Miss တွေ မြန်မာနိုင်ငံမှာ အများအပြား ပေါ်ထွက်လာပေမယ့် ပြည်သူချစ်ပြီး နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်ခဲ့တဲ့ Miss တွေ ကတော့ လက်ချိုးရေလို့ ရပါတယ်။ ဒီအထဲမှာမှ ပိုလန်နိုင်ငံမှာ နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့တဲ့ Miss Supranational 2015 ကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ Miss L ဘောက်နူးက သွားရောက် ယှဉ်ပြိုင်ရခဲ့ပါတယ်။ Lဘောက်နူးက ကချင်တိုင်းရင်းသူ ဖြစ်ပြီး Miss Golden land က ရွေးချယ်ပြီး ပြိုင်ပွဲပြုလုပ်ခဲ့စဉ် ကတည်းက လူကြိုက် များတဲ့ အလှမယ်တဦးလည်း ဖြစ်ပါတယ်။
Lဘောက်နူးက အခုပြုလုပ်ပြီးတဲ့ Miss Supranational 2015 မှာလည်း အင်တာနက်မှာ မဲအများဆုံးနဲ့ အကောင်းဆုံး ညနေခင်းဝတ်စုံဆု နှစ်ဆုကို ရရှိပြီး အိမ်ပြန်လှတဲ့ Miss တဦး ဖြစ်လာခဲ့ပါတယ်။ ပြိုင်ပွဲဝင်နေစဉ်အတွင်းမှာ National Costume ပြိုင်ပွဲမှာ NLD logo နဲ့ မြန်မာဝတ်စုံကို ဝတ်ဆင်ပြီး ယှဉ်ပြိုင်ခဲ့ပေမယ့် အွန်လိုင်းမှာ ပုံစံတူ ဖြစ်တယ် လို့ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပေမယ့် ပြိုင်ပွဲကို အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပြီး ဆုနှစ်ဆု ရရှိခဲ့ပါတယ်။ ဒီဇင်ဘာ ၇ ရက်နေ့မှာ အမိမြန်မာ နိုင်ငံကို ပြန်ရောက်လာတဲ့ Lဘောက်နူးကို ပြည်ပပြိုင်ပွဲအတွေ့အကြုံ၊ ရှေ့ဆက်ပြီး Miss တယောက် အနေနဲ့ ဘာတွေဆက်ပြီး လုပ်ဆောင်သွားမလဲ စတာတွေကို ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ Lဘောက်နူး ပြိုင်ခဲ့တဲ့ ပြိုင်ပွဲအတွေ့အကြုံအကြောင်းကို အရင်ဆုံးပြောပြပေးပါ။ ဘယ်လိုအတွေ့အကြုံ သစ်တွေ ရခဲ့တယ် ဆိုတာကို။
ဖြေ။ ။ ပြိုင်ပွဲက နိုဝင်ဘာ ၁၈ ရက်ကနေ ဒီဇင်ဘာ ၄ ရက်နေ့အထိ ပိုလန်နိုင်ငံမှာ လုပ်ခဲ့ပါတယ်။ မြို့သုံးမြို့ကို သွားခဲ့ရပါတယ်။ ပြိုင်ပွဲအတွေ့အကြုံ ဆိုရင် ညီမ အများကြီး ကြိုးစားခဲ့ပါတယ်။ ပွဲအတွက် Activity တွေတော့ အများကြီး မရှိခဲ့ဘူး။ ပွဲ ဖိုင်နယ်ည အတွက်ပဲ ရီဟာဇယ်တွေ လုပ်တာ ရှိခဲ့ပါတယ်။ သူတို့ရဲ့ ရှေးဟောင်း မြို့တမြို့ ရှိတယ်။ အဲမြို့ကို သွားရတယ်။ Training တော့ မရှိခဲ့ပါဘူး။ ပြိုင်ပွဲဝင် ၈၃ ယောက် ရှိပါတယ်။ ညီမက Top 20 အထိ ဝင်ခဲ့တယ်။ သူတို့က အယောက်၂၀ ရွေးတုန်းကလည်း ညီမကို နောက်ဆုံးမှ ခေါ်ခဲ့တာလေ။ ကိုယ်မပါတော့ဘူးလား လို့တောင် ထင်နေတာလေ။ Miss Internet ရရင် Top 20 မှာ အလိုလျောက် ပါတယ်။ ညီမက ကိုယ့်ကိုယ်ကိုယ် Miss Internet ရလား မရလားဆိုတာ မသိဘူး။ ဘာလို့လဲ ဆိုတော့ ကိုယ်က ပြိုင်ပွဲဝင်နေတုန်း အင်တာနက်လည်း မကြည့်ဖြစ်ဘူး လေ။ ကြည့်ဖို့လည်း အချိန် မရှိဘူး။ ပြိုင်နေတဲ့ အထိ ညီမနဲ့ အိန္ဒိယနဲ့က အပြိုင် ဖြစ်နေတာလေ။ နောက်ပိတ်ဆုံး အယောက် ၂၀ ထဲမှာ ကိုယ်ပါခဲ့တော့မှ အရမ်းပျော်ခဲ့တယ်။ ကိုယ့်ကို Vote လုပ်ပေးတဲ့သူတွေ အားလုံးကိုလည်း တကယ် ကျေးဇူးတင်ပါတယ်။
မေး။ ။ ဝတ်စုံ ဘယ်နှစုံနဲ့ ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့တာလဲ။
ဖြေ။ ။ ညီမတို့ National Costume ရယ်၊ Swim suite ရယ်၊ Evening dress ရယ်၊ နောက် ညီမက Top 20 မှာ ထပ်ပါခဲ့တော့ ဘီကီနီနဲ့ အက ကရတယ်။ အဲဒါပြီးတော့ နောက်ဆုံး Round မှာ သူတို့ပေးတဲ့ အနီရောင် ဝတ်စုံနဲ့ လျှောက်ခဲ့ရတယ်။
မေး။ ။ Evening Dress နဲ့ အကောင်းဆုံးဝတ်စုံဆု ရခဲ့တော့ အဲဒါကရော ဘယ်အချိန်မှာ လျှောက်ခဲ့ရတာလဲ။ အဲဒီတုန်းကရော ကိုယ်ရမယ်လို့ ထင်ခဲ့မိပါလား။
ဖြေ။ ။ အဲဒါက ဖိုင်နယ်ပွဲ မတိုင်ခင်မှာ သူတို့ပွဲလုပ်တယ်။ အဲဒီမှာ Evening dress ဆုကို ပေးခဲ့တာပါ။ အမှန်အတိုင်း ပြောရရင် အဲဒီပွဲ လုပ်တဲ့နေ့က အဲဒီဝတ်စုံဝတ်ပြီး ဆင်းလာတဲ့အခါမှာ သူများတွေက ဟယ် ဝတ်စုံက အရမ်းလှတယ် လို့ ဝိုင်းပြောကြတယ်။ အဲဒီမှာ ကိုယ့်ကိုကိုယ် Best Evening Gown ဆုများ ရမလားလို့ တွေးမိတယ်။ ဒါပေမယ့် နိုင်ငံပေါင်း ၈၀ ကျော်က ပြိုင်ပြီး သူများ ဝတ်စုံတွေကလည်း အရမ်းလှတဲ့ အခါကျတော့ ညီမလည်း အများကြီး သိပ်တော့ မမျှော်လင့်ဘူး။ ကိုယ် ရတဲ့အခါ ကျတော့ အရမ်းပျော်မိတယ်။ သူများတွေကလည်း ဆုကြော်ငြာတော့ “မြန်မာ”ဆိုပြီး ဝိုင်းအော်ပေးတော့ ပိုပျော်ရတယ်။
မေး။ ။ National Costume မှာ ဘောက်နူးက မြန်မာဝတ်စုံကို NLD logo ချုပ်ပြီး ဝတ်ခဲ့တယ်။ အဲဒီဒီဇိုင်းကလည်း အွန်လိုင်းမှာ ဒီဇိုင်းပိုင်းနဲ့ ပတ်သတ်ပြီး အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့တော့ အဲဒီအပေါ်ကိုရော ဘယ်လိုများ ပြောပြချင်တာ ရှိမလဲ။
ဖြေ။ ။ ညီမကတော့ အဲဒီဝတ်စုံကို ဝတ်ရတာ အရမ်းကို ဂုဏ်ယူပါတယ်။ ဒီဝတ်စုံကို ညီမက ရွေးကောက်ပွဲမှာ NLD က နိုင်ခဲ့လို့လည်း ဝတ်ခဲ့တာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲ မစခင်ကတည်းက ညီမတို့က ဒီဝတ်စုံကို ချုပ်နေပြီး ပါပြီ။ အဲဒီတုန်းက ဒီ အိုင်ဒီယာကို ညီမလက်ခံခဲ့တယ် ဆိုတာကလည်း ညီမတို့ ဝတ်စုံက သာမန် အမျိုးသမီး တယောက် မဟုတ်ဘဲနဲ့ နိုင်ငံတကာက အသိအမှတ်ပြုပြီး နိုဗယ်လ်ဆုလည်း ရထားတဲ့ အမျိုးသမီး၊ သူ့ကို ကိုယ်စားပြုပြီး ဝတ်ရမှာ ဖြစ်တဲ့ အတွက် အရမ်းကျေနပ်ပါတယ်။ ဝတ်စုံက ညီမတို့ အကုန်လုံး ဆရာတို့နဲ့ ညီမနဲ့ စဉ်းစားပြီး ချုပ်ဖြစ်ခဲ့တာပါ။
မေး။ ။ ဒီလိုမျိုးဖြစ်ခဲ့တဲ့ အတွက် ပြိုင်ပွဲဝင်နေတုန်းရော ကိုယ့်အတွက် စိတ်အနှောင့်အယှက်၊ စိတ်ဖိစီးမှုေတွေ ဖြစ်ခဲ့သေးလား။
ဖြေ။ ။ ညီမ ဘာမှ မဖြစ်ခဲ့ပါဘူး။ ညီမ ပြိုင်ပွဲဝင်နေတဲ့အခါမှာ ဒီလိုကိစ္စမျိုး ဖြစ်လာတယ်။ အဲဒီဟာကို ညီမ Facebook ပေါ်မှာ တွေ့တယ်။ ဒါပေမယ့် အဲဒီဘက်ကို စိတ်ရောက်သွားရင် ဒီဘက် ပြိုင်ပွဲမှာ ဘာပဲလုပ်လုပ် စိတ်ပျော် တော့မှာ မဟုတ်ဘူးလေ။ အဲဒီကိစ္စကို ခေါင်းထဲ မထည့်ဖို့ ဆရာတို့ကလည်း ပြောထားတယ်။ ဒါကို ခေါင်းထဲ မထည့်ဘဲ ပြိုင်ပွဲကိုပဲ အကောင်းဆုံးပြိုင်ဖို့ကို ပေါ့။ အဲဒီအတွက် ပြိုင်ပွဲကိုပဲ ခေါင်းထဲထည့်တဲ့ အတွက် ဝတ်စုံနဲ့ ပတ်သတ်ပြီး စိတ်အနှောင့်အယှက်တော့ မဖြစ်ခဲ့ပါဘူး။
မေး။ ။ အကောင်းဆုံး ညနေခင်း ဝတ်စုံဆုနဲ့ အင်တာနက်ဆု နှစ်ဆုရခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင် Miss တယောက် အနေနဲ့ရော ဘယ်လိုပီတိ ဖြစ်မိလဲ။
ဖြေ။ ။ အဲဒီအတွက် အရမ်းပျော်မိပါတယ်။ Supranational ရဲ့ အစဉ်အလာအရ ရှေ့နှစ်တွေမှာလည်း အောင်မြင် မှုတွေ ရခဲ့တယ်။ ညီမ အလှည့်မှာလည်း ထပ်ပြီးတော့ ဒီလို ဆုတွေ ထပ်ရခဲ့တဲ့အတွက် ကျေနပ်မိတယ်။
မေး။ ။ ရှေ့ဆက်ပြီး ကိုယ့်ရဲ့ လုပ်ဆောင်မှု၊ လှုပ်ရှားမှုတွေက ဘာတွေ ဖြစ်မလဲ။
ဖြေ။ ။ အနုပညာနဲ့ ပတ်သက်ရင်တော့ ညီမအများကြီးတော့ မရှိပါဘူး။ ဒါက ဘုရားပေး သလောက်ပါပဲ။ နောက်နှစ် ကနေ စပြီး ကလေးတွေရဲ့ ပညာရေးနဲ့ ပတ်သတ်တဲ့ ပရောဂျက်တခုကို စပြီး လုပ်ဖို့ ရှိပါတယ်။ အဲဒါက ညီမက စစ်ဘေးရှောင်ဒေသက ကလေးငယ်တွေကို ပညာရေးကို အဓိက Target ထားပြီးလုပ်မှာပါ။
မေး။ ။ ကိုယ်တိုင် ကလည်း ကချင်တိုင်းရင်းသူ တယောက်ဖြစ်တဲ့ အတွက် ကိုယ့်ဒေသဘက်ကိုရော ဘယ်လိုများ ပြန်ပြီး စွမ်းဆောင် ပေးချင်ပါသလဲ။
ဖြေ။ ။ အဓိက ညီမလုပ်ချင်တာက ပညာရေးဘက်ကိုပါပဲ။
မေး။ ။ ပရဟိတဆိုက Miss တယောက်ဖြစ်လို့ လုပ်သင့်တယ် ထင်လို့ လုပ်ဖြစ်မှာလား။ ရိုးရိုး ပြည်သူ တယောက် ဖြစ်ခဲ့ရင်ရော လုပ်ဖြစ်မှာလား။ ပရဟိတလုပ်တာနဲ့ ပတ်သက်ပြီး မြင်တဲ့ အမြင်ကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ ပရဟိတနဲ့ ပတ်သတ်ရင် မြန်မာနိုင်ငံက လူတွေ အကုန်လုံးကို နိုင်ငံတကာကတောင် အသိအမှတ်ပြုရတဲ့ အထိ ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေက သိပ်လည်း ပရဟိတစိတ်တွေ ရှိကြပါတယ်။ Miss တယောက်အနေနဲ့ လုပ်သင့်လား၊ မလုပ်သင့်လား ဆိုတာကတော့ သူက Miss တယောက်ဖြစ်ပြီး အောင်မြင်လာတဲ့ အချိန်ကျရင် သိလာမယ်။ သူ့ကို အားပေးနေတဲ့သူတွေ ရှိလာမယ်။ ကိုယ်က နိုင်ငံကိုယ်စားပြု အနေနဲ့ ဒီလို ပရဟိတတွေ လုပ်နေတဲ့ အခါကျရင် ပရဟိတကို ပိုပြီးတော့ လူပိုသိလာမယ်။ လူပိုသိသွားတဲ့ အတွက် သူလုပ်တဲ့ အရာတွေ ပေါ်မှာ နိုင်ငံတကာ ကလည်း ပိုပြီး အာရုံစိုက်လာမယ်။ လိုအပ်တဲ့ နေရာမှာလည်း ပိုပြီး ကူညီပေးနိုင်အောင် လှုံ့ဆော်ပေး နိုင်မယ် လို့ ညီမက ခံယူထားပါတယ်။
မေး။ ။ ဒီမှာ Miss တွေ အများကြီး ပေါ်ထွက်လာပေမယ့် သူတို့ ပြိုင်ပွဲပြီးရင်၊ လှုပ်ရှားမှု မရှိတော့ရင် လူတွေက မေ့သွား တတ်ကြတယ်။ သတိမထားမိကြတော့ဘူး။ အဲဒါဘာကြောင့်လဲ။ ကိုယ့်အနေနဲ့ ဆိုရင်ရော အဲလိုမဖြစ်အောင် ဘယ်လို လုပ်ဆောင်ဖြစ်နေမလဲ။
ဖြေ။ ။ ညီမ Miss Golden land Final မှာလည်း ဖြေခဲ့တယ်။ Miss တယောက် ဆိုတာ တနှစ်ပဲ၊ နောင်နှစ် သရဖူကို လွှဲပေးပြီးရင် ကိုယ့်ကိုယ်ကိုယ် Miss မဟုတ်တော့ဘူး လို့ ထင်ကြတယ်။ ဒါပေမယ့် ညီမကတော့ အဲဒီလို မဟုတ်ပါဘူး။ တခေါက် Miss ရပြီးရင် တသက်လုံး Miss ပါပဲ။ Miss တယောက် အနေနဲ့လည်း ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ပရဟိတ၊ လုပ်ငန်းတွေကို လုပ်သွားမှာ ပါပဲ။ လူဆိုတာ ခဏလေးပဲ အသက်ရှင် ရတာပါ။ အသက်ရှင်နေရတဲ့ ခဏလေးအတွင်းမှာ ကိုယ်က သူများအတွက် ဘယ်လောက်အထိ လုပ်ပေးနိုင်သလဲ၊ ကိုယ်က သူများအတွက် ဘယ်လောက် အကျိုးပြုပေးနိုင်မလဲ ဆိုတာတွေးပြီး ညီမ အသက်ရှင်ချင်ပါတယ်။
မေး။ ။ ပြိုင်ပွဲကာလ အတွင်းမှာရော တခြားက အလှမယ်တွေက မြန်မာ ဆိုတာကို သိကြလား၊ မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားမှု ရှိကြလား။ ဘာတွေ မေးကြ၊ ပြောဖြစ်ကြလဲ။
ဖြေ။ ။ ညီမပြိုင်ပွဲသွားပြိုင်တုန်းက သူတို့ကို အမြဲ ပြောပြဖြစ်ပါတယ်။ မြေပုံမှာ ဒါက ငါတို့နိုင်ငံလေ၊ မြန်မာနိုင်ငံကို တချို့က မသိကြဘူးလေ။ မသိကြတဲ့ အခါကျတော့ ဒီနေရာမှာ တရုတ်၊ ဒါက ထိုင်း၊ ဘေးက မြန်မာလို့ ရှင်းပြတယ်။ Google ကနေလည်း ပြပြီး ရှင်းပြတယ်။ အဲဒီအခါ သူတို့ကလည်း ဟာ မြန်မာနိုင်ငံက အရမ်းလှတာပဲ၊ နောက်ပြီး တချို့တွေက အခုလောလောဆယ် အစိုးရ အသစ် တက်တော့မယ့် ကိစ္စတွေကိုလည်း သိကြတယ်။ သူတို့ သတင်းတွေ ကနေ သိကြတာ ရှိတယ်။ ညီမက အဲဒီထက် ပိုပြီး သေသေချာချာ ပြောပြနိုင်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် ဆိုရင်လည်း အခု ရွေးကောက်ပွဲမှာ အနိုင်ရသွားတဲ့ အကြောင်းကို သေသေချာချာ ပြောပြနိုင်ခဲ့တယ်။
မေး။ ။ Lဘောက်နူး ကိုယ်တိုင်ရော အခုအနိုင်ရရှိသွားတဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ယုံကြည်မှုက ဘယ်လောက် ရှိပါသလဲ။ အခုလက်ရှိ တက်လာမယ့် အစိုးရအသစ်ပေါ်မှာရော နိုင်ငံသား တယောက်အနေနဲ့ ဘယ်လို မျှော်လင့်ပါသလဲ။
ဖြေ။ ။ ညီမကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အခုရွေးကောက်ပွဲမှ မဟုတ်ပါဘူး။ ကိုယ်ငယ်ငယ်လေး ကတည်းက လေးစားအားကျ ခဲ့ရတဲ့ အမျိုးသမီးပါ။ အစိုးရအသစ်ကို ဘယ်လောက်အထိ မျှော်လင့်ထားလဲ ဆိုရင် ညီမတို့ အရင်တုန်းကထက် အများကြီး ပြောင်းလဲသွားမယ်လို့ကို ယုံကြည်ပါတယ်။
မေး။ ။ အခုလက်ရှိ ပရဟိတလုပ်ငန်းက ဘာတွေ လုပ်ဖြစ်နေလဲ။
ဖြေ။ ။ ရန်ကုန်မှာဆိုရင် လှိုင်သာယာနဲ့ ရွှေပြည်သာဘက်မှာ ရှိတဲ့ ချို့တဲ့ ကလေးငယ်တွေကို တပတ်တခါ ပုံမှန် စာသွားသင်ပေး ဖြစ်နေပါတယ်။ အဲဒါက အရင်ကတည်းက လုပ်ဖြစ်နေတာပါ။ ဒါပေမယ့် ညီမ ပြိုင်ပွဲ သွားမပြိုင်ခင် တလလောက်က စပြီးတော့ သွားမသင်ဖြစ်တော့ဘူူး။ အခု ပြန်လာပြီး အကုန်လုံး ပြီးသွာပြီ ဆိုရင် အဲဒါကို ပြန်ပြီး လုပ်ဖြစ်ပါမယ်။
မေး။ ။ Lဘောက်နူးရဲ့ အလှအပ ထိန်းသိမ်းမှု အပိုင်းကရော ဘယ်လိုမျိုးရှိပါသလဲ။
ဖြေ။ ။ အလှအပ ထိန်းသိမ်းမှု ဆိုရင် Spa ကို ညီမ တလကို နှစ်ခေါက်လောက် သွားဖြစ်ပါတယ်။ Nature Spa က ညီမကို စပွန်ဆာပေးထားတဲ့ အတွက်ကြောင့်လည်း ပါပါတယ်။ အိမ်မှာနေရင်တော့ Scrub လုပ်ဖြစ်တယ်။ အထူး သဖြင့် Body lotion ကို သေချာလိမ်းပြီး အသားအရေကို ထိန်းသိမ်းဖြစ်တယ်။
မေး။ ။ အလှအပနဲ့ ပတ်သတ်ရင် ခွဲစိတ်တာကို တချို့က ကြိုက်ကြတယ်။ တချို့ကလည်း ဒါကို မကြိုက်ကြဘူး။ ကိုယ်တိုင် ဆိုရင်ရော အလှအပအတွက် ခွဲစိတ်ပြုပြင်တာကို လက်ခံပါသလား၊ ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ ခွဲစိတ်တယ် ဆိုတာကလည်း လူတိုင်းကတော့၊ အထူးသဖြင့် အမျိုးသမီးတွေကတော့ လှချင်လို့ လုပ်ကြတာ ပဲလေ။ ခွဲစိတ်တာကတော့ လှချင်လို့် ခွဲစိတ်တာပဲပေါ့။ ခွဲစိတ်တာက ဆိုးကျိုးနည်းနိုင်သမျှ နည်းမယ် ဆိုရင်တော့၊ ပိုပြီး တော့လည်း လှသွားမယ် ဆိုရင်တော့ ကောင်းပါတယ်။ ညီမကတော့ ခရစ်ဘာသာဝင် တယောက်လည်း ဖြစ်တဲ့ အတွက် ကျမ်းစာထဲမှာလည်း ဘုရားပေးထားတဲ့ အတိုင်း မွေးဖွားလာရတာ ဖြစ်တဲ့အတွက်၊ ခွဲစိတ်တာကတော့ ဘုရားလည်း မကြိုက်တဲ့အတွက် ညီမကတော့ မလုပ်ဖြစ်ပါဘူး။
မေး။ ။ အင်တာနက်ဆုရအောင် မြန်မာနိုင်ငံက Vote တွေ ပေးခဲ့ကြတယ်။ အဲဒီလူတွေကိုရော L ဘောက်နူး ပြောချင်တာများ ရှိမလား။
ဖြေ။ ။ ညီမ အများကြီး ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်တာထက် ပိုပြီးကြီးတဲ့ စကားလုံးရှိရင်တောင် အဲဒီ စကားလုံးနဲ့ ညီမအအားလုံးကို ပြောချင်ပါတယ်။ အားလုံးရဲ့ အားပေးမှု Voting ကြောင့် အွန်လိုင်းမှာ ညီမပုံ ဘယ်ပုံပဲ တင်လိုက် တင်လိုက်၊ ပြိုင်ပွဲဝင် ၈၃ ယောက်မှာ Likes တွေ အများဆုံး ရရှိခဲ့တာပါ။ အဲဒီလောက်တောင် မြန်မာတွေက အားပေးကြတာပါ။ ဆက်လက်ပြီး လုပ်သွားမယ့် အနုပညာ လုပ်ငန်းမှာ သော်လည်းကောင်း၊ ပရဟိတ လုပ်ငန်းတွေမှာ သော်လည်းကောင်း အားလုံက ဝိုင်းဝန်းပြီး ဝေဖန်အကြံပေး ဆုံးမပေးနိုင်ပါတယ်လို့ ပြောချင်ပါတယ်။ ။