Politics

နိုင်ငံရေးပင်စင် ခံစားခွင့်ရသူများသည် လွှတ်တော် ကိုယ်စားလှယ်များသာ မဟုတ်ကြောင်း ဦးရွှေမန်း ပြော

This article has been converted from Zawgyi One to Unicode

နိုင်ငံရေးပင်စင် ချီးမြှင့်ငွေကို ခံစားခွင့်ရရှိသူများသည် လွှတ်တော် ကိုယ်စားလှယ်များသာ မဟုတ်ဘဲ သမ္မတ အပါအဝင် ပြည်ထောင် စု အဆင့် ပုဂ္ဂိုလ်များအားလုံး ပါဝင်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ယနေ့ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောဆိုလိုက်သည်။

ပြည်ထောင်စု လွှတ်တော် သက်တမ်း ၅ နှစ် အတွင်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသူများကို နိုင်ငံရေး ပင်စင်ကဲ့သို့ တလုံးတခဲတည်း ချီးမြှင့်ငွေ ပေးအပ်ရန် ပြည်ထောင်စု လွှတ်တော်က စီစဉ်နေသည့်အပေါ် နိုင်ငံရေး အသိုင်းအဝိုင်း တွင် သဘောထား ကွဲလွဲမှုများလည်း ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

“တကယ်တော့ အခုပြောနေကြတဲ့ တလုံးတခဲတည်းသော နိုင်ငံရေးပင်စင်ချီးမြှင့်ငွေကို ခံစားခွင့်ရကြမှာက လွှတ်တော် ကိုယ်စားလှယ်များတင် မဟုတ်ပါဘူး။ ၂၀၁၁ ခုနှစ် ဇန်နဝါရီလကနေ ၂၀၁၆ ခုနှစ် မတ်လအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတများ အပါအဝင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်ခွင့်ချုပ်ရ ဥက္ကဋ္ဌ နဲ့ အလုပ်အမှုဆောင် ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနဲ့ ကောင်စီဝင်များ အားလုံး ပါဝင်ပါတယ်”ဟု ဦးရွှေမန်း က ပြောသည်။

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ ရက်စွဲနှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေ အမှတ် ၂/၂၀၁၁ ဖြင့် ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေပုဒ်မ ၂၆ တွင် နိုင်ငံ တော် သမ္မတနှင့် ဒုတိယ သမ္မတများသည် ပုဒ်မခွဲ(က) သက်တမ်းကာလအပြည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါက မိမိတို့ရရှိသည့် လစဉ်ချီးမြှင့်ငွေကို အခြေခံ၍ ပြည်ထောင်စု အစိုးရအဖွဲ့က သတ်မှတ်သည့် တလုံးတခဲတည်းသော နိုင်ငံရေးပင်စင် ချီးမြှင့်ငွေ၊ လစဉ် နိုင်ငံရေးပင်စင် ချီးမြှင့်ငွေ၊ စရိတ်နဲ့ အဆောင်အယောင်တို့ကို ခံစားခွင့်ရှိကြောင်း ဖော်ပြထားသည်။

ပုဒ်မခွဲ(ခ) တွင်လည်း အပြစ်တစုံတရာမရှိဘဲ သက်တမ်းကာလမပြည့်မီ ကျန်းမာရေး ချွတ်ယွင်းခြင်းကြောင့် ဆက်လက်တာဝန် ထမ်းဆောင် နိုင်ခြင်း မရှိလျှင်ဖြစ်စေ၊ သက်တမ်းတခုတွင် လစ်လပ်ရာထူးအတွက် တာဝန်ပေးအပ်ခြင်းကြောင့် တာဝန် ထမ်းဆောင် ရလျှင်ဖြစ်စေ ယင်းတာဝန်ထမ်းဆောင်သည့် ကာလအတွက် မိမိတို့ရရှိသည့် လစဉ်ချီးမြှင့်ငွေကို အခြေခံ၍ ပြည်ထောင်စု အစိုးရအဖွဲ့က သတ်မှတ်သည့် တလုံးတခဲတည်းသော နိုင်ငံရေးပင်စင် ချီးမြှင့်ငွေကို ခံစားခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည်ဟု ဆိုသည်။
ယင်းဥပဒေပါ ပြဋ္ဌာန်းချက်များအရ တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများက တလုံး တခဲတည်း သော နိုင်ငံရေးပင်စင် ချီးမြှင့်ငွေအပြင် လစဉ်နိုင်ငံရေးပင်စင် ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်တို့ကိုပါ ခံစားခွင့်ရရှိမည် ဖြစ်ကြောင်း ဦးရွှေမန်းက ပြောသည်။

ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင် ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ နှင့် ကောင်စီဝင်များ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာဥပဒေများအရ အဆင့်ဆင့်သော ပုဂ္ဂိုလ်များသည် တကြိမ်တည်း တလုံးတခဲတည်းသော နိုင်ငံရေးပင်စင် ချီးမြှင့်ငွေကို ရရှိမည်ဖြစ်ကြောင်း သိရ သည်။

တလုံးတခဲတည်း နိုင်ငံရေးပင်စင် ချီးမြှင့်ငွေများ ပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေခြင်းကို အကြောင်းပြု၍ လွှတ်တော် ကိုယ်စားလှယ် များ ကြား အမြင်မတူညီမှုများ ရှိသကဲ့သို့ ပြည်သူများ ကြားတွင်လည်း အမျိုးမျိုးဝေဖန်လျက်ရှိနေကြသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက “ဘယ်သူ့ကိုမှ မတိုက်ခိုက်ဘဲ စိတ်ထဲခံစားရတဲ့အတိုင်း ပြောရရင် လွှတ်တော် အမတ် ပင်စင်ကို မလိုချင်ပါဘူး။ နိုင်ငံ့ဝန်ထမ်းတာဝန် ထမ်းဆောင်လို့ ပင်စင်ရတာကို လက်ခံပေမယ့် အခုက နိုင်ငံရေးပါ။ ဝန်ထမ်းသဘောနဲ့ မတူပါလို့ မြင်မိတယ်”ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

တလုံးတခဲတည်း ချီးမြှင့်ငွေများကို မည်သည့် ပမာဏ အတိုင်းအတာ၊ မည်သည့်ကာလတွင် ပေးအပ်မည်ဆိုသည်ကို မသိရသေး သော် လည်း ယင်းကဲ့သို့ ပေးအပ်နိုင်ရန် သက်ဆိုင်ရာဌာနက ပုံစံများပေးပို့ပြီး လွှတ်တော်ကိုယ်စားလှယ်များက မိမိနှင့်သက်ဆိုင်သည့် အချက်အလက်များ ဖြည့်စွက်ပေးရန် တောင်းခံဆောင်ရွက်နေကြောင်း သိရသည်။

Loading