လာမည့်အစိုးရသစ် လက်ထက်၌ အမျိုးသမီးဝန်ကြီးဌာန ထားရှိရန် ဆောင်ရွက်ပေးသင့်ကြောင်း အမျိုးသမီး လွှတ်တော် ကိုယ်စား လှယ်လောင်းများက အကြံပြု ဆွေးနွေးမှု ပြုလုပ်သည်။
နေပြည်တော်၌ ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်က ကျင်းပသည့် “ရွေးကောက်ပွဲတွင် အမျိုးသမီး ပါဝင်မှုအား လေ့လာတွေ့ရှိချက်များကို ဆွေးနွေးတင်ပြခြင်းနှင့် ပါတီစုံ စကားဝိုင်း”တွင် အကြံပြုဆွေးနွေးခြင်း ဖြစ်ကြောင်း အမျိုးသမီး ကိုယ်စားလှယ်များက ပြောသည်။
ထို အမျိုးသမီး စကားဝိုင်းကို ဒိန်းမတ်နိုင်ငံ အခြေစိုက် Danish Institute for Parties and Democracy (DIPD) ဦးဆောင်၍ လူမှု အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီ ၁၈ ပါတီမှ အမျိုးသမီး ၄၀ ပါဝင်ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
စကားဝိုင်း၏ ရည်ရွယ်ချက်သည် ရွေးကောက်ပွဲနှင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များ၌ အမျိုးသမီးများ ပါဝင်ခြင်းနှင့် ပတ်သက်ပြီး အထွေထွေ သုံးသပ်ချက်များကို ဆွေးနွေးရန်၊ အနာဂတ် ရွေးကောက်ပွဲတွင် အမျိုးသမီးများ ပါဝင်မှုကို ပိုမိုမြှင့်တင်ရန်နှင့် နိုင်ငံရေး ကဏ္ဍတွင် အမျိုးသမီးများ မိုပိုနေရာရရှိရန် ရည်ရွယ်ကြောင်း DIPD ၏ မြန်မာပြည် ဌာနေကိုယ်စားလှယ် ဒေါ်ခင်သဇင်မြင့်က ပြောပြ သည်။
အမျိုးသမီးအရေး တက်ကြွလှုပ်ရှားနေသည့် အခရာအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ထားထား ကလည်း“အမျိုးသမီး ဝန်ကြီးဌာန သေ သေ ချာချာလုပ်ပြီး တခြားဝန်ကြီးဌာနတွေမှာလည်း အမျိုးသမီးအတွက် လူမှုဖူလုံရေး၊ အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကို လုပ်သွား နိုင်ဖို့ အရေးကြီး လိုအပ်ပါတယ်”ဟု ပြောသည်။
အမျိုးသမီးများအတွက် လုံခြုံရေးသည် အဓိကဖြစ်ကြောင်း၊ လုံခြုံမှု မရှိပါက အမျိုးသမီးများသည် ပညာရေး၊ စီးပွားရေးများကို မလှမ်းနိုင်ကြောင်းလည်း ဒေါ်ထားထားက ဆက်ပြောသည်။
၂၀၁၅ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသည့် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သည့် အမျိုးသမီးအမတ်လောင်း ၈၀၀ ခန့်ရှိသည့် အနက် ၁၅၀ ခန့် အနိုင်ရရှိခဲ့ပြီး လွှတ်တော်အသစ်တွင် အမျိုးသမီး ကိုယ်စားလှယ်ဦးရေ ပိုမိုပါဝင်လာပြီဖြစ်ရာ အမျိုးသမီးအရေး၊ ကလေးသူငယ်အရေးများကို ပိုမိုတင်သွင်းတောင်းဆိုသွားကြမည်ဟု တက်ရောက်လာကြသည့် ပါတီစုံ အမျိုးသမီး ကိုယ်စားလှယ် များကလည်း ပြောဆိုကြသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် နိုင်ငံတဝန်းလုံး အပြတ်အသတ် အနိုင်ရရှိခဲ့ရာ လာမည့်အစိုးရသစ် အဖွ့ဲသည် အမျိုးသမီးဦးဆောင်မည့် အစိုးရသစ် ဖြစ်သည့်အတွက် မြန်မာပြည်တွင်း ဖြစ်ပွားနေသည့် အမျိုးသမီးအကြမ်းဖက်မှုများ၊ သက်ငယ်မုဒိန်းမှုများ၊ ဘက်ပေါင်းစုံမှ မဖွံ့ဖြိုးသေးသည့် အမျိုးသမီးများ၏ ဘဝ ရပ် တည်မှု လုံခြုံရေးအတွက် ကာကွယ်ပေးမည့် ဥပဒေတရပ် ပေါ်ထွန်းလာရန်လည်း အမျိုးသမီးအရေး တက်ကြွ လှုပ်ရှားသူများက မျှော်လင့် နေကြသည်ဟု ဆိုသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီမှ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ၁၃၃ ဦး အနိုင်ရရှိခဲ့သည့်အပြင် အမျိုးသမီးအခွင့် အရေး လှုပ်ရှားသူတချို့လည်း ကိုယ်စားလှယ်အဖြစ် ပါဝင်အရွေးချယ်ခံနေရသဖြင့် လာမည့်လွှတ်တော်တွင် အမျိုးသမီးများအတွက် အဆိုတင်သွင်းမှု ပိုများလာမည်ဟု ပါတီစုံ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုကြသည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနစ်ကတည်းက ကုလသမဂ္ဂ၏ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘော တူ စာချုပ်(CEDAW) ကို လက်မှတ်ရေးထိုးခဲ့သော်လည်း လက်ရှိတွင် အကောင်အထည်မှု မရှိခဲ့သေးပေ။
“၁၉၉၇ ကတည်းက CEDAW ကို မြန်မာနိုင်ငံက လက်မှတ်ထိုးထားပါတယ်။ အစိုးရသစ် လက်ထက်မှာတော့ CEDAW အသက် ဝင် လာမှာပါ။ ကျမအနေနဲ့ မျှော်လင့်ချက် ဆိုတာထက် လုပ်ကိုလုပ်နိုင်မယ်”ဟု NLD ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ပြီး အရွေးချယ်ခံ ရန်ကုန်တိုင်း ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် အနိုင်ရရှိသည့် ဒေါ်ဇင်မာအောင်က ဧရာဝတီကို ပြောသည်။
အမျိုးသမီးလွှတ်တော်အမတ် အသံများလာလျင် အဓိက အနေဖြင့် အမျိုးသမီးများ စိတ်ဓာတ်မြှင့်တင် လာကြမည် ဖြစ်ပြီး အမျိုးသမီး ဘဝမြှင့်တင်သည့် အစီအစဉ်များစွာ ဆောင်ရွက်စေချင်ကြောင်း ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စား ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် အနိုင်ရရှိသည့် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်ကလည်း ပြောဆိုသည်။
“ကျမထင်တာကတော့ နယ်စွန်နယ်ဖျားမှာ ရောက်နေတဲ့ အမျိုးသမီးတွေရဲ့ အရေးကို ဦးစားပေး လုပ်ဆောင်နိုင်မယ်လို့ ထင်ပါတယ်။ ကျမ မိခင်တယောက်လည်း ဖြစ်တဲ့အတွက်ကြောင့် အမျိုးသမီးကို အဓိကဦးဆောင်ချင်တာ ကျမ အမျိုးသမီး ဘဝကို မြှင့်တင်ပေးချင် တာ တချက်၊ ကလေးသူငယ်တွေရဲ့ ပညာရေးစနစ်နဲ့ ဘဝ မြှင့်တင်ပေးဖို့ ဦးစား ပေးချင်တယ်”ဟု ဒေါ်ကျိန်ငိုက်မန်က ဆိုသည်။
မူဝါဒ ချမှတ်သည့် နေရာတွင် ပါတီဝင် အမျိုးသမီးများလည်း ပါဝင်ခွင့်ရရန်လိုကြောင်း၊ လက်ရှိတွင် မူဝါဒ ချမှတ်သည့် နေရာတွင် အမျိုးသမီးအနည်းစုသာ ပါဝင်နေပြီး မူဝါဒပိုင်းတွင် အမျိုးသားများသာ ကြီးစိုးနေသည်ကို တွေ့နေရကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားနေသည့် ဒေါ်ခင်မမမျိုးကလည်း ပြောသည်။
အလားတူ ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေကလည်း အမျိုးသမီး သက်ငယ်မုဒိန်းမှုများကို ဦးစားပေး လုပ်ဆောင်သင့်သည်ဟု အကြံပြုသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဒေါ်နန်းဝါနုကမူ “အမျိုးသမီးတွေ လွှတ်တော်မှာ များလာရင်တောင်မှ ကျမတို့အနေနဲ့ သူတို့ အရည်အချင်း မသိသေးဘူး။ လွှတ်တော်ရော ဘယ်လောက်အထိ လွပ်လပ်မှု ရှိမလဲ။ အဲဒီအနေအထားတွေလည်း ကျမတို့ထည့်တွက်ရမှာ။ အခုအနေအထားက ပြောလို့ရတဲ့ အနေအထား မရှိသေးဘူး။ မျှော်လင့်ဆဲ အနေအထားပဲ ရှိပါတယ်”ဟု ဧရာဝတီ ကို ပြောသည်။
လာမည့် လွှတ်တော်တွင် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် အင်အားများလာပြီး အမျိုးသမီးနှင့် ပတ်သက်သည့် လုပ်ပိုင်ခွင့်များ ပိုပြီးရှိလာမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးတွင် အရေးကြီးနေသည့် အမျိုးသမီးများကဏ္ဍ၊ ကလေးငယ်များ အကြမ်းဖက်ခံရမှု ကိစ္စများတွင် NLD အစိုးရအနေဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို ဦးဆောင်နိုင်မည်ဟု ယုံကြည်ကြောင်းလည်း ဒေါ်နန်းဝါနုက ဆက်ပြော သည်။
ပြီးခဲ့သည့်လွှတ်တော်၌ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ၂၀၁၃ အောက်တိုဘာလ တွင် ကလေးသူငယ်များအပေါ် မုဒိန်းမှုကျူလွန်သူများကို သေဒဏ် (သို့မဟုတ်) ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်များပေးရန် အဆိုတင်သွင်းခဲ့ရာ ထိုအဆို ရှုံးနိမ့်ခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်းကာလမှ သမ္မတ ဦးသိန်းစိန်အစိုးရ တာဝန်ယူ အုပ်ချုပ်နေသည့် ကာလအတွင်း တိုင်းရင်းသား ဒေသများတွင် အစိုးရစစ်တပ်မှ စစ်သည်များ၏ အဓမ္မပြုကျင့်မှုပေါင်း ၁၀၀ကျော် ရှိခဲ့သည်ဟု ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB) ၏ ၂၀၁၅ ခုနစ် ဇန်နဝါရီအတွင်း ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရသစ် လက်ထက်တွင် ပြည်တွင်းစစ် ရပ်တန့်ရန်၊ အမျိုးသမီးနှင့် ကလေးငယ်များဘဝ လုံခြုံမှုရရှိရန်၊ အမျိုးသမီးများ အဓမ္မပြုကျင့်ခံရပြီး အမှုမှန်မဖော်သေးသည့် ကိစ္စများကို အမြန်ဆုံးဖော်ဆောင်ရေးနှင့် တရားဥပဒေ စိုးမိုးသည့် နိုင်ငံတော် ဖြစ်လာရေးကိုလည်း အမျိုးသမီး တက်ကြွလှုပ်ရှားသူများက မျှော်လင့်နေကြသည်။