ဖားကန့်ရှိ ယာဉ်နှင့် ယန္တရားများ တရားဝင်တင်သွင်းခြင်း ဟုတ်မဟုတ် စစ်ဆေးမည်
This article has been converted from Zawgyi One to Unicode

ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းမြေသို့ ရောက်ရှိနေသည့် ယာဉ်နှင့် ယန္တရားများသည် တရားဝင်တင်သွင်း ခြင်းဟုတ်မဟုတ် စီးပွားကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစီးအဖွဲ့က ကွင်းဆင်းစစ်ဆေး ရန် ဆောင်ရွက်နေပြီး ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းမှနေ၍ တင်သွင်းနေသည့် ယာဉ်နှင့် ယန္တရား တင်သွင်းခွင့်ကိုလည်း ခေတ္တဆိုင်းငံ့ထားကြောင်း အစိုးရသတင်းတွင်ဖော်ပြထားသည်။
လက်ရှိ အစိုးရသက်တမ်းကုန်ဆုံးခါနီးတွင် တိုင်းပြည်၏ သယံဇာတများဖြစ်သည့် ကျောက်စိမ်းများကို စီးပွားရေး လုပ်ငန်းရှင်ကြီးများက တရုတ်အပါအဝင် တခြားသောနိုင်ငံများသို့ ရောင်းချရန် ယခင်ကထက် ပိုမို၍ တူးဖော် နေပြီး၊ အကြီးစားယာဉ်ကြီးများနှင့် သယ်ဆောင်ရန်အတွက် ကချင်ပြည်နယ်ထဲသို့ ဝင်ရောက်နေသည့် သတင်း များ လူမှုကွန်ရက် Facebook တွင် ပျံနှံနေသလို၊ ဒေသခံများကလည်း ဝင်ရောက်လာသည့် ကားကြီးများကို တားဆီးသည့် သတင်းများလည်း ထွက်ပေါ်နေသည်။
အဆိုပါ ယာဉ်နှင့် ယန္တရားကြီးများကို တရုတ်နယ်စပ်နှင့် ကပ်လျှက်ရှိသည့် ကန်ပိုက်တီး ကုန်သွယ်ရေးဂိတ်မှ နေ၍ တင်သွင်းနေခြင်းဖြစ်ပြီး၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်း ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေး စခန်းမှ ယာဉ်၊ ယန္တရား အစီးရေ ၈၈ဝ တရားဝင်တင်သွင်းခွင့်ပြုခဲ့ကြောင်း ပြောဆိုသည်ဟု အစိုးရသတင်းတွင် ဖော်ပြထားသည်။
တရားဝင် တင်သွင်းခွင့်ပြုခဲ့သော ယာဉ်၊ ယန္တရားများ သည် တင်သွင်းခွင့်လိုင်စင်နှင့် သွင်းကုန်ကြေညာလွှာ စာရွက်စာတမ်း အထောက်အထားများ ပြည်စုံစွာပါရှိက ယာဉ်နံပါတ် မရှိသေးသော် လည်း မြစ်ကြီးနားမြို့သို့ မောင်းနှင်ခွင့်ရရှိကြောင်း၊ အဆိုပါယာဉ်၊ ယန္တရားများကို တင်သွင်းခွင့်ရရှိပြီး ၂၁ ရက်အတွင်း၌ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနတွင် မှတ်ပုံတင်မှသာ ယာဉ်နံပါတ်များရ ရှိခြင်းဖြစ်၍ ၎င်းနေရာနှင့် အချိန်အတွင်း ယာဉ်နံပါတ်မပါရှိသေးသော ယာဉ်အားလုံးကို တရားမဝင်ဟု သတ်မှတ်၍မရနိုင်ကြောင်း ဦးတင်ရဲဝင်းက ပြောဆိုထားသည်။