ဂျပန်နိုင်ငံက အင်အားကြီးမားလာသည့် တရုတ်ရေတပ်ကို ရင်ဆိုင်ရန်ရည်ရွယ်၍ အရှေ့တရုတ်ပင်လယ်ရှိ ၎င်းပိုင်ဆိုင်သည့် မဟာဗျူဟာကျသည့် ကျွန်းများတွင် သင်္ဘောနှင့် လေယာဉ်ပစ်အမြောက်များကို ချထားကာ စစ်ရေးတည်ဆောက်မှု အကြီးအကျယ်ပြုလုပ်နေကြောင်း ဂျပန်စစ်ဖက်နှင် အစိုးရ သတင်းရင်းမြစ်များကို ကိုးကား၍ ရုရှားသတင်းများက ဖော်ပြလိုက်ပါတယ်။
အဆိုပါ စစ်ရေးစီမံချက်ကို ဂျပန်နိုင်ငံ၏ ကုန်းတွင်းမှ ရေမိုင် ၈၇၀ အကွာအဝေးအထိ ရေးဆွဲထားပြီး ထိုင်ဝမ် ကျွန်းအထိ ရည်ရွယ်ထားကြောင်း၊ အမေရိကန်ကလည်း သူ၏ မဟာမိတ် ဂျပန်နိုင်ငံအား ဒေသတွင်း ရန်စလာသည့် တရုတ်ရေတပ်ကို ရင်ဆိုင်ရန် အတွက် ဖိအားပေးမှု များ ရှိနေကြောင်းလည်း သိရပါတယ်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ဝေးလံသည့် ကျွန်းများ ကာကွယ်ရေးလုပ်ငန်းများ တိုးချဲ့ရေးအစီအစဉ် အရ နောက် ၅နှစ်ကျော်မှာတော့ ဂျပန်နိုင်ငံအနေနဲ့ အရှေ့တရုတ်ပင်လယ်ရှိ ကျွန်းများပေါ်မှာ စစ်အင်အား ၁သောင်းခန့် တိုးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ယခုအခါမှာ တရုတ်ရေတပ်က တောင်တရုတ်ပင်လယ်မှာ လူလုပ်ကျွန်းတကျွန်းတည်ဆောက်ကာ စစ်ရေးတိုး ချဲ့မှုများ စစ်ရေးလေ့ကျင်မှုများ ပြုလုပ်နေသလို၊ အမေရိကန်ကလည်း ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်း အမေရိကန်ဒေါ်လာ ၁.၈၃ ဘီလျံ တန်ဘိုး ရောင်းချဖို့ ဆုံးဖြတ်ခဲ့သလို၊ တရုတ် တည်ဆောက်ထားတဲ့ လူလုပ်ကျွန်းတွေပေါ်ကနေ B- 52 ဗုံးကြဲလေယာဉ်ပျံတွေ ဖြတ်ပျံကာ အကဲစမ်းမှုများ ပြုလုပ်ခဲ့ပါတယ်။