သမိုင်းဝင် ယဉ်ကျေးမှု အဆောက်အအုံများ၌ ညစာစားပွဲ မပြုရန် တားမြစ်
This article has been converted from Zawgyi One to Unicode

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်းအဆောက်အအုံများတွင် ညစာစားပွဲကျင်းပ၍ ခရီးသွားဝန်ဆောင်မှုများ မပြုလုပ်ရန် ယဉ်ကျေးမှုဝန်ကြီးဌာနက တားမြစ်လိုက်သည်။
မကွေးတိုင်း သရက်ခရိုင် မင်းလှမြို့ရှိ မင်းလှခံတပ်တွင် ခရီးသွားကုမ္ပဏီတခုဖြစ်သည့် Ground Logistics Manager Myanmar Hotels & Qurses Co.,Ltd.Road to Mandalay က နိုင်ငံခြားသား ဧည့်သည်များအား ရှေးခေတ်မင်းခမ်းမင်းနားပုံစံဖြင့် ညစာစားပွဲကျင်းပကာ ဝန်ဆောင်မှုပေးခဲ့သဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့်ဂုဏ်သိက္ခာကိုထိခိုက်စေနိုင်သဖြင့် နောင်တွင်မပြုလုပ်ရန် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက သတိပေးခဲ့ပြီးနောက် ယခုကဲ့သို့ တားမြစ်ချက်ထွက်လာခြင်းဖြစ်သည်။
အလားတူ အခြားဒေသအသီးသီးရှိ ဌာနခွဲ၊ဌာနစုများသို့လည်း ဌာနမှ ထိန်းသိမ်းစောင့်ရှောက်ထားသော ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများတွင် အမျိုးဘာသာ၊သာသနာ၊မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများ ထိခိုက်စေနိုင်သော ဆောင်ရွက်မှုများ၊ ညစာစားပွဲဝန်ဆောင်မှုများ ခွင့်မပြုရန်၊ အထူးသဖြင့် မြန်မာ့တော်ဝင် မင်းညီမင်းသား၊မှူးကြီးမတ်ရာတို့၏ နန်းဝတ်နန်းစား၊ အဆောင်အယောင်၊အပြင်အဆင်များဖြင့် ကြိုဆိုခြင်း၊ဧည့်ခံခြင်း၊ညစာစားပွဲ ကျင်းပခြင်းများ မပြုစေရန် သတိပေးခဲ့သည်။
ပုဂံဒေသရှိ ဘုရားစေတီများအတွင်းတွင်လည်း ကမ္ဘာလှည့်ခရီးသွားများ ညစာစားပွဲများ ပါတီပေးခြင်းများ ပြုလုပ်သည့် သတင်းများလည်း မကြာခဏထွက်ပေါ်နေသလို ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံခဲ့ရသည့် သမိုင်းဝင် အဆောက်အဦး အတွင်းဝန်ရုံးတွင်လည်း ပါတီပွဲများ ပေးသည့် ဓာတ်ပုံများထွက်ပေါ်ခဲ့သေးသည်။