ကမ္ဘာ့အကြီးဆုံး ငါးမျိုးစိတ်ထဲတွင်ပါဝင်သည့် ဝေလငါးမန်းကြီး(Whale Shark) အသေတကောင်ကို မြန်မာ ငါးဖမ်း စက်လှေတစင်း က တနင်္သာရီတိုင်း လောင်းလုံမြို့နယ် မောင်းမကန်ကမ်းခြေနှင့် တမိုင်ခန့်ကွာဝေးသော ကျောက်ဆင်ဝါ ရွာတွင် ကျပ် ၈ သိန်းကျော်ဖြင့် လာရောက် ရောင်းချခဲ့ကြောင်း ဒေသခံများက ပြောပြသည်။
“ဝါးလတ်လှေ (ငါးဖမ်းလှေ) တစင်းက လာရောင်းတာ ရှစ်သိန်းခွဲ နဲ့ ဝယ်တဲ့သူတွေက အစ်မတို့ရွာက မဟုတ်ကြဘူး။ အစ်မတို့ ထားဝယ် က လူတွေက မစားရဲကြဘူး။ တရုတ်တွေ ဝယ်ကြတယ်လို့ ပြောကြတယ်။ ဆားနယ်ပြီး ရောင်းတာ”ဟု ဒေသခံ မမာချိုက ပြောသည်။
အရှည် ဝါးတပြန်ကျော်(လူသုံးရပ်ကျော်)၊ လုံးပတ် လူ၂ ဖက်ခန့်၊ ခန့်မှန်း အလေးချိန် ပိဿာ ၅၀၀၀ ကျော်ရှိမည်ဟု ယူဆကြောင်း၊ ငါးဖမ်းစက်လှေက ဒီဇင်ဘာ ၁၆ ရက်တွင် လာရောက်ရောင်းချခြင်းဖြစ်ပြီး ဆားနယ်ပြီးသား အသားများကိုမူ တရုတ်လူမျိုးတချို့ကို ပြန် ရောင်းမည်ဟု သိရကြောင်းလည်း ၎င်းက ပြောပြသည်။
အဆိုပါ ကမ်းခြေတွင် ရံဖန်ရံခါ ထိုကဲ့သို့ ငါးအမျိုးအစားများသေပြီး သောင်တင်လေ့ ရှိကြောင်းလည်း သိရသည်။
“ကမ်းခြေမှာ အမြဲတော့ လာမတင်ပါဘူး။ သေပြီးပုပ်ပွနေမှ လာတင်ကြတာ။ အဲဒီလိုမှတ်ပြီး ထွက်ကြည့်တာ။ အခုက အရှင်မိ တာ လား မသိဘူး။ ဒါပေမယ့် ဟိုရောက်တော့ သူတို့က ဖျက်နေကြပြီ။ အသေကို ဖျက်တာလား အရှင်ကိုဖျက်တာလား မသိလိုက်ရ ဘူး”ဟု ဒေသခံ မမာချို က ပြောသည်။
ဖမ်းဆီးရမိသော ထိုဝေလငါးမန်းကြီးကို ထားဝယ်ဒေသခံများ က ဝါဇီပြော့ဟု ခေါ်ဝေါ်ကြပြီး အသားကို စားလေ့မရှိကြောင်းလည်း မမာချိုက ပြောပြသည်။
ဝေလငါးမန်းကြီး(Whale Shark)များသည် ပူနွေးသည့် ပင်လယ်ပြင်များ၌သာ နေထိုင်လေ့ရှိကြပြီး အများဆုံးတွေ့ရနိုင်သည့် နေရာ ဒေသများသည် သြစတေးလျ၊ မက္ကဆီကို၊ ဟွန်ဒူးရပ်၊ ဟာဝိုင်ရီ တို့ ဖြစ်ကြောင်း၊ ဝေလငါးမန်းကြီး တကောင်သည် ၅ မီတာ (၁၆ ပေ) မှ ၁၂ မီတာ(ပေ ၄၀)အထိ ရှည်လျားပြီး ပေါင်ချိန် ၂ သောင်း နီးပါးမှ ၅ သောင်း နီးပါးအထိ အလေးချိန်ရှိ၍ အကောင်ရေ ရာနှင့် ချီ ရှင်သန်နေထိုင်ကြောင်း၊ မြန်မာပြည်၏ အိမ်နီးချင်းနိုင်ငံများနှင့် အနောက်နိုင်ငံများတွင် မျိုးသုဉ်းလုနီးပါး ဖြစ်နေသည့်အတွက် ဝေလငါးမန်းကြီးများကို ဖမ်းဆီးသတ်ဖြတ် ရောင်းချခွင့်ကို ဥပေဒဖြင့် တရားဝင် တားမြစ်ထားကြောင်း သိရသည်။