Ethnic Issues

ကရင်နီ ညီလာခံ၌ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်တည်ဆောက်ရေး သဘောထား ချမှတ်

This article has been converted from Zawgyi One to Unicode

ကယားပြည်နယ် လွိုင်ကော်မြို့နယ် ဘာဒိုကျေးရွာတွင် ၅ ရက်ကြာ ပြုလုပ်ခဲ့သည့် ကရင်နီပြည်လုံးဆိုင်ရာ ညီလာခံ၌ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် တည်ဆောက်ရန်အတွက် သဘောတူညီချက်တရပ် ချမှတ်ခဲ့ကြောင်း သိရသည်။

“ဖက်ဒရယ် ပြည်ထောင်စု တကယ်တမ်း တည်ဆောက်မယ့် အခါကြလို့ရှိရင် ဖက်ဒရယ် ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ ပြည်နယ် ဖွဲ့စည်းအုပ်ချုပ်ပုံထဲက ပြဌာန်းချက်အရ ဖက်ဒရယ် ပြည်ထောင်စုအောက်မှာ ဖက်ဒရယ် တပ်မတော်ကို အုပ်ချုပ်ရေး နယ်ပယ်ရဲ့အောက်မှာထား ရှိဖို့ ကျနော်တို့ သဘောထား ချတာပါ။ ဒါကတော့ အနာဂတ် ဖက်ဒရယ်အတွက် ကြိုပြီးတော့ ဆွေးနွေးထားတဲ့ ကိစ္စပါ”ဟု KNPP ဒုဥက္ကဋ္ဌ ခူးဦးရယ်က ဧရာဝတီကို ပြောသည်။

ကရင်နီပြည်လုံးဆိုင်ရာ ညီလာခံကို ကရင်နီအမျိုးသား တိုးတက်ရေးပါတီက (KNPP) ဦးဆောင်၍ ဒီဇင်ဘာ ၁၅ ရက်မှ ၂၀ ရက် အထိ ပြုလုပ်ခဲ့ပြီး “ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် တည်ဆောက်ရန်” အပါအဝင် ဘုံသဘောတူညီချက် ၇ ချက် ချမှတ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖက်ဒရယ်ပြည်ထောင်စု အစိုးရ ဖြစ်လာမည့်အချိန်၌ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ကို ဖွဲ့စည်းအုပ်ချုပ်ပုံထဲတွင် ထည့်သွင်း ရန်ဖြစ်ပြီး ထိုအခြေအနေသည် တတိုင်းပြည်လုံးက သဘောတူ လက်ခံမည့် အချိန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်း လဲရန် ယင်းအခြေခံကို သွားနိုင်သည့် အချိန်ရောက်မှသာ စဉ်းစားရမည့်ကိစ္စ ဖြစ်သည်ဟု သိရသည်။

“ဆိုလိုတာကတော့ အခုလက်ရှိ တပ်မတော်ကို ပြုပြင်ပြောင်းလဲဖို့ မဟုတ်ပါဘူး။ လာမယ့် ဖက်ဒရယ် အခြေခံဥပဒေအရ လုပ်ဆောင် သွားမယ့် ဖွဲ့စည်းသွားမယ့် တပ်မတော်ကိုပဲ ပြောတာပါ။ အဲဒီအထဲမှာမှ ကျနော်တို့ တိုင်းရင်းသား အဖွဲ့အစည်းတွေကနေပြီးတော့ ဘယ်လိုပါဝင်မလဲ။ ဆက်လက် ပါဝင်နိုင်ခြေ ရှိတယ်ဆိုရင်လည်း ဘယ်လိုသတ်မှတ်ချက်အောက်မှာ ပါနိုင်မယ်။ မပါနိုင်ဘူး ဆိုတာကတော့ ညှိနှိုင်းဆောင်ရွက်ရမယ့် ကိစ္စပါ”ဟု ခူးဦးရယ်က ပြောသည်။

ညီလာခံသို့ ကယားပြည်နယ် မြို့နယ် ၇ ခုမှ ကိုယ်စားလှယ် ၇ ဦးနှင့်အတူ KNPP ၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး၊ ကယောနီ အမျိုးသား ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ကယားပြည်နယ် လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ၊ ကယန်း အမျိုးသားပါတီ၊ ကရင်နီ အမျိုးသမီးအစည်းရုံးနှင့် အရပ်ဘက် အဖွဲ့စည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြောင်း သိရသည်။

ထိုညီလာခံတွင် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် တည်ဆောက်ရန် အပါအဝင် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုစနစ်ဖြင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ပြည်ထောင်စု မြန်မာနိုင်ငံကို တည်ဆောက်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လူထုဆန္ဒနှင့်အညီ ပြင်ဆင်ရန်၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်ဝရှိသော ကရင်နီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲ ပြဌာန်းရန်၊ ပြည်နယ်ဖွဲ့စည်းပုံနှင့် အညီ ပြည်နယ်လုံခြုံရေး တပ်ဖွဲ့အား စနစ်တကျ ပြန်လည်ဖွဲ့ရန်၊ စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်ရန်နှင့် ကရင်နီအမျိုးသားများ၏ အနာဂတ်ရေးရာ ပြည်နယ်ရေးရာ ကိစ္စရပ်များတွင် ကရင်နီဟူသော ဝေါဟာရအောက်တွင် တည်ဆောက်ရန် စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။

KNPP သည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်ဖြစ်ပြီး သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က ပဏာမ အပစ်အခတ် ရပ်စဲရေးကို ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့်ဖြင့် လက်မှတ်ရေးထိုးထားသော်လည်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားခြင်း မရှိသေးပေ။

KNPP သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်က အပစ်အခတ် ရပ်စဲရေး သဘောတူညီထားသော်လည်း ၃ လ အကြာ ဇွန်လ ၂၉ ရက်တွင် ပျက်ပြယ်သွားခဲ့သည်။

Loading