အကျိုးဆက်ကတော့ နိုင်ငံခေါင်းဆောင်ဟာ သမ္မတဖြစ်စေ၊ ဝန်ကြီးချုပ်ဖြစ်စေ Polity IV ဒေတာတွေအရ တွေ့ရတာတခုက အုပ်ချုပ်ရေးအာဏာအပေါ် တိုက်ရိုက်ထိန်းသိမ်း ကွပ်ညှပ်မှု အလုပ်အဆောင်တွေအပေါ် ကျနော်တို့ အာရုံ လွှဲပြောင်းလာကြပါတယ်။ ကျနော်တို့ လေ့လာထားတဲ့ နိုင်ငံ ၁၂၃ နိုင်ငံကို အုပ်စုနှစ်စု ခွဲလိုက်ပါတယ်။ ပထမအုပ်စုက အုပ်ချုပ်ရေး အာဏာအပေါ် တားဆီးကွပ်ညှပ်မှုအဆင့် ပိုမြင့်မြင့်ထားပြီး ဒုတိယအုပ်စုကတော့ ကွပ်ညပ်မှုအဆင့် နိမ့်ပါတယ်။ ပြီးခဲ့တဲ့ ဆောင်းပါး ဒုတိယပိုင်းက ဇယား (၂) မှာ တွေ့ရသလိုပဲ အဲဒီလို အင်စတီကျူးရှင်း သွင်ပြင်ပုံသဏ္ဌာန်ဟာ အစိုးရစနစ်ရဲ့ ကံကြမ္မာနဲ့ သိသာထင်ရှားတဲ့ ဆက်နွှယ်မှုရှိတဲ့ပုံ ပေါ်ပါတယ်။ အုပ်ချုပ်ရေးပိုင်းအပေါ် ကွပ်ညပ်မှုတွေအားနည်းတဲ့ ကိစ္စမျိုးမှာ ဒီမိုကရေစီ နောက်ပြန် လျှောကျမှုဟာ ၇၀ ရာခိုင်နှုန်းကျော်ရှိပြီး ကွပ်ညပ်မှု အားကောင်းတဲ့ ဖြစ်ရပ်တွေမှာတော့ ဒီမိုကရေစီကျရှုံးမှုဟာ ၄၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ကတော့ အစိုးရအဖွဲ့ပုံသဏ္ဌန်ဟာ ပါလီမန်ဖြစ်စေ၊ သမ္မတဖြစ်စေ ဒီမိုကရေစီ နိုင်ငံသစ်တွေရဲ့ တကယ့်ပါဝါမျှခြေကို အကဲဖြတ်ခြင်းရဲ့ အရေးပါမှုကိုပဲ အလေးအနက်ထားလိုပါတယ်။
ဒီတော့ကာ ဘိုလီးဗီးယား၊ ဂျော်ဂျီယာ၊ ရုရှား၊ ထိုင်းနဲ့ ဗင်နီဇွဲလားလိုနိုင်ငံတွေမှာ မကြာသေးမီကဖြစ်ခဲ့တဲ့ ဒီမိုကရေစီခြေလှမ်း ပြန်ဆုတ်မှု ဒါမှမဟုတ် နောက်ကြောင်းပြန်သွားမှုတွေကို သက်သေသာဓကအဖြစ် ထားပြီး စဉ်းစားကြည့်ရအောင်ပါ။ အဲဒီ တနိုင်ငံချင်းစီမှာ အစိုးရအဖွဲ့ အကြီးအကဲတယောက် (အချိန်တိုင်း မဟုတ်သော်လည်း တခါတရံမှာတော့ သမ္မတ) ဟာ အုပ်ချုပ်ရေးအာဏာကို တိုးမြှင့်ရယူဖို့ နည်းလမ်းတခုအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို တန်ပြန်အားသုံးပြီး သက်ရောက်မှု လျှော့ချတာ (ဥပမာ ဂျော်ဂျီယာမှာလို အရေးပေါ်အခြေအနေ ကြေညာတာ၊ ဗင်နီဇွဲလားမှာလို သမ္မတသက်တမ်း ကန့်သတ်ချက်ကို ပြန်ရုပ်သိမ်းဖို့ ကြိုးပမ်းတာ) မျိုး လုပ်ဖို့ အင်မတန်ဖြစ်နိုင်ခြေများတဲ့ အနေအထားမှာ ရှိပါတယ်။ ဒါက ဘာကို ဆိုလိုသလဲဆိုတော့ သက်တမ်းနုနယ်တဲ့ ဒီမိုကရေစီနိုင်ငံတွေကို အကူအညီပေးနေတဲ့ အင်အားကြီး နိုင်ငံတွေရော ပြည်တွင်းက အင်အားစု အသိုင်းအဝိုင်းတွေရောက ထိရောက်တဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အခင်းအကျင်းအပေါ် အမြဲသတိထား စောင့်ကြည့်ရမှာ ဖြစ်ပြီး အစိုးရတရပ်ရဲ့ ကျန်တဲ့မဏ္ဍိုင်နှစ်ရပ်ကိုရင်းပြီး အုပ်ချုပ်ရေး မဏ္ဍိုင်တရပ်တည်းရဲ့ အာဏာကို ဆွဲတင်ဖို့လုပ်ဆောင်တဲ့ အားထုတ်မှုတွေရှိရင်လည်း သတိပြုမိဖို့လိုတယ် ဆိုတာပါပဲ။
နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် သင်ခန်းစာများ
မကြာသေးမီနှစ်များအတွင်း နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့၊ ပိုပြီးတိတိကျကျပြောရရင် နိုင်ငံရပ်ခြား အကူအညီပေးတဲ့အဖွဲ့ တွေရဲ့ ဦးစားပေး အစီအစဉ်တွေထဲမှာ `ဒီမိုကရေစီမြှင့်တင်ရေး´ ဟာ ရှေ့တန်းကို ပိုမိုရောက်ရှိလာခဲ့ပါတယ်။ အမေရိကန်ရဲ့ နောက်ဆုံးပေါ် နိုင်ငံရပ်ခြား အကူအညီပေးရေး အစီအစဉ်တခုဖြစ်တဲ့ ထောင်စုနှစ်စိန်ခေါ်မှုများ ကော်ပိုရေးရှင်း (MCC) ကို ဥပမာပေးရရင် `တရားနဲ့အညီအုပ်ချုပ်တဲ့´နိုင်ငံတွေကိုပဲ သူ့ရဲ့အကူအညီ လက်ခံရယူမယ့်စာရင်းမှာ ထည့်ထားသလို အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေး အမေရိကန်အေဂျင်စီ (USAID) ရဲ့ ရန်ပုံငွေ အထောက်အပံ့တွေဟာ ဆိုရင်လည်း နိုင်ငံရေးပါတီတွေ တည်ထောင်တာ၊ လွှတ်တော်အမတ်တွေနဲ့ တရားသူကြီးတွေကို သင်တန်းတွေပေးတာ၊ `အရပ်ဘက် လူ့ အဖွဲ့အစည်း´ ကို တိုးချဲ့တာ စတာတွေအတွက် ပိုမိုတိုးမြှင့်တာတွေ လုပ်ဆောင်လာခဲ့ကြပါတယ်။ သူတို့ထက်ပိုပြီး တနည်းတဖုံနဲ့ သွယ်ဝိုက်တဲ့ သဘောဆောင်တာတွေထဲမှာ ကမ္ဘာ့ဘဏ်နဲ့ IMF တို့ဟာဆိုရင် ကမ္ဘာတဝန်းမှာ `ကောင်းမွန်သော စီမံအုပ်ချုပ်မှု´ ကို ပိုရှေ့တန်းတင်လာပြီး ပြည်သူ့ဝန်ထမ်းတွေရဲ့ ပိုမိုပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုနဲ့တကွ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ဗလငါးတန်မြှင့်တင်မှုကိုပါ တောင်းဆိုလာပါတယ်။
ဒီအထိ ကျနော်တို့ရဲ့ တွေ့ရှိချက်တွေကို ထောက်ရင် ဒီမိုကရေစီကို အမြစ်တွယ်ရှင်သန် ကြီးထွားစေခြင်းရဲ့ နောက်ကွယ်က ဘယ်သီအိုရီကများ အဲဒီ အားထုတ်ကြိုးပမ်းမှုတွေကို လမ်းညွှန်သလဲလို့မေးမယ်ဆိုရင် အဓိပ္ပာယ် ရှိပါတယ်။ စီးပွားရေး တိုးတက်မှုဟာ ဒီမိုကရေစီ ရှင်သန်ကြီးထွားဖို့ကူညီပြီး တဖက်က ပိုအားကောင်းခိုင်တဲ့ ဒီမိုကရေစီဟာ ရေရှည်တည်တံ့တဲ့ စီးပွားရေးတိုးတက်မှုရဲ့ အင်စတီကျူးရှင်း ယက်မထောက်တိုင်တွေကို ပေးစွမ်းမယ်ဆိုတဲ့ နားလည်သဘောပေါက်မှုမျိုး ဖြစ်မယ့်ပုံပေါ်ပါတယ်။ တိုတိုပြောရရင် စီးပွားရေးတိုးတက်မှုနဲ့ ဒီမိုကရေစီဖွံ့ဖြိုးမှုတို့ဟာ မင်္ဂလာရှိတဲ့ သံသရာတခုကို ဖြစ်စေပါတယ်။ ဒါဟာ အကူအညီပေးရေး အေဂျင်စီတွေရဲ့ `နှစ်လမ်းသွား´ ချဉ်းကပ်မှုဆီ ဦးတည်သွားပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ တဖက်က သူတို့ဟာ ဝါရှင်တန်သဘောတူညီချက် မူဝါဒတွေဖြစ်တဲ့ ဈေးကွက်နဲ့ သဟဇာတဖြစ်တဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေကို မြှင့်တင်ပြီး တဖက်ကလည်း (များသောအား ဖြင့်တော့ ဥပဒေပြုရေးနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတို့အပေါ် အဓိကထားတဲ့)`ဒီမိုကရေစီမြှင့်တင်ရေး´ အကူအညီတွေကို ပေးပါတယ်။
ဒါပေမဲ့လည်း တာရှည်ခံတဲ့ စီးပွားရေးတိုးတက်မှုဟာ အဆုံးစွန်အားဖြင့် နိုင်ငံတနိုင်ငံရဲ့ အင်စတီကျူးရှင်းတွေရဲ့ အရည် အသွေးအပေါ်မှာ မူတည်တယ်ဆိုရင် စက်မှုထွန်းကားတဲ့ကမ္ဘာရဲ့ အကူအညီပေးတဲ့ အစီအစဉ်တွေဟာ ကြောင်းကျိုး စက်ဝန်းကို နောက်ပြန် လည်ပတ်စေနိုင်ပါတယ်။ ဒါ့အပြင် စီးပွားရေးတိုးတက်တဲ့ `ပုံစံ´နဲ့တကွ အထူးသဖြင့် ဝင်ငွေ၊ ပိုင်ဆိုင်မှု နဲ့ အခွင့်အလမ်းတွေ ဘယ်လောက် ဖြန့်ဖြူးနိုင်လဲဆိုတာဟာ ဒီမိုကရေစီ ရှင်သန်ရပ်တည်မှုအတွက် အရေးပါသလားဆိုတာကို မူဝါဒချမှတ်တဲ့ အဝန်းအဝိုင်းထဲမှာ ထည့်သွင်းစဉ်းစားတာ နည်းပါးနေသလိုပါပဲ။ ဥစ္စာဓနနဲ့ အခွင့်အလမ်းတွေ ခွဲဝေဖြန့်ဖြူး မှုဟာဆိုရင် လူ့အဖွဲ့အစည်းတခုရဲ့ နိုင်ငံရေးအပြန်အလှန် ထိန်းကျောင်းမှု ရည်မှန်းချက်အစုအဝေးလိုပဲ တခုတည်းသော ကျယ်ပြောတဲ့ ရည်မှန်းချက်ကို ရရှိပိုင်ဆိုင်ထားတယ်လို့ စဉ်းစားခံရကောင်း ခံရနိုင်ပါတယ်။ ခေါင်းစဉ်နှစ်ခုစလုံးဟာ ဦးတည်ချက်ကတော့ လုပ်ပိုင်ခွင့်အာဏာနဲ့ ရင်းမြစ်တွေကို တနေရတည်းမှာ အလွန်အကြူး စုစည်းနေခြင်းကို အားပျော့သွားအောင် လုပ်ဖို့ပါပဲ။
အလားတူပါပဲ။ `နီယိုလစ်ဘရယ်´ရှုထောင့်အရ ပြုပြင်ပြောင်းလဲရေးကို ရှေ့တန်းတင် လုပ်ဆောင်ရာမှာ အင်စတီကျူးရှင်း ဖွံ့ဖြိုးရေးကို အပျက်စီးခံပြီးမှ လုပ်တာမျိုးကတော့ သတိပေးသင့်ပေးထိုက်ပါတယ်။ ဒီလိုသတိပေးတဲ့နေရာမှာ ရုရှားနဲ့ လက်တင် အမေရိကက တချို့နိုင်ငံတွေဟာ သတိပေးမှုနဲ့ဆိုင်တဲ့ သင်ခန်းစာယူစရာ ဖြစ်ရပ်ဇာတ်လမ်းတွေ ဖြစ်ပါတယ်။ အလှူရှင် နိုင်ငံတွေဟာ အာဂျင်တီးနားရဲ့ ကားလို့ မီနမ်နဲ့ ရုရှားရဲ့ ဘောရစ် ယဲ့ဆင်တို့ကို ထောက်ပံ့ပေးခဲ့ပေမယ့် အဲဒီခေါင်းဆောင် နှစ်ယောက်ရဲ့ ကိုယ့်နိုင်ငံတွင်း စီမံအုပ်ချုပ်မှုပုံစံကို ထိခိုက်ပျက်စီးနေစေခဲ့တာပါ။ ဒါတွေကို မျက်ကွက်ပြုပြီး ကူညီထောက်ပံ့ ခဲ့တာကလည်း အလှူရှင်တွေအနေနဲ့ တခြားနည်းလမ်းကို ရွေးလိုက်ရင် ပိုဆိုးသွားမှာကို ကြောက်တာက အဓိကအကြောင်း တရားကြီး ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကိုယ့်ပြည်တွင်းမှာ ဘယ်လိုမူဝါဒမျိုးကိုပဲ ရွေးချယ်ကျင့်သုံးသည်ဖြစ်စေ နိုင်ငံတကာရဲ့ အကူအညီက လုံးဝသေချာတယ်ဆိုတဲ့ အနေအထားမျိုးမှာ ကျန်းမာသန်စွမ်းတဲ့ အင်စတီကျူးရှင်း ဖွံ့ဖြိုးတိုးတက်မှုလုပ်ရေး အတွက် ဆွဲဆောင်နိုင်တဲ့မက်လုံးတွေက ဘယ်ကနေ လာပါတော့မလဲ။
နိုင်ငံရပ်ခြားတိုင်းပြည်တွေကို အကူအညီတွေပေးဖို့ တာဝန်ရှိသူတွေအနေနဲ့ စီးပွားရေးမူဝါဒနဲ့ရော အင်စတီကျူးရှင်းပိုင်း ဒီဇိုင်းနဲ့ပါသက်ဆိုင်တဲ့ အောက်ပါမူဝါဒပိုင်း အကြံပြုချက်တွေကို စဉ်းစားသင့်ပါတယ်။
ပထမဆုံးအနေနဲ့ ဒီမိုကရေစီအရေး အကူအညီပေးတဲ့နေရာမှာ တာရှည်ခံမယ့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေကို (ပုံစံကိုက်ရော၊ အလွတ်သဘောရော) တည်ဆောက်တဲ့နေရာမှာ ထိထိရောက်ရောက် အပြန်အလှန် ထိန်းကျောင်းမှုရဲ့ အသက်သွေးကြောတမျှ အရေးပါတဲ့ အခန်းကဏ္ဍအပေါ်မှာ အထူးအာရုံစိုက်ရပါမယ်။ အလွတ်သဘောပြောရရင် လွတ်လပ်တဲ့ သတင်းမီဒီယာ၊ သဘောထားကြီး သည်းခံတတ်ပြီး မျိုးစုံဖြစ်နေတဲ့ စိတ်ကူးအတွေးအခေါ်တွေကို တံခါးဖွင့်ထားတဲ့ ပညာရေး၊ (မာကြောတဲ့ ပုဂ္ဂလိက စီးပွားရေးကဏ္ဍအပါအဝင်) တက်ကြွအားမာန်ပြည့်ဝတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေဟာ ဒီမိုကရေစီ ယဉ်ကျေးမှုကို တည်ဆောက်ရာမှာ ကူညီထောက်မနိုင်ပါတယ်။ အဲဒီပြောခဲ့တဲ့ သူ့နည်းသူ့ဟန် လည်ပတ်နေတဲ့ အင်စတီကျူးရှင်းတွေဟာ သီးခြား လွတ်လပ်တဲ့ တရားစီရင်ရေးနဲ့ ဗဟိုဘဏ်တွေ ပေါ်ထွန်းလာအောင် တခြား အဖွဲ့အစည်းတွေနဲ့အတူ မြေတောင်မြှောက်ပေးနိုင်ပါတယ်။ တခြားအဖွဲ့အစည်းတွေ ဆိုတာကတော့ လုပ်ပိုင်ခွင့်အာဏာ မတိမ်းစောင်းရအောင် လုပ်ရိုးလုပ်စဉ်အတိုင်း စောင့်ကြပ်နေတဲ့၊ ရာထူးအာဏာ အလွဲသုံးစားမလုပ်အောင် ကာကွယ်တဲ့ တခြားအဖွဲ့ အစည်းတွေပဲ ဖြစ်ပါတယ်။
ဒုတိယအချက်ကတော့ အလှူရှင်နိုင်ငံတွေဟာ မိမိတို့ရဲ့ အထောက်အပံ့ကို လက်ခံမယ့်နိုင်ငံတွေမှာ ဝင်ငွေနဲ့ပိုင်ဆိုင်မှု ခွဲဝေ ဖြန့်ဖြူးမှု ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ နည်းပညာ အပြောင်းအလဲတို့ဟာ ဝင်ငွေမညီမျှမှု ပိုမိုမြင့်မားမှုဆီ ဦးတည်သွားစေတယ်ဆိုတာနဲ့ ပတ်သက်လို့ ကမ္ဘာတဝန်းကနေ သက်သေအထောက် အထား ပိုမိုတိုးတက်ရရှိလို့ နေပါတယ်။ အထက်မှာ မှတ်ချက်ပြုခဲ့သလိုပဲ မညီမျှမှု ပိုမိုမြင့်မားခြင်းဟာ သက်တမ်းနုတဲ့ ဒီမိုကရေစီ နိုင်ငံတွေကို ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် ပညာရေးနဲ့ လေ့ကျင့်သင်တန်းတွေကို လက်လှမ်းမီတဲ့ နိုင်ငံသားတွေ ပိုမို များပြားလာဖို့အရေးဟာ မူဝါဒပြုပြင်ပြောင်းလဲရေးနဲ့ဆိုင်တဲ့ အဓိက စိန်ခေါ်မှုတခုဖြစ်ပါတယ်။ ဒါ့ပြင် တချို့သောနိုင်ငံတွေမှာဆိုရင် လူတစ်ယောက်ရဲ့ မျိုးနွယ်စုဟာ ပညာရေးနဲ့ အလုပ်အကိုင်ကောင်းတွေရရှိရေးမှာ အခန်းကဏ္ဍတခုကနေ ပါဝင်နေနိုင်ပါတယ်။ သတ္တုချကြည့်ရင်တော့ စီးပွားရေးတိုးတက်မှု တခုတည်းနဲ့ လူ့အဖွဲ့အစည်း တခုအတွင်းမှာရှိတဲ့ လူတိုင်း လူတိုင်းရဲ့ ဘဝအခွင့်အလမ်းတွေကို မဖြစ်မနေ မြှင့်တင်ပေးမှာမဟုတ်သလို စည်းအပြင်မှာ ဖယ်ချန်ခံလိုက်ရသူတွေ အနေနဲ့လည်း ဒီမိုကရေစီအပေါ်မှာ ယုံကြည်မှု ကင်းမဲ့သွားကောင်းသွားနိုင်ပါတယ်။ အကယ်၍ ဒီမိုကရေစီစနစ်ကြောင့် စီးပွားရေး အကျိုးအမြတ် တစုံတရာ ရရှိလာခဲ့တယ်ဆိုရင် အဲဒါကို တိုင်းတာတဲ့အခါမှာ ပျမ်းမျှစီးပွားရေး တိုးနှုန်းတခုတည်းထက် စာရင် ပိုမို လက်လှမ်းမီလာတဲ့ အခွင့်အလမ်းတွေ ဘယ်လောက်ရှိသလဲ ဆိုတာနဲ့ တိုင်းတာသင့်ပါတယ်။
တတိယ အနေနဲ့ကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ သက်တမ်းနုတဲ့ ဒီမိုကရေစီနိုင်ငံတွေကို ငွေ၊ ပစ္စည်း၊ နည်းပညာ စတဲ့ အကူအညီတွေသာ ပေးရမှာမဟုတ်ဘဲ၊ ကုန်သွယ်ရေးအပိုင်းမှာ နယ်နိမိတ်တွေကို ဖွင့်လှစ်ဖို့၊ အမျိုးမျိုးသော အပြန်အလှန် ဖလှယ်ရေးအစီအစဉ်တွေ (ပညာရေးနဲ့ ယဉ်ကျေးမှုစသည်) မှာ ပါဝင်ဆောင်ရွက်ဖို့နဲ့ နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အရှိန်မပျက် ဆက်သွားရအောင် ကူညီနိုင်မယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေကို ဝင်ရောက်ဖို့ကိုလည်း စည်းရုံးသိမ်းသွင်းခြင်းဖြင့် ကူညီရမှာဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ စက်မှုထိပ်သီးနိုင်ငံကြီးတွေမှာ ချမှတ်ထားတဲ့ မူဝါဒ တခုဖြစ်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက တင်ပို့လာတဲ့ စိုက်ပျိုးရေး ထွက်ကုန်တွေအပေါ်မှာ ကုန်သွယ်မှု အတားအဆီးတွေ ထားခြင်းဟာ တကယ့်ကိုပဲ ဆိုးကျိုးတွေကို ဖြစ်စေပါတယ်။ အကြောင်းကတော့ ဆင်းရဲသား လယ်သမားတွေအတွက် ဝင်ငွေတိုးနိုင်မယ့် အခွင့်အရေးကို ပိတ်ပင်လို့ပါပဲ။ ထပ်လောင်းပြောရရင်တော့ အလှူရှင်တွေဟာ ကမ္ဘာ့ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ပြုစု ပျိုးထောင်ချင်တယ် ဆိုရင် အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ ဘဝအခွင့်အလမ်းတွေကိုလည်းပေးရင်း တစ်ဖက်ကလည်း နိုင်ငံရေးနဲ့ စီးပွားရေးအာဏာကို ခွဲဝေဖြန့်ဖြူးမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ဗဟိုမှာထားထားတဲ့ မူဝါဒတထွေး တသီကြီးတွေ ချမှတ်ပြီးတော့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။
သက်တမ်းနုတဲ့ ဒီမိုကရေစီနိုင်ငံ အများစုဟာ ပထမ ၅ နှစ်တာအတွင်း ကျရှုံးကြတတ်ကြတာကြောင့် ခေါင်းဆောင်တွေ၊ အင်စတီကျူးရှင်းလို့ခေါ်တဲ့ လူ့အဖွဲ့အစည်းတခုရဲ့ အခြေခံကျတဲ့စနစ် ကျင့်ထုံးတွေဟာ စိန်ခေါ်မှုကြီးတွေကို ရင်ဆိုင်ရတဲ့အခါမှာ အများယုံကြည်ကိုးစားမှုနဲ့ တရားနည်းလမ်းကျမှုတို့ကို ရရှိအောင်ကြိုးစားတဲ့ အနေအထားမှာ အဲဒီ ရှေးဦးပိုင်း နှစ်ကာလတွေဟာ ပစ်မှတ်ထားတဲ့ နိုင်ငံခြားအကူအညီ ဗျူဟာတွေကို ဆက်ထိန်းထားရမယ့် အရေးကြီးတဲ့ကာလပဲ ဖြစ်ပါတယ်။ အဲဒီ ဗျူဟာတွေဟာ နိုင်ငံရေးနဲ့ စီးပွားရေးအာဏာကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ခွဲဝေဖြန့်ဖြူးဖို့နဲ့ မဲဆန္ဒရှင်တွေလည်း ရရှိခံစားနိုင်မယ့် ရွှေရောင် အခွင့်အလမ်းတွေကို တိုးမြှင့်စေဖို့ ရည်ရွယ်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အဲဒီခံစားခွင့် ရှိသူတွေထဲမှာ အခွင့်အရေး အဆုံးရှုံးဆုံး ဆုံးပြည်သူတွေ ရရှိခံစားနိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး မူဝါဒတွေမရှိရင်တော့ ရေတိုလုပ်ဆောင်တဲ့ စီးပွားရေးမူဝါဒတွေ သက်သက်နဲ့တော့ သက်တမ်းနု ဒီမိုကရေစီနိုင်ငံတခု နောက်ကြောင်းပြန်လှည့် မသွားအောင် ကူညီကယ်ဆယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ပဲ ပြောပါရစေ။
(အေသန် ဘီ ကပ်စတိန်း (Ethan B. Kapstein) သည် ပြင်သစ်နိုင်ငံ ဖွန်တိန်ဘလူးရှိ INSEAD ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ဘာသာရပ်ဆိုင်ရာ ပေါလ် ဒူဘရူးလ် ပါမောက္ခနှင့် ဝါရှင်တန်ဒီစီရှိ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန၏ Fellow ဖြစ်သည်။ နာသန် ကွန်ဗာ့စ် (Nathan Converse) သည် လန်ဒန် စီးပွားရေး ကျောင်း၌ ဘောဂဗေဒ ဘာသာရပ်ဆိုင်ရာ ပါရဂူဘွဲ့တန်းကို တက်ရောက်သင် ကြားနေသူဖြစ်သည်။)
ဆင်းရဲနွမ်းပါးမှု၊ မညီမျှမှုနှင့် ဒီမိုကရေစီ – ဒီမိုကရေစီနိုင်ငံတွေ ဘာကြောင့် ကျရှုံးရသလဲ (၁)
ဆင်းရဲနွမ်းပါးမှု၊ မညီမျှမှုနှင့် ဒီမိုကရေစီ – ဒီမိုကရေစီနိုင်ငံတွေ ဘာကြောင့် ကျရှုံးရသလဲ (၂)