Environment

ဖားကန့်တွင် မြေသယ်ကား ကြိတ်မိ၍ သေဆုံးသူ ၂၀ ကျော်ရှိနေ

This article has been converted from Zawgyi One to Unicode

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ၂၀၁၅ ခုနှစ်အတွင်း ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းသုံး မြေတူးကား၊ မြေသယ်ကားများ ကြိတ်မိပြီး သေဆုံးသူ ၂၀ ကျော်ရှိနေသည်ဟု ကချင် အမျိုးသား လူမှုဖွံ့ဖြိုးရေး အဖွဲ့က ပြောသည်။

ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး၊ အမျိုးသမီးကဏ္ဍ ဥက္ကဋ္ဌ ဒေါ်ကိုင်ရာက“သူတို့က ကားအကြီးကြီး မောင်းတာ ဖြစ်တာကြောင့် လမ်း ပေါ်မှာရှိတဲ့ ပြည်သူတွေကို မမြင်ဘူး။ ပြည်သူတွေက ခဏခဏ ထိခိုက်ပြီးတော့ သေရတယ်။ သေတဲ့သူတွေ ထဲမှာ လမ်းပေါ်မှာ နေနေတဲ့သူတွေရော ရေတွင်းမှာ ရေချိုးနေတဲ့ သူတွေရောပဲ ပါတယ်”ဟု ပြောပြသည်။

ဒီဇင်ဘာလအတွင်း သေဆုံးသူ ၃ ဦး ရှိပြီး ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းတွင် အသုံးပြုသည့် ကုမ္ပဏီကားကြီးများ အကြိတ်ခံရ ခြင်းကြောင့် ဖြစ်ကြောင်း၊ ဖားကန့် မြို့နယ်အတွင်း ကုမ္မဏီမှ ကားကြီး အကြိတ်ခံရပြီး သေဆုံးသူများ ရှိသကဲ့သို့ မသေဘဲ အောက် ပိုင်း သေသွားသူများ၊ ကိုယ်အင်္ဂါ မသန်စွမ်း ဖြစ်သွားသူများလည်း ရှိကြောင်း ဒေသခံများက ပြောသည်။

ဖားကန့်ခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ အနိုင်ရထားသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်မြင့် က“ကုန်းတက် ကုန်းဆင်းတွေ များတယ်။ ရေတွေ ရွှံ့တွေနဲ့ဆိုတော့ ကားတွေက ဘီးချော်တယ်။ ကားကြီးတော့ ဘေးတွေ အောက်တွေကို မကြည့်နိုင်ဘူး။ အဲဒီလိုနဲ့ ကြိတ်မိတာပဲ။ အကြိတ်ခံရတဲ့လူတွေက ပြားကပ်သွားတာ၊ အကျႌနဲ့ ဘောင်းဘီ ချခင်းထားသလိုပဲ ကျန်ခဲ့တယ်”ဟု ပြောပြသည်။

ကားဖြင့် အတိုက်ခံရသူများ၏ မိသားစုများက သက်ဆိုင်ရာ ကုမ္ပဏီများသို့ သွားရောက် ပြောဆိုရာတွင် လျော်ကြေးပေး၍ ကျေးအေးခြင်းများ ရှိသည်ဟုလည်း ဦးခင်မောင်မြင့်က ပြောသည်။

ဖားကန့်မြို့နှင့် အလှမ်းဝေးသည့် ကျေးရွာများတွင် ထိုကဲ့သို့ ကားအကြိတ်ခံရခြင်း ဖြစ်ပွားပါက တိုင်ကြားမည့်သူ မရှိသဖြင့် လျော်ကြေး မရသည်လည်း ရှိကြောင်း သိရသည်။

ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းတူးဖော်ရေး လုပ်နေသည့် ကုမ္ပဏီ ၆၂၇ ခု၊ အစိုးရနှင့် အကျိုးတူ ကျောက်စိမ်း တူးဖော် နေ သည့် ကုမ္မဏီ ၂၃၁ ခု ရှိသည်ဟု အစိုးရက ထုတ်ပြန်ထားသည်။

အဆိုပါ ကုမ္ပဏီများ၏ ကျောက်စိမ်းတူးဖော်ပြီး စွန့်ပစ်မြေစာပုံများ ၂၀၁၅ ခုနှစ်အတွင်း ၆ ကြိမ် ပြိုကျခဲ့ပြီး ရေမဆေးကျောက် ရှာသည့် အလုပ်သမား ၂၅၀ ကျော် မြေပုံပိ သေဆုံးခဲ့သည်။

ထို့အပြင် ဒီဇင်ဘာလအတွင်း ယခင်ကထက် ပိုမိုကြီးမားသည့် မြေတူးစက် ကားကြီးများကို တရုတ်နိုင်ငံနယ်စပ်မှ သယ်ဆောင်လာပြီး ဖားကန့်မြို့အတွင်း ကျောက်စိမ်းတူးရာတွင် အသုံးပြုခြင်းများ ပြုလုပ်ခဲ့ခြင်း၊ ယခုအစိုးရ သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သဖြင့် ကျောက်စိမ်းများကို ပိုမိုတူးဖော်၍ စွန့်ပစ်မြေစာပုံများ ပိုမိုများလာသဖြင့် ဒေသခံများက လမ်းများပိတ်ဆို့ပြီး ဒီဇင်ဘာလ ၁၃ ရက် ကလည်း ဆန္ဒပြခဲ့ကြသည်။

ဖားကန့်ဒေသခံ ဦးလဂျာက“လွန်ခဲ့တဲ့ရက်တွေက ကားအကြီးကြီးတွေ ဝင်လာတော့ တားတာ ဒီကိစ္စတွေလည်း ပါပါတယ်။ ရေ မဆေး သမားတွေ မြေစာပိလို့ သေတယ်။ လမ်းမှာသွားနေတဲ့ ပြည်သူတွေလည်း ကားကြိတ်လို့သေရတယ်။ ဒါတွေ ရပ်စေချင်ပြီ” ဟု ပြောသည်။

ထိုကဲ့သို့ ဖားကန့်မြို့နယ်အတွင်း လူသေဆုံးမှု များပြားလာခြင်း၊ စက်ယန္တရားကြီးများ၊ မြေသယ်ယာဉ်ကြီးများ ပိုမိုအသုံးပြုပြီး တူးဖော်မှုများ အလွန်အကျွံ လုပ်ကိုင်နေခြင်းတို့ကို ပြည်ထောင်စု အစိုးရအဖွဲ့မှ ဖြေရှင်းပေးရန် လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်း က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ဒီဇင်ဘာလ ၂၁ ရက်က တင်ပြထားသည်။

Loading