တရုတ်ပြည်ကို လေသန့်ရောင်းသူများ
This article has been converted from Zawgyi One to Unicode
လေထုညစ်ညမ်းမှု အကြီးအကျယ်ဖြစ်ပွားနေတဲ့ တရုတ်ပြည်ကို ကနေဒါကုမ္ပဏီ တခုက ရော့ကီးတောင်တန်း ပေါ်က သန့်စင်တဲ့လေကို ပုလင်းသွတ်ကာ ရောင်းချလိုက်ပါတယ်။ Vitality Air လို့ အမှတ်တံဆိပ် ကပ်ထားတဲ့ သန့်စင်တဲ့လေကို ရော့ကီးတောင် တန်းပေါ်က ဘန်ဖ် အမျိုးသား ဥယျာဉ်က လေကို ယူဆောင် ထားတာဖြစ်ပါတယ်။
Vitality Air အမှတ်တံဆိပ်ပါ လေသန့်ကို ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီ ပူးတွဲတည် ထောင်သူ မိုရက်စ် လမ်းကတော့ တရုတ်ပြည်ကို ပထမဆုံးသင်္ဘောနဲ့ တင်ပို့လိုက်တဲ့ ပုလင်း ၅၀၀ဟာ လေးရက်အတွင်း ကုန်ကာ ပစ္စည်းပြတ်သွားတယ်လို့ The Telegraph ကို ပြောလိုက်ပါတယ်၊ ၇.၇ လီတာပါ လတ်ဆတ်တဲ့ လေသန့်တဗူးကို တရုတ်ငွေ ယွမ် ၁၀၀ (၁၀ပေါင်)နဲ့ ရောင်းချတယ်လို့သိရပြီး ပုလင်း ၄ထောင်ကျော် ပါတဲ့ ကုန်သေတ္တာကို ဆက်လက်ပို့ဖို့ လုပ်နေတယ်လို့ သိရပါတယ်။
ဒီလို လေသန့်ရောင်းတာဟာ ကနေဒါ ကုမ္ပဏီက ပထမဆုံးမဟုတ်ပါဘူး၊ ပြီးခဲ့တဲ့နှစ်က ပြင်သစ်ပြည်တောင်ပိုင်း က လာတဲ့လေသန့်ပုလင်းများကို တင်ပို့ရောင်းချမှုတွေ ပြုလုပ်ဖူးပါတယ်။
နိုင်ငံတကာကို ကုန်ပစ္စည်းအမျိုးမျိုးပြုလုပ်ကာ ပို့နေတဲ့ တရုတ်ပြည်ကို လေသန့် ပြန်လည်ပို့နေတဲ့ အဖြစ်အပျက်က ရီစရာလိုဖြစ်နေပေမယ့် လေထုညစ်ညမ်းမှုကြီးမားနေတဲ့ တရုတ်ပြည်မှာတော့ အရောင်းသွက်နေပါတယ်။