လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေ အပါအဝင် ဖွံ့ဖြိုးမှု အလွန်နောက်ကျနေတဲ့ ရခိုင်ပြည်နယ် အရေးဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရလာတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ အဓိကဖြေရှင်းရမယ့် စိန်ခေါ်မှုတခု ဖြစ်လာပြီး ရခိုင်ပြည်နယ်မှာ NLD က ဘယ်လိုမူဝါဒတွေ ချမှတ်ပြီး လုပ်ဆောင်မလဲဆိုတာ နိုင်ငံတကာနဲ့ မြန်မာပြည်သူတွေက စိတ်ဝင်တစား ရှိလှပါတယ်။
ရခိုင်အရေးလို့ ဆိုလိုက်တာနဲ့ နိုင်ငံတကာက ရိုဟင်ဂျာလို့ အမည်တပ်ထားတဲ့ လူနည်းစုတွေရဲ့ အခွင့်အရေး ဆိုတဲ့ အမြင်နဲ့ ပြောဆိုကြသလို ပြည် တွင်းမှာတော့ မွတ်စလင် ရွှေ့ပြောင်းနေထိုင်သူတွေ၊ ခိုးဝင်လာသူတွေ၊ လူမျိုးရေးနဲ့ ဘာသာရေးအတွက် ကာကွယ်ရမယ်ဆိုတဲ့ မတူတဲ့ရှုထောင့်အမြင်တွေရှိ နေပါတယ်။
သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်မှာတော့ ရိုဟင်ဂျာဆိုတာ လက်မခံနိုင်ဘဲ လူမျိုးရေး၊ ဘာသာ ရေးကို ကာကွယ်ရမယ်ဆိုတဲ့ အမျိုးသားရေးအမြင်နဲ့ ရခိုင်အရေးကို ကိုင်တွယ်ခဲ့ပါတယ်။ အဲဒါကြောင့်ပဲ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ရခိုင်ပြည်နယ်အရေး ကိစ္စက ဖိနှိပ်တဲ့အရေးကိစ္စ၊ လူ့အခွင့်ရေးချိုးဖောက် တဲ့ လုပ်ရပ်အဖြစ် ဖိအားပေးခံနေရပါတယ်။ ရခိုင် ပြည်နယ်က လူနည်းစုတွေကို လှေစီးဒုက္ခသည်တွေ၊ ရိုဟင်ဂျာတွေ၊ လူ့အခွင့် အရေး ချိုးဖောက်ခံရသူတွေ အဖြစ် နိုင်ငံတကာက သတ်မှတ်ကြတာကလည်း အစိုးရရဲ့ ပေါ်လစီနဲ့ မူဝါဒပေါ် မူတည်သတ်မှတ် တယ်ဆိုရင်လည်း မမှားနိုင်ပါဘူး။
NLD အစိုးရသစ်အနေနဲ့ ရခိုင်အရေးကို ဘယ်လိုချဉ်းကပ်မလဲ။ ထိခိုက်ရှလွယ်တဲ့ ရခိုင် အရေးဟာ NLD အစိုးရ အတွက် ခေါင်းခဲစရာတခု ဖြစ်ပြီး ရခိုင်ပြည်နယ်မှာ လူနည်းစုတွေ ခွဲခြား ဆက်ဆံခံနေရာကို တစုံတရာ မှတ် ချက် မပေးလို့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်၊ NLD ပါတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံတကာ က ဝေဖန်မှုတွေ ရှိခဲ့ပါသေးတယ်။
နိုင်ငံရေးဖြစ်စဉ်တွေအပေါ်မှာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့အညီ ကမ္ဘာကြည့်ကြည့်တတ်တဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ပါတီ ကို အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်သူတွေဖြစ်တဲ့ ရခိုင်ပြည်သူလူထုက ဘယ်လောက်အတိုင်းအတာထိ ထောက်ခံအားပေးမှု ရှိမလဲဆိုတာက ရခိုင်လူထုတွေ ကြားမှာ မြင့်တက်လာတဲ့ မေးခွန်းကြီးတခု ဖြစ်နေပါ တယ်။
NLD အစိုးရသစ်လက်ထက် ရခိုင်ပြည်နယ် ဟာ ပြည်ထောင်စုနဲ့အတူ ဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက်ဖို့ NLDနဲ့ ရခိုင်ပြည်သူတွေ လက်တွဲညီမှု အပေါ် အဓိကကျပေမယ့် လူနည်းစုအရေးတွေကို လည်းလျစ်လျူရှုထားလို့ မရပါ ဘူး။ လူနည်းစုပေမယ့် သူတို့က လူသားတွေဖြစ်တဲ့အတွက် ဥပဒေဘောင် အတွင်းက အခွင့်အရေး တွေကို ကာကွယ်ပေးရမယ့် အခြေအနေ ရှိနေပါတယ်။
ဒီနေ့ ဒီအချိန်ထိတော့ NLD ပါတီက ရခိုင် ပြည်နယ်နဲ့ ပတ်သက်ပြီး ရှင်းလင်းပြတ်သားတဲ့ မူဝါဒမျိုး ထုတ်ဖော် ပြောဆိုတာ မရှိသေးပါဘူး။ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင် တချို့ကလည်း အကဲဆတ်တဲ့ ရခိုင်ပြည်နယ် အရေးကို ထုတ်ဖော် ပြောဆိုရမှာ ဝန်လေးနေပုံရပါတယ်။
NLD ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က “မပြောနိုင်ဘူးကွ။ ဒါမျိုးက အာဏာလွှဲပြောင်းရေး လုပ်ပြီးမှ ပြော လို့ရမှာ” လို့ပြောဆိုပြီး NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ် NLD အစိုးရ တက်လာရင် ရခိုင်ပြည် နယ် ဝန်ကြီးချုပ်အဖြစ် ထင်ကြေးပေးခံနေရတဲ့ ဦးညီပုကလည်း “လက်ရှိမှာ တော့ ဘယ်လိုမူဝါဒမှ ချမှတ်ထား တာ မရှိသေးဘူး။ ပြောရမှာ စောနေသေးတယ်” လို့ ဧရာဝတီကို ပြော ပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် ဘယ်သူဖြစ်မလဲ
၂၀၁၅ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် အနိုင်ရပြီး အစိုးရဖွဲ့နိုင်တော့မယ့် ဒေါ်အောင်ဆန်း စုကြည်နဲ့ NLD ပါတီက ရခိုင်ပြည်နယ် ဝန်ကြီးချုပ် နဲ့ ပြည်နယ်အစိုးရ ဖွဲ့ပေးနိုင်ခွင့် အာဏာပါရှိနေပြီး ရခိုင်ပြည်နယ်မှာ အခြေ စိုက်တဲ့ ရခိုင်လူထုရဲ့ထောက် ခံမှုကို ရရှိထားတဲ့ ရခိုင်အမျိုးသားပါတီ (ANP) ကတော့ ပြည်နယ် လွှတ်တော်မှာ ကိုယ်စားလှယ် နေရာပေါင်း ၄၇ နေရာအနက် ၂၂ နေရာ အနိုင် ရထားပါတယ်။
စစ်တွေမြို့နယ်က ပြည်နယ်လွှတ်တော်တနေရာ မှာလည်း ANP က လူဟောင်းတဦးကပဲ အနိုင်ရခဲ့ လို့ ၂၃ နေရာ ဖြစ်လို့ ပြည်နယ်လွှတ်တော်ကိုလွှမ်းမိုး ထားပေမယ့် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတကပဲ ပြည်နယ် ဝန်ကြီးချုပ်ကို ခန့်အပ်ပိုင်ခွင့် ရှိမှာဖြစ်တဲ့အတွက်ANP နဲ့ NLD ကြားမှာ အာဏာ ခွဲဝေရေး အပေး အယူ လုပ်နိုင်ဖို့ ရခိုင်နိုင်ငံရေး ခေါင်းဆောင်တချို့က မျှော်လင့်နေကြပါတယ်။
NLD ပါတီနဲ့ တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ မူဝါဒဆုံးဖြတ်ချက်တခု ရှိပေမယ့် မဟာမိတ်အဆင့် ပူးပေါင်းဆောင် ရွက်ဖို့ အထိတော့ ဆုံးဖြတ်ထားတာ မရှိသေးဘူးလို့ ANP ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေး နုစိန်က ဧရာဝတီကို ပြောပါတယ်။
ဒေါ်အေးနုစိန်က”အဲဒါကတော့ အနိုင်ရပါတီက ကမ်းလှမ်းခဲ့ရင်ပေါ့လေ။ ကျမတို့ရဲ့ ဖွဲ့စည်းပုံပါ မူဝါဒ၊ ရပ်တည် ချက်၊ ရည်မှန်းချက်၊ ပါတီရဲ့ဆုံးဖြတ် ချက်တွေဟာ ရခိုင်အမျိုးသား အကျိုးစီးပွားအတွက် ကို ရည်ရွယ်ပြီးတော့ ဆက်ဆံဆောင်ရွက်သွားမယ် ဆိုတဲ့အဆင့်ပဲ ကျမတို့မှာ ဆုံးဖြတ်ထားပါတယ်” လို့ ပြောပါတယ်။
NLD ပါတီက တိုင်းရင်းသား နိုင်ငံရေးပါတီ တခုချင်းစီကို ဖိတ်ခေါ်ဆွေးနွေးတာမျိုး လုပ်/မလုပ် မသေချာ သေး ပေမယ့် တိုင်းရင်းသား ပါတီ ၈ ခုနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုး များ မဟာမိတ် အဖွဲ့ (UNA) ကိုတော့ တွေ့ဆုံ ဆွေးနွေးဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုက ရေစီအဖွဲ့ချုပ်မှ ဦးစိုင်းညွန့်လွင်က “NLD က ရွေးကောက်ပွဲမှာ နိုင်လာတော့ ကျနော်တို့မှာ မျှော်လင့်ချက် နည်းနည်းရှိလာတယ်။ သူ (NLD) နဲ့ ဆွေးနွေးစရာတွေက အများ ကြီးပဲ။ မဆွေးနွေးရ သေးတော့ အခုချိန်မှာ ဘာမှမပြောနိုင်ဘူး ဖြစ်နေ တယ်” လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် နေရာကိုလည်း ပြည်နယ်လွတ်တော်မှာ အများဆုံး အနိုင်ရရှိထားတဲ့ ANP ပါတီက ရယူချင်တဲ့ဆန္ဒရှိခြင်းမှာ သဘာဝကျ ပေမယ့် ၂၀ဝ၈ အခြေခံဥပဒေအရ ပြည်နယ် ဝန်ကြီးချုပ်ကို သမ္မတက တိုက်ရိုက်ခန့်အပ်နိုင်တယ် ဆိုတဲ့ အနေအထားနဲ့လည်း ကြုံတွေ့နေရတယ်လို့ ဒေါ်အေးနုစိန်က ဆိုပါတယ်။
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကတော့ အစိုးရသစ် လက်ထက်မှာ ရခိုင်ပြည်နယ် တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်နိုင်ဖို့ ရခိုင်ပါတီဖြစ်တဲ့ ANP က ရခိုင်တိုင်းရင်းသား တဦးဦးကသာ ပြည်နယ် ဝန်ကြီးချုပ် ဖြစ်သင့်ကြောင်း၊ ရခိုင်တောင်ပိုင်း ရွေးကောက်ပွဲမှာအနိုင်ရပြီး NLD ပါတီက တက်လာသူ တယောက်က ရခိုင်ပြည်မြောက် ပိုင်း အရေးကိစ္စတွေကို သွားအုပ်ချုပ်ဖို့ မဖြစ်နိုင်ဘူး လို့ ဆိုပါတယ်။
ဦးဖေသန်းက “ရခိုင်တွေထဲမှာလည်း ဘင်္ဂါလီ ကိစ္စကို အထိမခံနိုင်တဲ့သူတွေက များတယ်။ အဲဒီ တော့ ပြည်နယ် အစိုးရကိုရော ANP အများစုရှိတဲ့ လွှတ်တော်ကိုရော ထိန်းကျောင်းဖို့က မဖြစ်နိုင် လောက်ဘူး။ ရခိုင်ပါတီက သူက ဝန်ကြီးချုပ်ဖြစ်မယ် ဆိုရင် ရခိုင်တွေကိုလည်း ဖျောင်းဖျနိုင်မှာ ဖြစ်သလို တဖက်ရဲ့ ခံစားချက် ကိုလည်း နားလည်တဲ့သူဖြစ်လို့ ပိုအလုပ်ဖြစ်မယ်လို့ ကျနော်ကတော့ထင်တယ်” လို့ ဆိုပါတယ်။
ရခိုင်အမျိုးသားပါတီ (ANP) ဟာ ရွေးကောက် ပွဲမှာ ပြည်သူ့လွှတ်တော်မှာ ၁၂ နေရာ၊ အမျိုးသား လွှတ်တော် တွင် ၁၀ နေရာ၊ ပြည်နယ်လွှတ်တော်မှာ ၂၂ နေရာ အနိုင်ရရှိခဲ့ပြီး စုစုပေါင်း ၄၄ နေရာ အနိုင်ရရှိခဲ့တဲ့ ပါတီတခု ဖြစ်ပါတယ်။
NLD ကလည်း ပြည်နယ်ဝန်ကြီးချုပ်ကို ခန့်အပ်နိုင်ခွင့် အာဏာရှိပေမယ့် ပြည်နယ်လွှတ် တော်မှာ NLD က လူ ၉ ဦးသာ ရှိတဲ့အတွက် ပြည်နယ်မှာ နေရာအများစုနဲ့ နိုင်ထားတဲ့ ANP နဲ့ မဟာမိတ်ဖွဲ့ဖို့လိုတာကြောင့် NLD ဘာလုပ်မလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။
ရခိုင်ပြည်နယ် လွှတ်တော်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် အမတ် နေရာပေါင်း ၄၇ နေရာရှိရာ ပြည်နယ်လွှတ်တော်ကို ANP က နေရာ ၂၃ နေရာနဲ့ ထိန်းချုပ်နိုင်မှာ မဟုတ်တဲ့အတွက် NLD သို့မဟုတ် ကြံ့ခိုင်ရေးပါတီ တခုခုနဲ့ မဟာမိတ်ပြု ပေါင်းစည်းနိုင်မှသာ လွှတ် တော်ကိုထိန်းချုပ်နိုင်မှာ ဖြစ်ပါ တယ်။
ရခိုင်ပြည်နယ် လွှတ်တော်မှာ အစိုးရဖွဲ့နိုင်ဖို့ပဲ ဖြစ်ဖြစ်၊ လွှတ်တော်မှာ အဆိုတွေ မေးခွန်းတွေ တက်လာလို့ မဲခွဲဆုံးဖြတ်ရင်ပဲဖြစ်ဖြစ် လွှတ်တော် နေရာတဝက်ဖြစ်တဲ့ ၂၄ နေရာ အနိုင်ရဖို့ လိုတာ ကြောင့် ANP အနေနဲ့ တနေရာ လိုနေပါတယ်။ ပြီးတော့ ANP ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ အေးမောင် ကိုယ်တိုင် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တာကလည်း ရခိုင်နိုင်ငံရေး အသိုင်းအဝိုင်းမှာ ကြီးမားတဲ့ ရိုက် ခတ်မှု ဖြစ်ခဲ့ပါတယ်။
တကယ်တော့ ဒေါက်တာအေးမောင်ဟာ ရခိုင် ပြည်နယ် ဝန်ကြီးချုပ်ရာထူးကို ရည်မှန်းပြီးတော့ မာန်အောင် မြို့နယ် ပြည်နယ်လွှတ်တော်ကနေ ရွေးကောက် ပွဲ ဝင်ခဲ့တာပါ။ ဒါပေမယ့် လက်တွေ့မှာ NLD အားကောင်းတဲ့ ရခိုင်တောင်ပိုင်းမှာ ဒေါက်တာ အေးမောင် အနိုင်မရခဲ့ပါဘူး။
အဲဒီမှာ ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ ကိုယ့်ပြည်နယ်ကို ကိုယ့်ရခိုင်ခေါင်းဆောင်တွေကပဲ အုပ်ချုပ်ပြီး ပြည်ထောင်စုအဆင့်မှာတော့ အနိုင်ရ ပါတီနဲ့ အပေးအယူ ညှိနှိုင်းဆောင်ရွက်ပြီး အာဏာ ခွဲဝေရေး၊ သယံဇာတ ခွဲဝေရေးတွေ လုပ်ဆောင်မယ် ဆိုတဲ့ မဟာဗျူဟာက ဒေါက်တာ အေးမောင်ကြောင့် ပျက်သွားရတာဆိုပြီး ရခိုင်နိုင်ငံရေး ခေါင်းဆောင် တချို့ကြားထဲမှာ မကျေလည်မှုတွေ ရှိနေပါတယ်။
ဒါပေမယ့် ရခိုင်လူထုရဲ့ထောက်ခံမှု အခိုင်အမာ ရရှိထားတဲ့ ဒေါက်တာ အေးမောင်ကို ပါတီဥက္ကဋ္ဌ ရာထူးက ဆွဲချဖို့ မဖြစ်နိုင်သလို သဘောထားပျော့ ပြောင်းပြီး အမြင်ကျယ်တဲ့ ဦးအေးသာအောင်လို ရခိုင်ခေါင်းဆောင် တွေကြောင့် လူသိရှင်ကြား မကွဲ နိုင်ဘဲ ပြန်လည်ရင်ကြားစေ့နိုင်ဖို့ ကြိုးစားနေတယ်လို့ ရခိုင်နိုင်ငံရေး အသိုင်းအဝိုင်းက ပြောပါတယ်။
ANP ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးအေးသာအောင်က “တချို့ခေါင်းဆောင်တွေ အတွင်းမှာ မညီ မညွတ်ဖြစ်နေတာကို ပြည်သူတွေက မလိုမလားဖြစ်တယ်။ အားမလိုအားမရ ဖြစ်တယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျနော့်အမြင် ပြောရမယ် ဆိုရင် နိုင်ငံရေးအရ သဘောထား ကွဲလွဲမှုတွေ ရှိမယ်။ ဒါပေမယ့် ပြည်သူအတွက် ပြည်နယ်အတွက် ကြိုးပမ်းဖို့ ရည်မှန်းချက်မှာတော့ တစုတစည်းတည်း ရပ်တည်ရမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ရခိုင်ပြည်နယ်နဲ့ ရခိုင်ပြည်သူတွေအတွက် ကြိုးပမ်းဆောင်ရွက်နိုင် လိမ့်မယ်လို့ ယူဆပါတယ်” လို့ ဧရာဝတီကို ပြောပါ တယ်။
ရခိုင်ခေါင်းဆောင်များကြား ရင်ကြားစေ့ရေး
ရခိုင်ခေါင်းဆောင်တွေကြားမှာ ရင်ကြားစေ့ ရေးပြဿနာက ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ALD)နဲ့ ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီ (RNDP) တို့ ရခိုင်အမျိုးသားပါတီ (ANP) အဖြစ် ပေါင်းစည်းရေးက အစပြုခဲ့ တယ်လို့ ဆိုရမှာပါ။
ပါတီ ၂ ခု ပေါင်းစည်းပြီး အစပိုင်းမှာပြဿနာ မရှိပေမယ့် ပါတီညီလာခံလုပ်ပြီး ပါတီဦးဆောင်သူ ရွေးချယ်တဲ့အခါ ဦးဆောင်မှုပိုင်းကို နှစ်ဖက်စလုံးက လိုချင်ကြလို့ ပြဿနာတချို့ ရှိခဲ့ပါတယ်။
ANP ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က “ပါတီ ၂ ခု အမျိုးသားပါတီအဖြစ် ပေါင်းတဲ့အခါမှာ ပါတီညီလာခံကို ဖြတ်သန်းရတယ်။ အဲဒီတော့ အောက်ခြေပါတီဝင်ထုများတဲ့ လူကLeadingRole ကို ရတာပေါ့ဗျာ။ အောက်ခြေ ထုနဲ့နီးစပ်တဲ့ ပါတီဝင် အင်အားများတဲ့ပါတီက ညီလာခံကြီးကို လွှမ်းမိုး တယ်။ အဲဒီတော့ အခု ANP ပါတီမှာ Leading Role ကို ဘယ်သူတွေ ရသွားလဲဆိုတော့ RNDP ဘက်ခြမ်းက ရသွားတယ်။ အဲဒါဓမ္မတာပဲ” လို့ ဆိုပါတယ်။
ANP ပါတီ ပေါင်းစည်းရေး ကြိုးစားရာမှာ မပေါင်းစည်းလိုတဲ့ အင်အားစုတခုက ပဋိပက္ခဖြစ် အောင် ဖန်တီးလုပ်ဆောင်နေတာရှိပြီး သူတို့ကိုယ်သူ တို့ ရခိုင်မျိုးချစ်တွေဆိုပြီး အမည်ပေးထားတယ်လို့ ဒေါက်တာ အေးမောင်က ဆိုပါတယ်။
ဒေါက်တာအေးမောင်က “ကျနော်တို့ ရွေး ကောက်ပွဲကာလ လှုပ်ရှားမှုမှာတောင် ခုနက ပါတီ အသစ် (ရခိုင်မျိုးချစ်ပါတီ) က စာရွက်စာတမ်းတွေ ဖြန့်ပြီးတဲ့အခါမှ လူထု နားလည်မှုလွဲအောင်။ တမင်ကိုလုပ်ပြီးမှ တမင်ရှုံးအောင်လုပ်တဲ့ အနေ အထားတွေ ကျနော်တို့ မဲဆန္ဒနယ်မှာ အများကြီး တွေ့ပါတယ်။ ဒါလေးတွေကို ပြန်ကြည့်မှ အော် မညီညွတ်သေးဘူး။ ညီညွတ်အောင် ဘာလုပ်နိုင်မှာ လဲ။ လူကြောင့် မညီညွတ်တာလား။ ပါတီမူကြောင့် မညီညွတ်တာလား။ လူကြောင့် မညီညွတ်ရင် လူနှင့် ပြန်ညှိ၊ မူမညီရင် မူနှင့်ပြန်ညှိ။ အဲဒါတွေကို လုပ်ဖို့ တော့ရှိတယ်” လို့ ပြောပါတယ်။
ရခိုင်ပါတီ ၂ ခု ပေါင်းစည်းရာမှာ ပေါ်ပေါက် လာတဲ့ ပြဿနာတချို့က ရခိုင်ပြည် နိုင်ငံရေးကို ရိုက်ခတ်မှု ကြီးမားစွာရှိခဲ့ပြီး အခုလည်း ပြည်နယ် ဝန်ကြီးချုပ်ရာထူး လုရာကနေတဆင့် အကွဲအပြဲ တွေနဲ့ အဆုံးသတ် နိုင်တဲ့ အခြေအနေဖြစ်နေတယ်လို့ ရခိုင်နိုင်ငံရေး လေ့လာစောင့်ကြည့်သူ ဦးဝေဟင် အောင်က ဧရာဝတီကို ပြောပါတယ်။
ဦးဝေဟင်အောင်က “ANP က ဝန်ကြီးချုပ် နေရာကိုယူတော့မယ်ဆိုရင် ဟိုလူလည်း ဝန်ကြီးချုပ် နေရာကို ယူမယ်။ ငါလည်း ဝန်ကြီးချုပ်နေရာကို ယူမယ်ဆိုပြီး လွန်ဆွဲမှုတွေနဲ့ ပါတီတွင်းမှာ ကမောက် ကမဖြစ်ပြီးတော့ ပါတီက ဒီထက် ညီညွတ်မှု ပြိုကွဲ နိုင်တယ်။ ပြီးရင် ဝန်ကြီးချုပ်ဖြစ်ရင် ပြည်နယ် ဝန်ကြီးနေရာတွေကို ဝန်ကြီးချုပ် လုပ်တဲ့ လူက ခန့်အပ်ပိုင်ခွင့်ရှိတဲ့အတွက် သူ့လူတွေကို သူ့အစိုးရ အဖွဲ့ဝင် ဝန်ကြီးအဖြစ် ဆွဲသွင်းရင်းနဲ့ ပါတီတွင်းမှာ မညီမညွတ်မှုတွေ ပိုများလာနိုင်တဲ့ သဘောရှိတယ်။ ရခိုင်ပြည်နယ်ရဲ့ အနေအထားက တော်တော့ကို မလွယ်တဲ့ အနေအထားမှာရှိနေတယ်လို့ ပြောချင် တယ်” လို့ ဆိုပါတယ်။
ရခိုင်ခေါင်းဆောင်တချို့က အမျိုးသားရေးကို ဦးစားပေးသွားချင်ပြီး တချို့ကတော့ ပြည်နယ် ဖွံ့ဖြိုးရေးကို အရင်လုပ်ပြီး နောက်ပိုင်းမှ အမျိုးသား ရေးကို ဆက်လုပ်မယ့် သဘောထားရှိသူတွေဖြစ်လို့ ရခိုင်ခေါင်းဆောင် တွေကြားမှာ အမြင်မတူကြပါဘူး။
ရခိုင်နိုင်ငံရေး လေ့လာသူတဦးဖြစ်သူ ဦးဝေ ဟင်အောင်က “အဲဒီကြားမှာ ဝိဝါဒကွဲပြားပြီးပဋိပက္ခ ပုံစံမျိုး စဖြစ်တယ်လို့ သုံးသပ်မိတယ်။ အဲဒီလို အမြင်မတူကြရာကနေ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီး သူ့ဘက်၊ ငါ့ဘက် လွန်ဆွဲမှုတွေ ဖြစ်တယ်” လို့ ဆိုပါတယ်။
ဒေါက်တာ အေးမောင် “ပါတီတခုဆိုတာ ညှိရ ပါတယ်။ လူတဦးတည်း လူတဖွဲ့တည်း သွားလို့မရပါ ဘူး။ အမျိုးသားအကျိုးစီးပွားအတွက် လူထုရဲ့ လိုလားချက်တွေကိုလည်း ကျနော်တို့ သုံးသပ်ရပါတယ်။ ကျနော်တို့ အတွင်း ပဋိပက္ခတခုကြောင့် လူထုရဲ့ပုံရိပ်ကိုလည်း ရိုက်ချိုးသလို ဖြစ်သွားပြန်ရင် လည်း ပါတီရဲ့သိက္ခာကို ချသလို ဖြစ်သွားမှာပေါ့”လို့ ပြောပါတယ်။
မွတ်စလင်တွေ အနေနဲ့လည်း ကောင်းမွန်တဲ့ အစိုးရတရပ် လိုချင်ပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဘယ်ပါတီ ကပဲဖြစ်ဖြစ် မွတ်စလင်တွေရဲ့ အခွင့် အရေး လုပ်ဆောင်ပေးမယ့်သူကို မျှော်လင့်ကြောင်း မောင်တောမြို့နယ် ကညှင်းတန်းရပ်ကွက်မှာနေထိုင် သူ ဦးအီစမိုင်က ပြောပါတယ်။
ဦးအီစမိုင်က “NLD ပါတီ အနိုင်ရသွားတဲ့ အပေါ်မှာ ကျနော်တို့ကတော့ အကောင်းဘက်ကို ဦးတည်ပြီး ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့ လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရပေါ်လစီရဲ့ အနေအထားမှာ အခက်အခဲဖြစ်တာက ပညာရေး အခွင့်အရေးတွေ ဆုံးရှုံးနေပါတယ်။ ဆယ်တန်းအထိ ကိုတော့ သင်ကြား ခွင့်ရတယ်။ ရခိုင်ပြည်နယ်ရဲ့ ဒေသအခြေအနေအရ သွားရေးလာရေး အခက်အခဲ တွေဖြစ်တော့ တက္ကသိုလ် တက်မယ် ဆိုတဲ့အခါမှာ ဒီအတိုင်းပဲနေရတယ်ပေါ့။ ကလေးတွေ ဝေလေလေ ဖြစ်သွားတာပေါ့။ တက္ကသိုလ် မှာဆိုရင်လည်း သင်ချင် တဲ့ ဘာသာရပ်ကိုလည်း သင်ယူခွင့်မရှိပါဘူး” လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်အရေး ဘယ်လိုကိုင်တွယ်သင့်လဲ
ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ အဆင်းရဲဆုံး ပြည်နယ်တခုဖြစ်ပြီး မီးလောင်ရာလေပင့် ဆိုသလို ၂၀၁၂ ခုနှစ်၊ ဇွန်လကစလို့ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေကြားမှာ ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့အတွက် လူ ၈၄ ဦး သေဆုံး ပြီး ၁၃၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ အစိုးရကထုတ်ပြန်ပြီး နောက်ပိုင်းမှာ ထောင်နှင့်ချီတဲ့ သူတွေဟာ ဒုက္ခသည် စခန်းတွေမှာ နေထိုင်နေရဆဲ ဖြစ်ပါတယ်။
အဲဒါတွေအပြင် ရခိုင်ပြည်နယ်မှာ လမ်းပန်း ဆက်သွယ်ရေး ပိုကောင်းလာဖို့၊ လျှပ်စစ်မီး ရရှိဖို့၊ ကျန်းမာရေး၊ ပညာရေး ကိစ္စတွေမှာပါ လိုအပ်ချက် တွေများနေတဲ့အတွက် ပြဿနာတွေ အားလုံးကို တပြိုင်တည်း ဖြေရှင်းဖို့လိုပြီး ပြည်နယ်အစိုးရကို လုပ်ပိုင်ခွင့် ပိုပေးရလိမ့်မယ်လို့ ရခိုင်နိုင်ငံရေးခေါင်း ဆောင်တွေက ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ လယ်ယာမြေ သိမ်းဆည်းခံ ရမှုတွေ ရှိခဲ့တာဟာလည်း ပြည်နယ် ဖွံ့ဖြိုးတိုးတက် ဖို့အတွက် အဟန့်အတားတခုဖြစ်ခဲ့တယ်လို့ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အမျိုးသားလွှတ် တော်ကိုယ်စား လှယ် ဒေါ်ထုမေက ပြောပါတယ်။
ဒေါ်ထုမေက “ကျမ ယုံကြည်တာက NLD သည် တရားဥပဒေ စိုးမိုးရေးကို လုပ်နိုင်လိမ့်မယ်လို့ ထင်တယ်။ အန်တီ (ဒေါ်အောင်ဆန်းစုကြည်) လည်း မကြာခဏပြောသလို တရားဥပဒေ စိုးမိုးရေး ရှိဖို့လိုတယ်။ ပြည်နယ်ကမဖွံ့ဖြိုးဘူးဆိုရင် ဘာကြောင့် မဖွံ့ဖြိုးသလဲဆိုတာ ရှာဖွေရမယ်။ ဖွံ့ဖြိုးလို့မရအောင် တားဆီးထားတဲ့အရာတွေကို ကြည့်ရမယ်” လို့ ဆိုပါ တယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦး ဖြစ်သူ ဦးမြအေးကလည်း “ပြဿနာတွေကို မျှမျှ တတမြင်တတ် ဖို့ လိုတယ်။ ရခိုင်ပြည်နယ်မှာ လူငယ် လူရွယ်တွေ မရှိတော့ဘူး။ အားလုံးက နိုင်ငံခြားနဲ့ အခြားတနေရာရာမှာ ထွက်ပြီး အလုပ်လုပ်နေကြရ တယ်။ ဒုက္ခသည်စခန်းတွေမှာလည်း ဒီလိုပဲ။ အဲဒါကြောင့် ဒီဟာကိုဖြေရှင်းမယ် ဆိုရင် နှစ်ဖက် Com-munity ရဲ့ အောက်ခြေအဖွဲ့အစည်းတွေရဲ့ ကြား ထဲမှာ တဖက်နဲ့တဖက် နားလည်မှု တည်ဆောက်ရ မယ်။ နောက်တခုက တရားဥပဒေစိုးမိုးမှု ရှိရမယ်”လို့ ပြောပါတယ်။
ရခိုင်ပြည်သူတွေဟာ အိမ်နီးချင်းနိုင်ငံတချို့ရဲ့ လူဦးရေ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အနောက်ဘက် နယ်စပ်လုံခြုံရေးကိုလည်း စိတ်ပူကြပါတယ်။ ဒီကိစ္စကို ရခိုင်ပြည်သူတွေက အမျိုးသား လုံခြုံရေးကိစ္စတရပ် အဖြစ်ပါ ရှုမြင်ကြပြီး တရားမဝင် ဝင်ရောက်လာတဲ့သူတွေကို ပြည်ထောင်စုအစိုးရက ထိထိရောက်ရောက် ကိုင်တွယ်ပေးဖို့လည်း ရခိုင် ပြည်သူတွေက တောင်းဆိုကြပါတယ်။
စစ်တွေမြို့နယ် မှန်စီ ဒုက္ခသည်စခန်းမှ ဦးတင်လှိုင်က “ကျနော်တို့ လူမျိုးတွေ ပညာရေး ဒီလောက်နိမ့်ကျ နေတာကို လွတ်လပ်စွာ ပညာသင် ကြားခွင့်မရှိဘူး။ မြန်မာနိုင်ငံမှာနေပါလျက် တခြား လူတွေလို လွတ်လပ်စွာ သွားလာလို့မရဘူး။ ကျနော် တို့ကိုမစိုးရိမ်ပါနဲ့ ပြောချင်တယ်။ ကျနော်တို့လွှတ် တော်အမတ်လည်း မလိုချင်ဘူး။ ဝန်ကြီးတွေလည်း မလိုချင်ဘူး။ ကျနော်တို့ကို လွတ်လပ်စွာ သွားလာ ခွင့်တွေ၊ ပညာသင်ကြားခွင့်တွေကိုပဲ ပေးစေချင်တယ်” လို့ ပြောပါတယ်။
ဦးတင်လှိုင်က “ဒေါ်အောင်ဆန်းစုကြည်ဟာ ပဋိပက္ခဖြစ်စဉ်များတွေမှာ ဘယ်သူ့ဘက်မှမလိုက်ဘဲ မှန်မှန် ကန်ကန် ပြောဆိုဖို့ လိုအပ်ပေမယ့် လက်ရှိမှာ နှုတ်ဆိတ်နေတာ၊ နောက်ပိုင်းမှာလည်း နှုတ်ဆိတ်နေတာကို စိုးရိမ်မိတယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ အဲဒီလိုပဋိပက္ခတွေပြေလည် ဖို့အတွက် နှစ်ဖက်ရင်ကြားစေ့နိုင်ဖို့ ရခိုင်ပြည်နယ်ကို တည်တည် ငြိမ်ငြိမ်နဲ့ ရှေ့ဆက်နိုင်ဖို့ NLD အစိုးရ အတွက် စိန်ခေါ်မှုတခု ဖြစ်လာပါတယ်။
ရခိုင်နိုင်ငံရေး လေ့လာသူ ဦးဝေဟင်အောင်က “ရခိုင်ခေါင်းဆောင်တွေ မိမိတို့မှာရရှိထားတဲ့ အခွင့်အရေးတွေ ကို ဘယ်လိုအသုံးချမလဲဆိုတာ ရခိုင် အမျိုးသားပါတီ (ANP) ခေါင်းဆောင်တွေရဲ့ ပါးရည်နပ်ရည်၊ လုပ်ရည် ကိုင်ရည်ကိုပဲ ကျနော်တို့ ရခိုင်လူထုက စောင့်ကြည့်ရမှာဖြစ်တယ်” လို့ ဆိုပါ တယ်။
စစ်တွေမြို့အခြေစိုက် သတင်းထောက်မင်းအောင်ခိုင် ပူးပေါင်းရေးသားသည်။