပတ်ဝန်းကျင်တွေကို ဖျက်ဆီးခဲ့တာ ခရိုနီ စီးပွားရေးသမားတွေ အများစု ဖြစ်သည်။ သူတို့ပဲ ချမ်းသာလာပြီး တိုင်းပြည်က မွဲပြာလာနေဆဲပါ။ ဘဏ္ဍာပုံပေါ်မှာ ထိုင်နေပြီး ပြည်သူ၊ ပြည်သားတွေကို ဘယ်လိုပြန်ကူရမလဲ ဆိုတာတောင် စိတ်မကူးနိုင်တဲ့ ခရိုနီတွေက အများစု ဖြစ်သည်။
(တိုင်းပြည်ကို ကောင်းစေချင် တဲ့၊ အရွေ့ကို ကောင်းစေချင်တဲ့ ခရိုနီကောင်း တချို့လည်း ရှိနေနိုင်တယ်လို့တော့ ယုံကြည်ပါတယ်။)
ဦးတေဇ အပါအဝင် ခရိုနီတွေက သူတို့မှားခဲ့ပါတယ်၊ ပြန်လျှော်ပါ့မယ်လို့ ပြည်သူပြည်သား တွေကို တရားဝင် ပြောခဲ့ရင်တော့ ခွင့်လွတ်နိုင်တဲ့ သဘောထားတွေ ရှိလာနိုင်သလို အပြောင်းအလဲကို တကယ်ယုံကြည်ဖို့ လိုပါသည်။
လောလောဆယ်မှာတော့ ငါးခုံးမ တကောင်ကြောင့် (ခရိုနီ) တလှေလုံး အပုတ်နံ့မှာ NLD ဟာ ခရိုနီတွေရဲ့ အဝတ်လျှော်စက် ဖြစ်မသွားဖို့တော့ လိုပါတယ်။ ဦးတေဇနဲ့ NLD ပါတီ ရင်ကြားစေ့တာဟာ ပြည်သူပြည်သားတွေရဲ့ အကျိုးစီးပွားအတွက်ပဲ ဖြစ်ရမယ်။
Elite တွေရဲ့ အကျိုးတူ ရင်ကြားစေ့ပွဲ ဖြစ်သွားရင် ပြည်သူပြည်သားတွေ ရင်ကွဲသွား ပါလိမ့်မယ်။