လုပ်ခလစာတိုးမြှင့်ရေး ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံထားရသူ ၂ ဦးကို ထောင်ဒဏ် ၂ နှစ်ချမှတ်
This article has been converted from Zawgyi One to Unicode
လုပ်ခလစာတိုးမြှင့်ရေး ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံထားရသည့် ကိုသူဇော်ကြည်ဝင်းနှင့် နိုင်ဇော်ကြည်ဝင်းတို့ကို ရန်ကင်းတရားရုံးက အလုပ်နှင့်ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
“သူတို့ ၂ ဦးကို တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် ချလိုက်တယ်။ ရွှေပြည်သာမှာဖြစ်တဲ့ ကိစ္စအရပေါ့” ဟု ရန်ကင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်အောင်က ပြောသည်။
ရွှေပြည်သာ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ အလုပ်သမားများဖြစ်သည့် ကိုသူဇော်ကြည်ဝင်းနှင့် နိုင်ဇော်ကြည်ဝင်း တို့ကို အင်းစိန်ထောင်တွင် ဖမ်းဆီးထားပြီး ယနေ့ (ဒီဇင်ဘာ ၁၇) နေ့လည်ပိုင်း၌ ပုဒ်မ ၅၀၅ (ခ) ဖြင့် ရန်ကင်းမြို့နယ် တရားသူကြီးက အလုပ်နှင့်ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။
ကိုသူဇော်ကြည်ဝင်းနှင့် နိုင်ဇော်ကြည်ဝင်း အပါအဝင် ရွှေပြည်သာ စက်မှုဇုန်နယ်မြေ အတွင်းရှိ E-land Myanmar, Ford Glory နှင့် Costec International အထည်ချုပ် စက်ရုံ ၃ ရုံရှိ အလုပ်သမားများက လုပ်ခလစာ တိုးမြှင့်ပေးရေး၊ အလုပ်သမား အခွင့်အရေးရရှိရေး ကိစ္စများအတွက် မတ်လဆန်းပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသဖြင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ထိုဆန္ဒပြမှုအတွင်း ရပ်ကွက်နေ ပြည်သူများဟု အမည်ခံထားသည့် လက်ပတ်နီဝတ်လူများက အင်အားသုံး ဝင်ရောက်ဖမ်းဆီးသဖြင့် ဆန္ဒပြသူများနှင့် ၎င်းတို့အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု အများအပြား ဖြစ်ခဲ့သည်။
ထိုအလုပ်သမား ၂ ဦးကို တရားစွဲထားသည့် ပုဒ်မ ၅၀၅ (ခ) ၏ ပြဋ္ဌာန်းချက်မှာ နိုင်ငံတော် အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကို ဖြစ်စေ ထိခိုက်စေသည့် ပြစ်မှုကို တဦးတယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကို သော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကို သော်လည်းကောင်း၊ ခြောက်ခြင်း၊ ထိတ်လန့်ခြင်း တခုခုဖြစ်စေရန် အကြံရှိလျှင် (သို့တည်းမဟုတ်) ထိုသို့ဖြစ်စေတန်သည့် အကြောင်းရှိလျှင် ထိုသူကို ၂ နှစ် အထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။
ထောင်ဒဏ် ၂ နှစ် ကျခံရသည့် ကိုသူဇော်ကြည်ဝင်းက ၎င်း၏ဖေ့စ်ဘုတ်စာမျက်နှာတွင် “ကျနော်တို့အား ထောင်ဒဏ်၂ နှစ် ချမှတ်လိုက်ပါပြီ။ ယင်းအမှုနှင့် ပတ်သက်၍ ယခုလို အမှုချမှတ်မည်အား ကြိုတင် သိထားပြီးသားပင် ဖြစ်သည်။ တရားဥပဒေ မလွတ်လပ်သေးသောကြောင့် ယခုလို မတရားမှုများ ဖြစ်ပေါ်လေ့ ရှိသည်” ဟု ရေးသားထားသည်။
လက်ရှိအချိန်တွင် အလုပ်သမား လုပ်ခလစာ၊ အလုပ်သမား အခွင့်အရေးများနှင့် ပတ်သက်၍ ဆန္ဒပြတောင်းဆိုခဲ့သူ ၁၀ ဦးထက်မနည်းကို အစိုးရက ပုဒ်မျိုးစုံတပ်ကာ ဖမ်းဆီးစစ်ဆေးလျက် ရှိနေသည်။
၂၀၁၅ ခုနှစ်ဆန်းပိုင်းက လှိုင်သာယာနှင့် ရွှေပြည်သာ စက်မှုဇုန် နယ်မြေအတွင်း လုပ်ခလစာ တိုးမြှင့်တောင်းဆိုမှုများ အရှိန်မြင့်လာပြီးနောက် သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့က အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုဝန်ကြီးဦးဆောင်သည့် ရန်ကုန်တိုင်း အလုပ်သမားရေးရာ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့တဖွဲ့ ဖွဲ့စည်းကာ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်စေခဲ့သည်။