တရားခံ ရှေ့နေများနှင့် လုံခြုံရေးကျွမ်းကျင်သူများက အမှန်တကယ်ရှိမနေကြောင်း ပြောကြသည့် အကြမ်းဖက် အဖွဲ့ အစည်း တခုနှင့် ဆက်သွယ်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် အစိုးရ၏ ဖမ်းဆီးခံရသူ အနည်းဆုံး ၁ ဒါဇင်ခန့် ရှိခဲ့ပါသည်။
“မြန်မာမွတ်စလင်တပ် (Myanmar Muslim Army)” အမှန်တကယ်ရှိနေကြာင်း ဖော်ပြနိုင်သည့် သက်သေ အထောက်အထားများကို ဖော်ထုတ်ပြသရန် ဦးသိန်းစိန် အစိုးရက ငြင်းပယ်ခဲ့သည့်အတွက် ကာလရှည်ကြာစွာ မွတ်စလင်များအပေါ် ဖိနှိပ်ကန့်သတ်ခဲ့သည့် အစိုးရက အကြမ်းဖက်ခြိမ်းခြောက်မှုတခုကို တီထွင်၍ ရှေ့တန်းတင်နေသည်ဟူသော အလားအလာက ဖြစ်နိုင်ချေ ပိုများနေသည်။
ဖမ်းဆီးခံထားရသူ အရေအတွက်ကို သဲသဲကွဲကွဲ မသိရသော်လည်း The Intercept အွန်လိုင်း သတင်းဌာနက ရရှိခဲ့သည့် အထောက်အထားများနှင့် မြန်မာနိုင်ငံမှ အမှု ၃ ခုနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့ခြင်းများအရ ပထမအမှုတွင် အကြမ်းဖက် အဖွဲ့အစည်းနှင့် ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံထားရသူ ၁၂ ဦး၊ ဒုတိယ အမှုတွင် တိုင်းပြည်နေရာ အနှံ့အပြား တွင် ဗုံးဖောက်ခွဲရန် ကြံစည်ရာ၌ ပါဝင်ပတ်သက်မှုဖြင့် ဖမ်းဆီးခံထားရသူ ၅ ဦးနှင့် တတိယမြောက်မှာ အကြမ်းဖက်အဖွဲ့ ကို ငွေကြေးထောက်ပံ့သည့် အမှုဖြင့် ဖမ်းဆီးခံထားရသူ တဦးတို့ ဖြစ်သည်။ ၎င်းတို့ကို စက်တင်ဘာနှင့် နိုဝင်ဘာလများ အတွင်းတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါသည်။ (ပြီးခဲ့သည့်အပတ် တနင်္လာနေ့က မန္တလေးတွင် မွတ်စလင် ၁၂ ဦးကို ထောင်ဒဏ် ၅ နှစ် အပြစ်ပေးခဲ့သည်)
“စွဲဆိုခြင်းခံရသူများသည် တရားမဝင်လှုပ်ရှားနေသည့် မြန်မာမွတ်စလင်တပ်၏ စခန်းများတွင် လေ့ကျင့်သင်တန်း တက်ခဲ့ကြသည်”ဟု The Intercept မှရရှိသည့် တရားရုံးမှ စာရွက်စာတန်းတခုတွင် ဖော်ပြထားသည်ကို တွေ့ရသည်။
တရားဝင်ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ လူဦးရေ၏ ၄ ရာခိုင်နှုန်းသည် မွတ်စလင်များ ဖြစ်သော်လည်း အမှန်တကယ် တွင် ၎င်းထက် အရေအတွက်များမည်ဟု ယူဆရပြီး ၁၀ ရာခိုင်နှုန်းခန့် အထိရှိနိုင်ပါသည်။ လူဦးရေ အများဆုံး ဖြစ်သည့် ရိုဟင်ဂျာ မွတ်စလင်များမှာ ရခိုင်ပြည်နယ်တွင် အဓိကနေထိုင်ကြပြီး အခြားမွတ်စလင်များမှာ မြန်မာနိုင်ငံ နေရာ အနှံ့အပြားတွင် ရှိနေကြသည်။ အစိုးရက ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ်သတ်မှတ်ပေးရန် ညင်းပယ်ခဲ့သည်မှာ ဆယ်စုနှစ်များစွာ ရှိခဲ့ပြီ ဖြစ်ပြီး သူတို့သည် ရည်ရွယ်ချက်ရှိရှိပြုလုပ်သည့် လူမျိုးရေးတိုက်ခိုက်မှုများ၏ ပစ်မှတ်ဖြစ်ခဲ့ရသည်ဟု လူ့အခွင့်အရေး အဖွဲ့အစည်းများက ဆိုသည်။ ပင်လယ်ပြင်ကို ဖြတ်ကျော် ထွက်ပြေးရင်း သေဆုံးသူ အရေအတွက်မှာ ယခုနှစ် ပထမ ၄ လ အတွင်းတွင် ၃၀၀ ခန့် ရှိမည်ဟု ခန့်မှန်းရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဆိုသည်။
ရိုဟင်ဂျာ မဟုတ်သည့် မွတ်စလင်များမှာလည်း မြန်မာနိုင်ငံသားများ ဖြစ်သော်လည်း ခွဲခြားဆက်ဆံမှုများနှင့် ရင်ဆိုင်နေ ကြရသည်။ ပြီးခဲ့သည့် နှစ်များ အတွင်းတွင် ရခိုင်ပြည်နယ် ပြင်ပတွင်လည်း မွတ်စလင်ဆန့်ကျင်ရေး အဓိကရုဏ်းများ ဖြစ် ပေါ်ခဲ့သည်။ မြန်မာမွတ်စလင်တပ်နှင့် အဆက်အသွယ်ရှိသည် သို့မဟုတ် အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်သည် ဆိုသည့် စွဲချက်နှင့် ဖမ်းဆီးခံရသူများမှာ အများအားဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းမှ ဖြစ်ကြသည်။
စစ်အုပ်ချုပ်ရေး လက်အောက်တွင် ဆယ်စုနှစ် ၅ ခုကြာမြင့်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်တွင် စစ်ဗိုလ်ချုပ်ကြီးများက “စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ” ဟု ခေါ်သည့် နိုင်ငံရေး အသွင်ကူးပြောင်းမှုတခု မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာခဲ့သည်။ စစ်ဗိုလ် ချုပ် ဟောင်းများပါဝင်သည့် အရပ်သားတပိုင်းအစိုးရကို ဖွဲ့စည်းခဲ့သည်။ ရာနှင့် ချီသော နိုင်ငံရေး အကျဉ်းသားများကို လွတ် ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။ နေအိမ်အကျယ်ချုပ်နှင့် ၁၅ နှစ်ကျော် နေထိုင်ခဲ့ရသည့် အတိုက်အခံခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်လည်း ၂၀၁၂ ခုနှစ်တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး လွှတ်တော်တွင်းသို့ ရောက်ရှိလာခဲ့သည်။
ထိုသို့ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည့် အတွက် အစိုးရအနေဖြင့်လည်း လွန်ခဲ့သော နှစ်အနည်းငယ်ကဆိုလျှင် စဉ်းစား၍ ပင်မရနိုင်သည့် နိုင်ငံတကာ၏ အသိအမှတ်ပြုလက်ခံမှုများ အတော်အသင့်ပြန်လည် ရရှိလာခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်နေသော ကွန်ဒိုလီဇာရိုက်စ်က မြန်မာနိုင်ငံကို အာဏာရှင် များ၏ ရှေ့တန်း စခန်းများထဲမှ တခုအဖြစ် အထက်လွှတ်တော်ကြားနာမှုတခုတွင် စာရင်းသွင်း ထွက်ဆိုခဲ့သည်။ ၂၀၁၂ ခုနှစ် ရောက်သည့်အခါ ဘားရတ်အိုဘားမားက မြန်မာနိုင်ငံသို့ လာရောက်သည့် ပထမဆုံးသော အမေရိကန် သမ္မတ ဖြစ်လာပြီး ပြုပြင်ပြောင်းလဲရေးကို ဂုဏ်ပြုခဲ့ပါသည်။ သူ၏ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်လည်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး မြန်မာနိုင်ငံ၏ တိုးတက်မှုကြောင့် အသက်ရှူပင်မှားခဲ့ရသည်ဟု ၂၀၁၄ ခုနှစ်တွင် ပြန်လည်ပြောပြခဲ့သည်။ မြန်မာအစိုးရက ၎င်းတို့၏ ပုံရိပ်ကို မြှင့်တင်နိုင်ရန် အတွက် ဂျွန်ပိုဒက်စတာ တည်ထောင်သည့် ဝါဒ ဖြန့်ချီရေး ပွဲစားကုမ္ပဏီ တခုဖြစ်သည့် Podesta Group ကို ငှားရမ်းခဲ့သည်။ ဂျွန်ပိုဒက်စတာသည် ကလင်တန်၏ မဲဆွယ် လှုပ်ရှားမှုအဖွဲ့ ဥက္ကဌ ဖြစ်ပါသည်။
တိုင်းပြည်၏ လူများစု ဗုဒ္ဓဘာသာဝင်များ နိုင်ငံရေး လွတ်လပ်ခွင့် တိုးတက် ကောင်းမွန်လာသော်လည်း မွတ်စလင်များ၏ အခြေအနေ ဆိုးရွားလာသည်။
မြန်မာနိုင်ငံတွင် မွတ်စလင်များကို လူများစု ဗုဒ္ဓဘာသာဝင်များက နိုင်ငံခြားသားများအဖြစ် သဘောထားခဲ့ကြသည်။ ၎င်းတို့ကို အစိုးရ တာဝန်ရှိသူများနှင့် အမျိုးသားရေး အစွန်းရောက်သူများက အပြင်လူများ၊ ရန်သူများ အဖြစ် ပုံဖော် နေခဲ့ကြသည်။ စစ်အာဏာရှင်များက နိုင်ငံရေး ပဋိပက္ခများမှ အာရုံပြောင်းလဲစေရန် အတွက် ထိုသို့ ပြုလုပ်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်ဟု ဝေဖန်သူများက ဆိုသည်။
၂၀၀၁ ခုနှစ်တွင် သမ္မတ ဂျော့ဘုရှ်၏ အမေရိကန် အစိုးရက အကြမ်းဖက်မှုဆန့်ကျင်ရေးစစ်ပွဲ စတင်ဆင်နွဲသည့် အချိန်တွင် မြန်မာနိုင်ငံမှ မွတ်စလင်များကို အကြမ်းဖက်ခြိမ်းခြောက်မှုဖြစ်လာနိုင်သည့် အလားအလာတခု အဖြစ် စတင်ပုံ ဖော်ခဲ့သည်။ သို့သော်လည်း အမေရိကန် အစိုးရက စစ်အစိုးရကို အထီးကျန်ဖြစ်စေရန် ကြိုးစားနေသည့် ကာလ ဖြစ်သည့် အတွက် နိုင်ငံတကာ၏ အလေးပေးမှု အနည်းငယ်သာ ရရှိခဲ့သည်။ စစ်အစိုးရက မွတ်စလင်များကို အကြမ်းဖက်သမားများအဖြစ် ပုံဖော်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် နှစ်များအတွင်း ် မွတ်စလင်များ၏ အကြမ်းဖက်တိုက်ခိုက်မှု မှတ်တမ်း မရှိခဲ့ပါ။
ယခုအချိန်တွင် မြန်မာနိုင်ငံသည် အမေရိကန်နှင့် အခြား ရန်သူဟောင်းများက ထောက်ခံအားပေးသည့် ပြုပြင်ပြောင်းလဲရေး ကာလအတွင်း ရှိနေပြီး အရေးပါသည့် ရွေးကောက်ပွဲတခုကိုလည်း နိုဝင်ဘာလတွင် ကျင်းပခဲ့သည်။ မြန်မာအစိုးရအဖွဲ့မှ ဗိုလ်ချုပ်ဟောင်းများ အနေဖြင့် ၎င်းတို့၏ အာဏာထိန်းချုပ်မှုကို နိုင်ငံတကာမှာရော ဗုဒ္ဓဘာသာဝင် လူများစုမဲဆန္ဒရှင်များ အတွင်းတွင်ပါ ယခင်ကထက်ပို၍ တရားဝင်ဖြစ်စေရန် ပိုမို ကြိုးပမ်းခဲ့သည်။ အကြမ်းဖက် ခြိမ်းခြောက်မှု အသစ်တခု ပြန်လည်ပေါ်ထွက်လာခြင်းက စစ်တပ်အနေဖြင့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ စနစ်တွင် သူတို့သည်သာ လုံခြုံရေးကို အာမခံချက်ပေးနိုင်သူများ ဖြစ်သည်ဟု ဆက်လက်၍ ပြောနိုင်ပါလိမ့်မည်။
စိုးမိုးအောင်၏ မိသားစု တခုလုံး အိပ်ပျော်နေသည့် နိုဝင်ဘာလ ၁၇ ရက်နေ့ ညနက်ပိုင်းတွင် မန္တလေးမြို့ရှိ သူတို့ အိမ် အတွင်းသို့ ရဲ အဖွဲ့ဝင် ၈ ဦးခန့် ဝင်ရောက်လာခဲ့သည်။ ရဲအဖွဲ့က အသက် ၂၄ နှစ်အရွယ် သားဖြစ်သူကို သူတို့လက်သို့ အပ်ရန် မိသားစုကို တောင်းဆိုခဲ့သည်ဟု ယခုနှစ် အစောပိုင်းက ပြုလုပ်ခဲ့သည့် အင်တာဗျုးတွင် သူ၏ မိခင် ဒေါ်နွယ်နီ အောင်က ပြန်ပြောပြသည်။ ရဲအဖွဲ့ဝင်များရော အိမ်ကို ဝိုင်းရံထားသည့် စစ်သားများပါ ဖမ်းဆီးရန် ဝရမ်းပြနိုင်ခြင်းမရှိဟု သူက ပြောသည်။ သားဖြစ်သူကို ဒေါ်နွယ်နီအောင် ၁၀ ရက်ခန့် မမြင်ခဲ့ရပါ။ သူ့ကို ရဲစခန်းတွင် ချုပ်ထားပြီး ရှေ့နေနှင့်လည်း တွေဆုံခွင့် မရခဲ့ပါ။ ရုံးတင်စစ်ဆေးသည့် အခါကျမှ “မြန်မာမွတ်စလင်တပ်”နှင့် ပတ်သက်နေသည့် အတွက် ဖမ်းဆီးခြင်းဖြစ်ကြောင်း သိခဲ့ရသည်။
“သူက စစ်စခန်းတခုမှာ သင်တန်းတက်ခဲ့တယ်လို့ သူတို့ က စွပ်စွဲတယ်။ ဒါပေမယ့် မဖြစ်နိုင်ဘူးလေ။ သူက နေမကောင်း ဖြစ်နေတယ်။ အဆစ်အမြစ်ယောင်တဲ့ ရောဂါဖြစ်နေတယ်။ ဒါကြောင့် သူက ဘယ်လိုလုပ်ပြီး သင်တန်း တက်နိုင်မှာလဲ” ဟု ဒေါ်နွယ်နီအောင်က ပြောသည်။
စိုးမိုးအောင်၏ ရှေ့နေဖြစ်သူ ဒေါ်နန္ဒာမြင့်သိန်းက ၎င်းအမှုမှ အခြား သံသယရှိသူ ၄ ဦးအတွက်လည်း လိုက်ပါဆောင်ရွက် ပေးနေသူဖြစ်သည်။ “မြန်မာမွတ်စလင်တပ်”နှင့် ပတ်သက်သည့် အတွက် ရုံးတင်စစ်ဆေးခြင်းခံရသူ စုစုပေါင်း ၁၂ ဦး ရှိသည်ဟု The Intercept မှ ရရှိသည့် စာရွက်စာတမ်းများအရ သိရသည်။ ၎င်းတို့ကို ၁၉၅၀ ခုနှစ် အရေးပေါ် စီမံမှု အက်ဥပဒေအရ ဖမ်းဆီးခြင်း ဖြစ်သည်။ အတိုက်အခံများ၊ နိုင်ငံရေးအရ သဘောထား မတူညီသူများကို ဖမ်းဆီးရန်အတွက် ထို ပုဒ်မကို အသုံးပြုလေ့ရှိသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၏ အဆိုအရ သိရသည်။
တရားစွဲဆိုမှုတွင် စစ်မှန်သော သက်သေအထောက်အထား တင်ပြနိုင်ခြင်း မရှိဘဲ ဖမ်းဆီးချုပ်နှောင်ထားစဉ် နှိပ်စက် ညှဉ်းပမ်း၍ လက်မှတ်ရေးထိုးခိုင်းထားသော ထွက်ဆိုချက်များအရသာ စွပ်စွဲခြင်း ဖြစ်သည်ဟု ဒေါ်နန္ဒာမြင့်သိန်းက ပြောသည်။ ဖမ်းဆီးခံရသူ အများစုမှာ တရားရုံးမရောက်မီက တယောက်နှင့် တယောက် မသိခဲ့ဟု သူက ဆိုသည်။
“အစိုးရဘက်က သက်သေတွေ (သတင်းတပ်ဖွဲ့ဝင်များ) ကို မြန်မာမွတ်စလင်တပ်နဲ့ ပတ်သက်လို့ သက်သေ အ ထောက် အထားပြဖို့ ကျမကမေးတဲ့ အခါ တရားရုံးမရောက်ခင် သူတို့ မပြောနိုင်ဘူးလို့ ဖြေတယ်။ အဲဒီ အချက်အလက် တွေက အထက်ကနေရောက်လာတာ” ဟု ဒေါ်နန္ဒာမြင့်သိန်းက ပြောသည်။
ယခု ဆောင်းပါးအတွက် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက အစိုးရ၏ အနေ အထားကို ကာကွယ်သွားခဲ့သည်။ “ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ပြည်ထဲရေး ဝန်ကြီးဌာနမှာ သက်သေ အထောက်အထားတွေ အားလုံးရှိပါတယ်။ ဒါပေမယ့် အများပြည်သူသိအောင်တော့ ကျနော်တို့ ကြေညာလို့ မရပါဘူး။ ဘာကြောင့်လဲဆို တော့ အမျိုးသားလုံခြုံရေးနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်နေလို့ပါ” ဟု သူက ပြောသည်။ တရားခွင်တွင် သက်သေ အထောက်အထားများ ပြသနိုင်ခြင်း မရှိသည့် အတွက် ဖမ်းဆီးခံထားရသူများ အနေဖြင့် မျှတသော စစ်ဆေးမှုကို မည်ကဲ့သို မျှော်လင့် နိုင်မည်နည်းဟု မေးသည့်အခါ ဦးဇော်ဌေးက “သူတို့ အနေနဲ့ အထက်ရုံးတွေကို အယူခံဝင်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်” ဟု ဖြေသည်။
အဆိုပါ “မြန်မာမွတ်စလင်တပ်”တွင် အဖွဲ့ဝင်မည်မျှ ပါဝင်သည်ဆိုသည့် အချက်ကို ဖြေဆိုရန် ဦးဇော်ဌေးက ငြင်းပယ်ခဲ့သည်။ အမျိုးသား လုံခြုံရေး အခြေအနေကြောင့် သတင်းအချက်အလက်များ ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိဟု ဆိုသည်။ သို့သော်လည်း “ တိုင်းပြည် ပြင်ပမှာတော့ လှုပ်ရှားမှုတွေ အများကြီး ရှိပါတယ်။ သူတို့က ပြည်တွင်းက တချို့နဲ့ ပေါင်းပြီးတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ချင်ကြတယ်။ ဒါကြောင့် အခု ကျနော်တို့က ဖြစ်လာနိုင်တဲ့ တိုက်ခိုက်မှု မှန်သမျှကို ကာကွယ်နိုင်ဖို့ လုပ်ဆောင် နေပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။ အရပ်ဘက် အဖွဲ့အစည်းတခု ဖြစ်သည့် Legal Aid Documentation Team ၏ အဆိုအရ ယခုနှစ် ဖေဖော်ဝါရီလ အထိ အကြမ်းဖက်မှုနှင့် ဆက်နွယ်၍ ဖမ်းဆီးခံခဲ့ရသည့် မွတ်စလင် ဘာသာဝင် ၁၀၀ ဝန်းကျင်ခန့် ရှိသည်ဟု ဆိုသည်။
“မြန်မာမွတ်စလင်တပ်”၏ တည်ရှိမှုနှင့် ပတ်သက်၍ အကြမ်းဖက်မှု ကျွမ်းကျင်သူများ၊ လူ့အခွင့် အရေးအဖွဲ့အစည်းများနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ စင်ကာပူအခြေစိုက် International Centre for Political Violence and Terrorism Research ၏ အကြီးအကဲဖြစ်သော Rohan Gunaratna တဦးသာလျှင် ရည် ညွှန်းပြောဆိုမှု ရှိခဲ့သည်။ သူလတ်လောရေးသားခဲ့သည့် အစီရင်ခံစာ တစောင်တွင် “(“မြန်မာမွတ်စလင်တပ်”) Myanmar Muslim Army (MMA) အမည်ရှိ အဖွဲ့သစ်တခု ပေါ်ပေါက်လာကြောင်း အတည်မပြုနိုင်သေးသော သတင်းများ ရရှိခဲ့သည်။ ၎င်းတို့က မြန်မာ မွတ်စလင်များကို ထိုင်းနိုင်ငံ ပိုင်နက်အတွင်း လေ့ကျင့်သင်တန်းပေးနေသည်ဟု သိရသည်” ဟု ဖော်ပြခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တဦးနှင့် တွေ့ဆုံခဲ့ရာတွင် အမေရိကန် အစိုးရအနေဖြင့် Rohan Gunaratna ၏ ပြောဆိုမှုအပြင် အခြားသတင်းအချက်အလက်များ မရရှိသေးဟု သူက ပြောခဲ့ပါသည်။ အရှေ့ တောင် အာရှဒေသဆိုင်ရာ လုံခြုံရေးနှင့် နိုင်ငံရေး ကျွမ်းကျင်သူတဦး ဖြစ်သော Zachary Abuza က Myanmar Muslim Army ကို မကြားဖူးကြောင်းပြောသည်။ “ကျနော့် အတွက်တော့ အဲဒါက စိတ်ကူးယဉ် ဖန်တီးမှု သက်သက်ပါပဲ။ အစိုးရ ကို တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတခုက စစ်အစိုးရက တရားဝင်သတ်မှတ်ထားတဲ့ ‘Myanmar’ ဆိုတဲ့ စကားလုံးကို သုံးပါ မလားလို့ ကျနော် သံသယဖြစ်မိတယ်” ဟု သူကဆိုသည်။ ‘Myanmar’ ဆိုသည့် နိုင်ငံ အမည်ကို စစ်အစိုးရက ၁၉၈၉ ခု နှစ်တွင် Burma ဆိုသည့် အမည်နေရာတွင် အစားထိုးသုံးစွဲခဲ့ခြင်း ဖြစ်သည်။ “နာမည်နဲ့ တပ်မတော်ရဲ့ သမိုင်းမှတ်တမ်း တွေရဆိုရင် သူတို့ရဲ့ ဖြောင့်ချက်ဆိုတာ နှိပ်စက်ပြီး ရယူခဲ့တာ ဖြစ်ဖို့ များပါတယ်” ဟု Zachary Abuza က ပြောသည်။
Yusuf ဟု သိကြသည့် ကိုခင်မောင်ရွှေမှာမူ “မြန်မာမွတ်စလင်တပ်”ကို ကူညီခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရ ခြင်းဖြစ်သည်။ အသက် ၄၄ နှစ် အရွယ် စီးပွားရေးသမားတယောက်ဖြစ်သော သူ့ကို မန္တလေးမြို့တွင် အောက်တိုဘာလ အတွင်းက ဖမ်းဆီးခဲ့သည်။ သို့သော်လည်း သူ၏ ရှေ့နေဖြစ်သော ဦးအောင်နိုင်စိုး က အခြားဖမ်းဆီးထိန်းသိမ်းခံထားရသူ များက အမှုစစ်ဆေးသူများကို Yusuf ဆိုသည့် နာမည်ကို ပြောလိုက်ရုံ တခုထဲဖြင့် အဖမ်းခံရခြင်း ဖြစ်သည်ကို တွေ့ရှိရ ကြောင်း၊ အခြား အထောက်အထား မတွေ့ရှိရကြောင်း ပြောသည်။
အဆိုပါ အမှုများကို ပြည်ထဲရေးဝန်ကြီးဌာနက အရေးပေါ်စီမံမှု အက်ဥပဒေဖြင့် တရားစွဲဆိုခြင်း ဖြစ်သည်။ ကိုခင်မောင်ရွှေ ၏ အမှုနှင့် ပတ်သက်၍ ဝန်ကြီးလက်မှတ်ထိုးထားသော ခွင့်ပြုချက်တစောင်ကို The Intercept က ရရှိခဲ့သည်။ မန္တလေးမှ အခြားအမှုများ အတွက်လည်း ဝန်ကြီးက အလားတူ လက်မှတ်ထိုး အတည်ပြုပေးခဲ့သည်ဟု တရားခံရှေ့နေများက ပြောသည်။ ဓာတ်မြေသြဇာဖြင့် ဗုံးလုပ်ရန် စီစဉ်ခဲ့သည်ဟု စွပ်စွဲဖမ်းဆီး ခံရသူ ၅ ဦး၏ အမှုတွင်လည်း ဝန်ကြီး၏ ခွင့်ပြုချက် စာကို The Intercept က ရရှိခဲ့ပါသည်။ “စွပ်စွဲခံရတဲ့သူတွေအတွက် တကယ်ကို ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ တရားရုံးက ဝန်ကြီးကိုယ်တိုင်က ပေးတဲ့ အမိန့်တွေကို မလိုက်နာဘဲ မနေရဲလို့ပါ” ဟု ဦးအောင်နိုင်စိုး ကပြောသည်။
မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်တွင် ပြည်ထဲရေးဝန်ကြီးက တိုက်ရိုက်ပါဝင်ပတ်သက်နေခြင်းက လျစ်လျူရှုထား၍ မရသည့် ကိစ္စတခု ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အခြေအနေ အရပ်ရပ်တွင် စစ်တပ်က ဆက်လက်သြဇာလွှမ်းမိုးနေသည်ကို ဖော်ပြခြင်းလည်း ဖြစ်ပါသည်။ အခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီးသည် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင် သွင်းသည့် စစ်ဘက် အရာရှိဖြစ်ရန် လိုအပ်ပါသည်။ International Commission of Jurists က ၂၀၁၃ ခုနှစ်က ထုတ်ဝေခဲ့သော အစီရင်ခံစာ တစောင်တွင် “တရားသူကြီးများအပေါ် နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ လွှမ်းမိုးမှုများ ရှိနေခြင်းက ရှေ့နေများအတွက် အဓိက အတားအဆီးတခုအဖြစ် ဆက်လက်တည်ရှိနေသည်။ အမှု၏ အခြေအနေကို လိုက်၍ တရားသူကြီးများက အစိုးရနှင့် စစ်ဘက်တာဝန်ရှိသူများက ပေးလာသည့် အမိန့်များပေါ်တွင် မူတည်၍ ဆုံးဖြတ်ချက်များ ချမှတ်နေကြရသည်” ဟု ဖော်ပြထားသည်။
International Commission of Jurists ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာ Sam Zarifi က “တရားစွဲဆိုခံရသူတွေအနေနဲ့ မျှတတဲ့ တရားစီရင်မှုကို ရရှိနိုင်မယ့် အခွင့်အရေး အတွက် စိုးရိမ်စရာ အကြောင်းတွေ ရှိနေပါတယ်။ လွတ်လပ်တဲတရားစီရင်ရေးဆိုတာကလည်း အုပ်ချုပ်ရေးပိုင်းရဲ့ မလိုလားအပ်တဲ့ သြဇာလွှမ်းမိုးမှုနဲ့ စွက်ဖက်မှုတွေကြောင့် အားနည်းခဲ့ရတယ်။ အထူးသဖြင့် နိုင်ငံရေးအရ ထိရှလွယ်တဲ့ မှုတွေမှာ ဖြစ်ပါတယ်” ဟု ရှင်းပြသည်။
မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့ဖြစ်သည့် ရန်ကုန်မှ နောက်ထပ်အမှုတခုမှာ လက်နက်ကိုင်တော်လှန်ရန် စီစဉ်သည့် အမှုဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းတွင် ဓာတ်မြေသြဇာများ မှောင်ခိုသယ်ယူသည်ဆိုသော စွပ်စွဲမှုဖြင့် မွတ်စလင် ၅ ဦး ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ဓာတ်မြေသြဇာများမှ ဗုံးများပြုလုပ်ပြီး မြန်မာနိုင်ငံအတွင်းတွင် ဖောက်ခွဲရန် ဖြစ်သည်ဟု တာဝန်ရှိသူများက အကြောင်းပြခဲ့သည်။ စွပ်စွဲခံရသူ တဦးမှာ ဓာတ်မြေသြဇာ ဝယ်ယူခဲ့သည့် ဆိုင်ရှင် တဦးဖြစ်သည်ဟု သူ၏ ရှေ့နေက ပြောသည်။
သံသယရှိသူများကို စစ်တပ်က ၃ လကြာအောင် ဖမ်းဆီး နှိပ်စက်၍ ဖြောင့်ချက်ရယူခဲ့သည်ဟု ရှေ့နေ ဦးရောဘတ်စန်းအောင်ကပြောသည်။ ယခုဆောင်းပါး အတွက် တွေ့ဆုံ မေးမြန်းခဲ့သော အခြားရှေ့နေများကဲ့သို့ပင် ဓာတ်မြေသြဇာများနှင့် ထွက်ဆိုချက်များအပြင် အကြမ်းဖက်မှုကျူးလွန်မည့် အခြားအထောက်အထား မတွေ့ရှိရဟု သူက ပြောသည်။ သူ၏ ထင်မြင်ချက်ကို မေးသည့်အခါ ဦးရောဘတ်စန်းအောင်က “ဒီအမှုမှာ ကျနော် နိုင်မှာ မဟုတ်ဘူး။ တကယ်လို့ တရားသူကြီးက ဥပဒေအတိုင်းလုပ်မယ် ဆိုရင်တော့ ကျနော်နိုင်လိမ့်မယ်။ ဒါပေမယ့် ဥပဒေအတိုင်း လုပ်မှာ မဟုတ်ဘူး” ဟု ဖြေသည်။
(The Intercept အွန်လိုင်းသတင်းမဂ္ဂဇင်းပါ Carlos Sardiña Galache နှင့် Veronica Pedrosa တို့ ၏ In Myanmar, Muslims Arrested for Joining Terror Group That Doesn’t Exist ကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်)