ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရသော အမျိုးသားပညာရေး ဥပဒေ ကန့်ကွက် သပိတ်မှောက်သည့် ကျောင်းသား လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ဝန်းရံပြည်သူ ဦးမြကြီး၏ အာမခံ လျှောက်ထားမှုကို ယနေ့ ပဲခူးတိုင်း သာယာဝတီ ခရိုင်တရားရုံးက ပယ်ချလိုက်ကြောင်း စုံစမ်းသိရှိရသည်။
ဦးမြကြီးသည် ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့က လက်ပံတန်း ကျောင်းသား သပိတ် ဖြိုခွင်းမှုတွင် ဝန်းရံပြည်သူ တဦးအနေနှင့် အကြမ်းဖက် ဖမ်းဆီးခံထားရသူ ဖြစ်ပြီး ရိုက်နှက်ခံရသည့် ဒဏ်ကြောင့် ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ကြောင်း ကျောင်းသား သပိတ်တွင် ပါဝင်ခဲ့သော ဝန်းရံပြည်သူတဦး ဖြစ်သည့် ကိုအောင်ကျော်က ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက် ရုံးချိန်းက လျှောက်ထားခဲ့သော ဦးမြကြီး၏ အာမခံ လျှောက်ထားမှုကို ယနေ့ ရုံးချိန်းတွင် ပယ်ချခဲ့ခြင်း ဖြစ်ကြောင်းလည်း သာယာဝတီ တရားရုံးသို့ ရောက်ရှိနေသည့် ကိုအောင်ကျော်က ပြောဆိုသည်။
“ဆေးရုံ တက်နေတဲ့ ဦးမြကြီးရဲ့ ဆေးစစ်ချက်မှာ ဦးခေါင်း ကွဲအက် ဒဏ်ရာ ရရှိထားတယ်ဆိုပြီး အဖြေရတယ်။ ခွဲစိတ်တာမျိုးတော့ မလုပ်ရဘူး။ အခု ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူပြီး အပြည့်အ၀ နားဖို့ လိုအပ်တဲ့အတွက် အာမခံ လျှောက်ထားတာပါ။ ဒါပေမယ့် အာမခံ မပေးပါဘူး။ ဒါကြောင့် သူ ဆေးရုံက ဆင်းရင် ထောင်ကိုပဲ ပြန်ရမှာပေါ့”ဟုလည်း ၎င်းက ပြောသည်။
လက်ရှိအချိန်အထိ ရန်ကုန်ဆေးရုံကြီး၌ အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက် သပိတ်မှောက်ခဲ့ရာတွင် ပါဝင်ခဲ့ပြီး လက်ပံတန်း ၌ ဖြိုခွဲဖမ်းဆီးခံခဲ့ရသော ကိုမင်းသွေးသစ်၊ ကိုမာနော်၊ ကိုထိန်းလင်းအောင်နှင့် ဦးမြကြီး တို့ ၄ ဦး ဆေးကုသမှု ခံယူနေရကြောင်း၊ ၄ ဦး ထဲမှ တဦးဖြစ်သူ ကိုထိန်လင်းအောင် အနေနှင့်လည်း အပြည့်အ၀ အနားယူရန် လိုအပ်သည့်အတွက် ယနေ့ ရုံးချိန်းတွင် အာမခံ လျှောက်ထားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့က သာယာဝတီ အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံနေရသည့် ကျောင်းသားများနှင့် ဝန်းရံပြည်သူများထဲမှ ၈ ဦးကို ကျန်းမာရေး စစ်ဆေးရန်နှင့် လိုအပ်ပါက ဆေးရုံ တက်၍ ကုသမှု ခံယူရန် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင် ခဲ့ပြီး ဒီဇင်ဘာလ ၈ ရက်တွင်လည်း ဆေးကုသမှု ခံယူရန် လိုအပ်နေသည့် ကိုမင်းသွေးသစ် အပါအဝင် ၄ ဦးကို ထပ်မံပြီး ပို့ဆောင် ကုသခွင့် ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော် ဒီဇင်ဘာလ ၁၅ ရက်နေ့ ရုံးချိန်းတွင် ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက်ကုသရန် ထပ်မံလိုအပ်သူ ၅ ဦးကို ကုသခွင့် တောင်း ခံရာတွင် ပယ်ချ ခံခဲ့ရကြောင်း သိရသည်။
“ရန်ကုန်ဆေးရုံကြီးကို တက်ရောက်ဖို့ လိုအပ်ရင် သာယာဝတီဆေးရုံက တဆင့် လွှဲပေးတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်က လတ် တလော ဆေးကုသဖို့ လိုအပ်နေသူ ၅ ဦး ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ကုသခွင့် တောင်းတော့ သာယာဝတီဆေးရုံက အကျဉ်း ထောင် ခွင့်ပြုချက် ပြန်ယူခိုင်းတယ်။ ဒီတပတ်မှာလည်း အခုချိန်ထိ ထောင်က ခွင်ပြုချက် မပေးသေးဘူး”ဟု ကိုအောင်ကျော်က ယနေ့ ညနေ ၃ နာရီတွင် ဆက်သွယ်မေးမြန်းချက်ကို ဖြေကြားခဲ့သည်။
ယင်းဆေးကုသခွင့် တောင်းခံသူ ၅ ဦးသည် ကိုရန်ပိုင်စိုး၊ ကိုအောင်မျိုးဦး၊ ကိုသော်ဇင်ထွန်း၊ ကိုမောင်မောင်သိန်းနှင့် ကိုမေတ္တာဦး တို့ ဖြစ်ကြပြီး မျက်စိရောဂါ ဖြစ်ခြင်း၊ နားအတွင်းမှ အရည်များ ကျဆင်းခြင်းတို့ကြောင့် ၎င်းတို့ကို မျက်စိ၊ နား၊ နှာခေါင်း စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း သိရသည်။
ယနေ့ သာယာဝတီ ရုံးထုတ်အပြီးတွင် ဖမ်းဆီးခံ ကျောင်းသားတဦး ဖြစ်သော ကိုကျော်စွာလင်းသည် အူအတက်ရောင်သည့် လက္ခဏာ ဖြစ်ပွားမှုကြောင့် သာယာဝတီဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ကိုအောင်ကျော် က ပြောကြားသည်။
သာယာဝတီ တရားရုံးထုတ်မှုသည် လက်ရှိဆိုလျှင် အကြိမ် ၃၀ ကျော်လာပြီ ဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်နေ့က ပထမဆုံး ရုံးထုတ် စစ်ဆေးခဲ့သည့် ကျောင်းသား ခေါင်းဆောင် ကျော်ကိုကို ရောက်ရှိမှုကြောင့် အမှုသွား အမှုလာကို ပြန်လည် စစ်ဆေးခဲ့ကြောင်း သိရသည်။
ယခုနှစ် မတ်လ ၁၀ ရက်က အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး လက်ပံတန်းမြို့အထိ ချီတက်ဆန္ဒပြ တောင်း ဆိုခဲ့ကြသည့် ကျောင်းသားများနှင့် ဝန်းရံပြည်သူများ အပါအဝင် ၁၂၇ ဦးကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖမ်းဆီး ချုပ်နှောင်ခဲ့ပြီးနောက် စွဲချက်အမျိုးမျိုးဖြင့် တရားစွဲဆို အမှုဖွင့်ပြီး သာယာဝတီ အကျဉ်းထောင်တွင် ဖမ်းဆီးစစ်ဆေးနေသည်မှာ ယခုဆိုလျှင် ၉ လ ကျော် ကြာမြင့်လာပြီ ဖြစ်သည်။
ကိုကျော်ကိုကို၊ ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင်၊ ကိုနန္ဒစစ်အောင် အပါအဝင် လူ ၅၀ ခန့်ကို ယနေ့အထိ ဖမ်းဆီးစစ်ဆေးနေဆဲ ဖြစ်ကြောင်းနှင့် ကျောင်းသားများ၏ အမှုရုံးချိန်းကို လာမည့် ဒီဇင်ဘာလ ၂၉ ရက်တွင် ထပ်မံ ချိန်းဆိုထားကြောင်း သိရသည်။