ရခိုင်ပြည်နယ်၏ ဝန်ကြီးချုပ်နေရာအတွက် ရခိုင်ပြည်နယ်တွင် အများစု အနိုင်ရပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ကိုသာ ခန့်အပ် တာဝန်ပေးရန် ပေးရန် ရခိုင်ပြည်လုံးဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းများ ဖိုရမ်မှ အချက် ၁၂ ချက် ပါ ကြေညာချက် တစောင် ထုတ်ပြန်၍ တောင်းဆိုလိုက်သည်။
ရခိုင်ပြည်နယ်၊ကျောက်ဖြူတွင် ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပသော အရပ်ဘက်အဖွဲ့အစည်း ဖိုရမ်သို့ ရခိုင်ပြည်နယ် တဝန်းမှ လူမှုအဖွဲ့အစည်းပေါင်း ၁၀၀ ကျော်မှ ကိုယ်စားလှယ် ၂၀၀ ကျော် တက်ရောက်ခဲ့ကြပြီး ယင်းဖိုရမ် အပြီး ထိုသို့ ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အရပ်ဘက်ဖိုရမ်သို့ တက်ရောက်လာသည့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်အားလုံးက သဘောထားပေး ကြသည့် အတွက် ကြေညာချက်၌ ထည့်သွင်းတောင်းဆိုရခြင်း ဖြစ်ကြောင်း၊ မည်သည့်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်ကို ခန့် အပ် ရမည်ဆိုသည်ကို အတိအကျ မဖော်ပြထားကြောင်း ၊ရခိုင်ပြည်သူလူထု အများစုက ထောက်ခံ၊ ရွေးကောက် တင် မြှောက် ထား သည့် အနိုင်ရ ပါတီမှ ကိုယ်စားလှယ်ကသာ ရ ခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များ ကို ပိုမိုလုပ်ဆောင်နိုင်မည် ယုံကြည်ကြသည့် အ တွက် တောင်းဆိုရခြင်း ဖြစ်ကြောင်း ဝံလက်ဖောင်ဒေးရှင်း (ရခိုင် ပြည်) မှ ဒါရိုက်တာ ဦးခိုင်ကောင်းစံ က ဧရာဝတီ ကို ပြောသည်။
“ရခိုင်ပြည်နယ်မှာ ဘယ်ပါတီပဲ ဖြစ်ဖြစ် အများစု အနိုင်ရတဲ့ ပါတီက ကိုယ်စားလှယ်ကိုပဲ ပြည်နယ် ဝန်ကြီးချုပ် ခန့် အပ် သင့် တယ်ဆိုပြီးတော့ ဖိုရမ်တက်ရောက်လာသူ အားလုံးက တင်ပြကြတဲ့အတွက် ကြေညာချက်မှာ အချက်တခုအနေ နဲ့ ထည့်လိုက်ရတာပါ” ဟု ၎င်းက ဆို သည်။
၂၀၁၅ ရွေးကောက်ပွဲ္ပ၌ ရခိုင်အမျိုးသား ပါတီ (ANP )သည် ပြည်နယ်လွှတ်၌ အမတ်နေရာ အများဆုံး ရရှိထားသည့် ပါတီ ဖြစ်ပြီး ပြည်နယ်လွှတ်တော်၌ တပ်မတော်သား ကိုယ်စားလှယ် ၁၂ ဦး အပါအဝင် စုစုပေါင်း ၄၇ နေရာ ရှိသည့် အနက် ANP သည်၂၃ ဦး အနိုင်ရရှိထားကာ NLD သည် ၉ နေရာနှင့် ကြံ့ခိုင်ရေးပါတီက ၃ နေရာ ရရှိထားသည်။
ရခိုင်ပြည်နယ်သည် ၂၀၁၂ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သည့် ဒေသတွင်း ပဋိပက္ခများနှင့်ပတ်သက်၍လည်း ပြည်တွင်း၊ ပြည်ပ မှ စောင့်ကြည့်ခံနေရသည့် ပြည်နယ်တခုဖြစ်ပြီး၊ သမ္မတ ဦးသိန်းစိန် အစိုးရ ၅ နှစ် သက်တမ်းအတွင်း ဝန်ကြီးချုပ် ၃ ဦး အ ထိ ပြောင်းလဲ တာဝန်ထမ်းဆောင်ခဲ့ရသည့် ဒေသတခု လည်း ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် NLD က အပြတ်အသတ်အနိုင်ရရှိထားရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရာထူးအတွက် NLD က တင်မြှောက်ထားသည့် သမ္မတက ခန့်အပ် တာဝန်ပေးရမည်ဖြစ်သည်။
ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းရေး အပါအဝင် ရခိုင်ဒေသ ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ တနိုင်ငံလုံး၌ အများစု အနိုင်ရထားသည့် NLD ခေါင်းဆောင်များနှင့်တွေ့ဆုံရန် စီစဉ်ထားကြောင်း ရခိုင်အမျိုးသားပါတီထံမှ သိရှိရသည်။
ANP ပါတီ၏ ဒု ဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက “ကျနော်တို့ရဲ့အမျိုးသား အကျိုးစီးပွားကို အလေးထားဆောင်ရွက်မယ့် ဘယ်ပါတီ၊ ပုဂ္ဂိုလ်တွေနဲ့မဆို ပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟု ဆိုသည်။
ကျောက်ဖြူမြို့တွင် ၃ ရက်ကြာ ကျင်းပခဲ့သည့် အရပ်ဘက်ဖိုရမ်တွင် ပြည်နယ် ဝန်ကြီးချုပ် ခန့်အပ်ရေး ကိစ္စအပါအဝင် ရခိုင် ဒေသမှ ထုတ်ယူနေသော သဘာ၀ သယံဇာတများမှ ၅၀ ရာခိုင်နှုန်းကို ရခိုင်ပြည်သူလူထုက အကျိုးခံစားခွင့် ရရှိရေး၊ ရခိုင် ပြည် နယ်ရှိ ရှေ့ဟောင်း အမွေအနှစ်များကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ ပြုပြင်ထိန်းသိမ်းရေး၊ ရခိုင် ပြည် နယ်တွင် အကောင်အထည်ဖော်လုပ်ဆောင်နေသည့် ရွှေသဘာ၀ ဓာတ်ငွေ့မှ ရခိုင်ပြည်နယ် တခုလုံး လျှပ်စစ်မီး ၂၄ နာရီ ရရှိရန် အမြန်ဆုံး ဆောင်ရွက်ပေးရေး၊ ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများအား ၁၉၈၂ နိုင်ငံသား ဥပဒေနှင့်အညီဆောင်ရွက်ပေးရန်နှင့်ရခိုင်ပြည်နယ် အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားနေမှုများကိုလည်း ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုထားသည်။
ဖက်ဒရယ် ပြည်ထောင်စု စနစ်နှင့်ကိုက်ညီသည့် ခိုင်မာသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အဖြစ်ပြုပြင် ပြောင်းလဲရန်နှင့် ရခိုင် ပြည်တွင်း ဖော်ဆောင်နေဆဲနှင့်ဖော်ဆောင်မည့် စီမံကိန်းများကိုလည်း ရခိုင်ပြည်သူများ၏ ဆန္ဒနှင့်အညီ လုပ်ကိုင် ဆောင် ရွက်ရေးတို့ အပြင် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ လမ်းပန်းဆက်သွယ်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး၊ နိုင်ငံရေး၌ အမျိုး သမီးများပါဝင်လာနိုင်ရေး၊ လယ်ယာမြေ ပြန်လည်တည်ဆောက်ရေးတို့ကိုလည်း အဆိုပါဖိုရမ်တွင် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။