Ethnic Issues

တိုင်းရင်းသားအဖွဲ့ အားလုံးမပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲ အစိုးရသစ် အကျပ်အတည်း ဖြစ်နိုင်ဟု ဆို

This article has been converted from Zawgyi One to Unicode

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ရှိသက်တမ်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးမပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲ စတင် မည်ဆိုပါက လာမည့်အစိုးရသစ် လက်ထက်၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် အကျပ်အတည်းများနှင့် ရင်ဆိုင်ရနိုင် သည်ဟု တိုင်းရင်းသား ခေါင်းဆောင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများက ပြောဆိုသည်။

အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA) ချုပ်ဆိုထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့သည် နိုင်ငံ ရေးဆွေးနွေးပွဲ မူဘောင်တရပ်ကို သဘောတူရေးဆွဲထားပြီးဖြစ်ပြီး လာမည့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း နိုင်ငံရေး ဆွေးနွေးပွဲ တရပ် ကျင်းပတော့မည် ဖြစ်ကြောင်း သိရသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ဒုဥက္ကဋ္ဌ နိုင်ဟံသာက“ဒီအစိုးရ သက်တမ်းက တိုတိုလေးပဲ ကျန် တော့တယ်။ ပြီးမှာမဟုတ်ဘူး။ Dialogue ဆိုတာ တော်တော်လေး အချိန်ယူရတဲ့ကိစ္စ ဖြစ်တယ်။ အဖွဲ့ကလည်း မပြည့်စုံဘူး။ အခု လုပ်နေတဲ့ပုံက အစိုးရအနေနဲ့ သူတို့မှာရှိတဲ့ အချိန်တိုတိုလေးမှာ သူတို့အခွင့်အရေး ရမယ့်ဟာတွေကို တွန်းလုပ်တယ်လို့ပဲ မြင် တယ်။ အဲဒါကို ၈ ဖွဲ့ကလည်း အကျိုးမရှိဘဲ နောက်ကလိုက်နေတဲ့ သဘောပဲ”ဟု ပြောသည်။

UNFC သည် လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် ၉ ဖွဲ့နှင့် ဖွဲ့စည်းထားသော အဖွဲ့ ဖြစ်သည်။

NCA စာချုပ် ဆွေးနွေးစဉ်က တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့လုံး ပါဝင်၍ အစိုးရနှင့် ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ထိုစာချုပ် ချုပ်ဆိုပြီးပါက အားလုံးပါဝင်နိုင်သော နိုင်ငံရေး ဆွေးနွေးပွဲတရပ်ကို ရက်ပေါင်း ၉၀ အတွင်း ပြုလုပ်ရန် ဟူသည့်အချက် ထည့်သွင်းထားသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက် အကောင်အထည် ဖော်မည့် အစိုးရသစ်အတွက် လက်ရှိအခြေအနေအရ အခက်အခဲ ဖြစ် မည်ကို စိုးရိမ်သည်ဟုလည်း နိုင်ဟံသာက ပြောသည်။

NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နှင့် အစိုးရတို့ နိုင်ငံရေးဆွေးနွေးပွဲ စတင်မည်ကို ယခုကဲ့သို့ ဝေဖန် ပြောဆိုကြခြင်းသည် လက်မှတ်မထိုးရသေးသော အဖွဲ့များ၌ အင်အားကြီး အဖွဲ့များ ကျန်ရှိနေခြင်း၊ မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသ တွင်လည်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းတို့ကြောင့် ဖြစ်သည်ဟုလည်း ဆိုသည်။

ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၏ ဗိုလ်မှူးချုပ် တားဂျုတ်ဂျာကလည်း“NCA ထိုးဖို့ ကျန်နေ တဲ့ အဖွဲ့တွေက တကယ့်အင်အားကြီး အဖွဲ့တွေ ဖြစ်တယ်။ Political Dialogue ကို သူတို့ဘယ်လိုဆက်သွားမလဲ ကျနော်တို့ အံ့သြပါတယ်။ ဒီကိစ္စက တနိုင်ငံလုံး အတိုင်းအတာ အတူတကွထိုင်ပြီးလုပ်မှ အောင်မြင်မှာ။ အခုပုံက အောင်မြင်မှာမဟုတ်ဘူး။ မြောက် ပိုင်း မှာ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်နေတာနဲ့ ယှဉ်ကြည့်ပါ။ သူတို့လုပ်နေတာ ယုတ္တိမရှိဘူး”ဟု ပြောဆိုသည်။

NCA စာချုပ်ကို လက်မှတ်ထိုးမထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ရွေးကောက်ပွဲတွင် လက်ရှိအနိုင်ရထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ တက်လာမည့် အစိုးရသစ်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆွေးနွေးရာတွင်လည်း အားလုံး ပါဝင်ရေးမူကိုသာ ဆက်လက်ဆုပ်ကိုင်ပြီး ဆွေးနွေးသွားမည်ဟု ပြောဆိုကြသည်။

ဇန်နဝါရီလအတွင်း ကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲတွင် အစိုးရဘက်မှ ကိုယ်စားလှယ် ၇၅ ဦး၊ လွှတ်တော် ကိုယ်စားလှယ် ၇၅ ဦး၊ တပ်မတော် ကိုယ်စားလှယ် ၁၅၀ ၊ လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များမှ ကိုယ်စားလှယ် ၁၅၀ ၊ နိုင်ငံ ရေး ပါတီများမှ ကိုယ်စားလှယ် ၁၅၀ ၊ တိုင်းရင်းသား ကိုယ်စားလှယ် ၅၀ ၊ ဖိတ်ကြားသင့်သူ ကိုယ်စားလှယ် ၅၀ ဟူ၍ အစိုးရနှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားအဖွဲ့ ၈ ဖွဲ့အကြား သတ်မှတ်ထားပြီး ဖြစ်ကြောင်း သိရသည်။

နိုင်ဟံသာက “အခု အရေအတွက်ချင်း ကြည့်ရင် သူတို့ဘက်က အပေါ်စီးရပြီးသား ဖြစ်နေတယ်။ အဆုံးအဖြတ် တခုမှာ အရေအတွက်နဲ့ ပြုမယ်ဆို သူတို့ (အစိုးရ၊ လွှတ်တော်၊ တပ်မတော်) အချင်းချင်း ညီနေရင် တိုင်းရင်းသားဘက်က ဘယ်လိုမှ ပြောလို့မရတော့ ဘူး။ ဒီတော့ အဖြေကောင်း၊ အဖြေမှန် ထွက်လာမှာ မဟုတ်ဘူး။ သူတို့က မဲတဝက်ယူထားပြီးသား ဖြစ်နေတယ်”ဟု ပြောဆိုသည်။

ကိုယ်စားလှယ် အရေအတွက် သတ်မှတ်ချက်များနှင့်ပတ်သက်၍ ဧရာဝတီက အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)မှ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေအား ဆက်သွယ်မေးမြန်းရာ ၎င်းက“နောက် အစိုးရကျတော့ ပြန်ပြင် ပေါ့”ဟု ပြန်လည် ဖြေကြားသည်။

လက်ရှိအစိုးရ အဖွဲ့အနေဖြင့် သုံးလခန့်သာ ကျန်ရှိတော့သည့် သက်တမ်းအတွင်း ကတိပြုထားသည့်အတိုင်း ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး ကျန်ကိစ္စရပ်များကို နောင်အစိုးရသစ် လက်ထက်တွင် ဆက်လက်လုပ်ဆောင် လိမ့် မည်ဟုလည်း ဦးလှမောင်ရွှေက ဆိုသည်။

ရန်ကုန်မြို့ ပန်ဒါ ဟိုတယ်တွင် ဒီဇင်ဘာ ၁၆ ရက်မှ ၁၇ ရက်အထိ အရပ်ဘက်အဖွဲ့အစည်း ၁၄၀ ကျော် ပူးပေါင်းပြုလုပ်သည့် ၁၁ ကြိမ် မြောက် အရပ်ဘက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်(CSFOP)၏ ပြောရေးဆိုခွင့်ရှိသူ ဦးမရန်ကျော်ဂွန်းကလည်း အားလုံးမပါဝင်ဘဲ နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပခြင်းကြောင့် လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း အထင်မြင်လွဲမှားမှုများ၊ သံသယများဖြင့် ရန်လိုတိုက်ခိုက်မှုများအထိ ပြဿနာ ဖြစ်နိုင်ကြောင်း ပြောသည်။

ဆက်လက်၍ ဦးမရန်ကျော်ဂွန်းက “အစိုးရက သူ့သက်တမ်းအတွင်းမှာ ဆွေးနွေးပွဲကို မဖြစ်မနေစတာထက် အစိုးရသစ် လက်ထက် အတွက် အကောင်းဆုံး အထောက်အပံ့ဖြစ်အောင် ဘာတွေ ချသွားပေးမလဲဘဲ ကျနော်တို့က ဖြစ်စေချင်တယ်”ဟုလည်း ပြောဆို သည်။

နိုင်ငံရေး ဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင်အားလုံး မပါဝင်သေးဘဲ မစတင်သင့်ကြောင်း သဘောထားရှိပြီး အားလုံး ပါဝင် မှသာ စတင်ရန် သက်ဆိုင်သူအားလုံးကို CSFOP မှ စာပေးပို့ တိုက်တွန်းသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

Loading