ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းအုပ်ချုပ်ရေးမှူး တာဝန်ယူထားသည့် ဦးအေးကျော်သည် ရာထူးမှ နုတ်ထွက်ခွင့်ပြုရန် ပြည်ထဲရေး ဝန်ကြီးဌာနသို့ တင်ပြထားကြောင်း သတင်းရရှိသည်။
“သူက နှလုံးမကောင်းဘူး။ စက်တပ်ထားရတယ်။ ကျန်းမာရေး မကောင်းလို့ ထိုင်းမှာလည်း ခဏခဏ ဆေးသွားကုနေရတာ ရှိတယ်။ အခုကျတော့ သူ့ကျန်းမာရေးအရ အလုပ်ဆက်လုပ်ဖို့ အဆင်မပြေလို့နဲ့ တူပါတယ်။ ရာထူးက နုတ်ထွက်ခွင့်ပြုဖို့ တင်ပြထား တယ်”ဟု အမည်မဖော်လိုသည့် ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးက ဧရာဝတီကို ပြောသည်။
နုတ်ထွက်ခွင့် တင်ပြထားမှုအခြေအနေနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိရန် ကာယကံရှင် ဖြစ်သော ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒု ညွှန်ကြားရေးမှူးချုပ်လည်း ဖြစ်သည့် ဦးအေးကျော်အား ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မပြုပေ။
“မင်းကြီး ဦးအေးကျော်က နုတ်ထွက်ခွင့် တင်ပြထားတာတော့ ဟုတ်တယ်။ အထက်က ခွင့်ပြုလိုက်ပြီလား ဆိုတာတော့ အတိအကျ မသိရသေးဘူး။ နုတ်ထွက်ခွင့် ပြုမယ်ဆိုရင်တောင် သူ့နေရာမှာ အစားဝင်မယ့် လူတယောက် ရောက်ပြီးတော့ တာဝန်တွေလွှဲပြီးမှ နုတ်ထွက်ခွင့် ပေးလိမ့်မယ် ထင်တယ်။ ဒီကနေ့ အထိတော့ ရုံးတက်ပြီးတော့ ရုံးလုပ်ငန်းတွေ ဆောင်ရွက်နေဆဲပဲ”ဟု ဧရာဝတီတိုင်း အစိုးရရုံးနှင့် နီးစပ်သူတဦးက ပြောသည်။
တိုင်းမင်းကြီးဟု လူအများခေါ်ဆိုကြသည့် ဦးအေးကျော်သည် အဂတိ လိုက်စားခြင်း၊ မလျော်သြဇာ သုံးခြင်းများ ပြုလုပ်သည်ဟု ယခင် ဧရာဝတီတိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်က နိုင်ငံတော် သမ္မတထံ ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် တင်ပြခဲ့ရာ သမ္မတ ညွှန်ကြားချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာနက ဦးအေးကျော်ကို ဖေဖော်ဝါရီလ အတွင်း ပုသိမ်မြို့၌ လာရောက် စစ်ဆေးခဲ့သည့်ဖြစ်စဉ် ဖြစ် ပွားခဲ့ဖူးသည်။
ထို့နောက် သမ္မတဦးသိန်းစိန်က ၂၀၁၃ ခုနှစ်ဧပြီလအတွင်း ကျင်းပသည့် ပထမအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေးသို့ တိုင်းမင်းကြီး ဦးအေးကျော်နှင့် ပတ်သက်၍ သဝဏ်လွှာတရပ် ပေးပို့ခဲ့ရာ အဆိုပါ သဝဏ်လွှာ၌ ဦးအေးကျော် သည် ငပုတောမြို့နယ် ငရုတ်ကောင်းဒေသ၌ ဇနီးဖြစ်သူအမည်ဖြင့် မြေဧက ၅၀၀ ကျော် ရယူထားကြောင်း၊ ငွေဆောင် ဒေသ၌ လည်း ဦးဖိုးဆိတ်ဖြူ အမည်ရှိ ဒေသခံတဦး၏ မြေကို ငွေကျပ် ၆ သိန်း လျော်ကြေးပေး၍ သိမ်းယူမှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြ ထား သည်။
တိုင်းမင်းကြီး ဦးအေးကျော်သည် ၂၀၁၁ ခုနှစ်မှ စတင်ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၌ အတွင်းရေးမှူးနှင့် တိုင်းအုပ်ချုပ်ရေး မှူး ရာထူးများကို ယနေ့တိုင် ထမ်းဆောင်နေသူဖြစ်ပြီး တိုင်းလွှတ်တော်ရုံး အကြီးအကဲ တာဝန်ကိုလည်း ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ် အထိ တာဝန်ယူခဲ့သူ ဖြစ်သည်။