ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်ကျွန်း ခေါ် လိပ်ကျွန်းလူသတ်မှု အား ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စီရင် ချက် အမိန့်ချမှတ်တော့မည်ဖြစ်သည်။
လူသတ်မှု ကျူးလွန်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသည့် ကိုဇော်လင်းနှင့်ကိုဝင်းဇော်ထွန်းတို့အား စွပ်စွဲထားသည့် ပုဒ်မများ သည် ခိုင်မာသည့် မျက်မြင် သက်သေ အထောက်အထား မတွေ့ရ၍ တရားသေလွတ်မြောက်နိုင်ဖွယ် ရှိကြောင်း ယင်း အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးအောင်မျိုးသန့် က ဧရာဝတီ ကို ပြောသည်။
ထို့အတူ ထိုင်းရဲတပ်ဖွဲ့က စွဲဆိုထားသည့် ဖြောင့်ချက်ပေးခြင်း၊ မျိုးဗီဇ (DNA ) တူခြင်း၊ CCTV ထဲမှ ပုံရိပ်တူခြင်း စသည် တို့ကိုလည်း တရားရုံး၌ ဖြေရှင်းပြီးဖြစ်ကြောင်း၊ ဖြောင့်ချက်ယူခဲ့ရာတွင်လည်း ဥပဒေ၏ လုပ်ထုံးလုပ်နည်းများနှင့်မကိုက် ညီ သည့်အတွက် ပြန်လည်ချေပခဲ့ပြီး ဖြစ်၍ ပျက်ပြယ်သွားပြီဖြစ်ကြောင်း ဦးအောင်မျိုးသန့် က ပြောသည်။
၎င်းက “တကယ်လို့ ပြစ်မှု မထင်ရှားလို့ တရားသေ လွတ်ပေးခဲ့မယ်ဆိုရင်တောင် ၆ လလောက် ကြာဦးမှာပါ၊ ဘာကြောင့် လည်းဆိုတော့ အမှုကိုင်တဲ့ ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာအရ ဘန်ကောက်က တရားရုံးချုပ်မှာ ဆက်ပြီတော့ ပြင်ဆင်မှုတင်ဦး မယ်လို့ ကြားသိထားပါတယ်” ဟု ဆိုသည်။
အကယ်၍ ထိုင်းရဲတပ်ဖွဲ့က တရားရုံးချုပ်ထံ ပြင်ဆင်ချက်တင်မည်ဆိုပါက အမှုအား ကူညီဆောင်ရွက်ပေးနေသည့် ဘန် ကောက်ရှိ မြန်မာသံရုံးက ဖွဲ့စည်းပေးထားသည့် သံရုံး အထူးအဖွဲ့နှင့် ထိုင်းနိုင်ငံ ရှေ့နေများကောင်စီတို့ကလည်း အယူခံဝင် သွားရန် ပြင်ဆင်ထားကြောင်း သိရသည်။
ရှေ့နေ ဦးအောင်မျိုးသန့်က “တရားသေလွတ်ရင်တောင် နိုင်ငံခြားသားတွေဖြစ်လို့ အမှုကို ထောင်ထဲက ဖြေရှင်းဖို့ တောင်း ဆိုလာနိုင်ပါတယ်၊ အဲလိုဆိုရင် ကျနော်တို့ဘက်ကလည်း တရားရုံးက လွှတ်ပေးထားတဲ့အတွက် ထောင်အပြင်မှာ အာမခံနဲ့ နေထိုင်ခွင့်ပေးပြီးတော့ အမှုကို ဆက်လက် ဖြေရှင်းဖို့ တောင်းဆို သွားမှာပါ” ဟုဆိုသည်။
လူသတ်မှု ကျူးလွန်သည်ဟု စွပ်စွဲ ဖမ်းဆီးခံထားရသည့် ဝင်းဇော်ထွန်းနှင့်ဇော်လင်းတို့အား စွဲဆိုထားသည့် အချက် များ အနက် DNA အပါအဝင် တခြားအချက်များသည်လည်း ခိုင်မာသည့် အထောက်အထားများ မတွေ့ရဟုဆိုကာ ထိုင်းနိုင်ငံမှ မှုခင်း ကျွမ်းကျင် ဆရာဝန်များနှင့်ရှေ့နေများက တရားရုံး၌ ထွက်ဆိုထားပြီး ဖြစ်၍ လိပ်ကျွန်းလူသတ်မှုသည် တရားသေ လွှတ်မြောက်နိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။
သို့သော် ဝင်းဇော်ထွန်းနှင့်ဇော်လင်းတို့အား စွဲဆိုထားသည့် အမှုများ၌ ထိုင်းနိုင်ငံတွင်းသို့ တရားမဝင်လာရောက် နေထိုင်မှု အတွက် ဆက်လက် အမှုရင်ဆိုင် ဖြေရှင်းရမည်ဖြစ်ကြောင်း သိရသည်။ ဗြိတိသျှ နိုင်ငံသား နှစ်ဦး အသတ်ခံခဲ့ရသည့် လိပ် ကျွန်း ခေါ် ကော့တောင်ကျွန်း လူသတ်မှုသည် ၂၀၁၄ ခုနှစ် စက်တင်ဘာ လ ၁၅ ရက်တွင် ဖြစ်ပွား ခဲ့သည်။
ထိုအမှုအား မည်သို့ စီရင်ချက် အမိန့် ချမှတ်မည်ကိုလည်း ကမ္ဘာ တဝန်း က စိတ်ဝင် တစား စောင့်ကြည့်ခြင်း ခံနေရသည်။
ယနေ့တွင် လိပ်ကျွန်းလူသတ်မှုအပြင် တခြားသော ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများ၏ လူ့အခွင့်အရေး ချိုးဖောက် ခံနေရမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင် ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက် ရေး ဖောင်ဒေးရှင်း (FED)အဖွ့ဲမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်သည်။