ရှမ်းပြည်နယ် မိုင်းလားဒေသ အခြေစိုက် အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) အား ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက် တွင် ကျင်းပမည့် နိုင်ငံရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ (UPWC) က မိုင်းလားမြို့သို့ သွားရောက် ဖိတ်ကြားထားကြောင်း သိရသည်။
မိုင်းလားမြို့ရှိ ရွှေဟင်္သာဟိုတယ်တွင် UPWC နှင့် NDAA တို့ ဒီဇင်ဘာလ ၂၂ ရက်က တွေ့ဆုံပြီး အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ချုပ်ဆိုထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲသို့ အထူးဧည့်သည်အဖြစ် တက်ရောက်ရန် ဖိတ်ကြားခြင်း ဖြစ်သည်ဟု NDAA ၏ ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်သည့် ဦးစိုင်းမောက် က ဧရာဝတီကို ပြောသည်။
“ပထမအချက်က ဒီအစိုးရရဲ့သက်တမ်း ကုန်တော့မယ်ဆိုပြီး လာနှုတ်ဆက်တာပါ။ ဒုတိယတချက်က နောက်လ ၁၂ ရက်မှာ နိုင်ငံ ရေး ဆွေးနွေးပွဲကို တက်ရောက်ဖို့ လာဖိတ်ကြားတာပါ။ တခြားဆွေးနွေးခဲ့တာ မရှိပါဘူး။ သူတို့ အဓိကလာတာက နိုင်ငံရေးဆွေးနွေး ပွဲ လာဖို့ဖိတ်တာပါပဲ”ဟု ဦးစိုင်းမောက်က ပြောပြသည်။
NDAA မိုင်းလားအဖွဲ့က နိုင်ငံရေးဆွေးနွေးပွဲသို့ တက်ရောက်ခြင်း ပြု မပြု ကို အစိုးရအဖွဲ့အား အကြောင်းပြန် ပြောဆိုလိုက်ခြင်း မရှိသေးဘဲ ၎င်း တို့ အဖွဲ့အစည်းအတွင်း ဆွေးနွေးမှုများ ပြုလုပ်ပြီးမှသာ အကြောင်းပြန်ကြားမည် ဖြစ်သည်ဟုလည်း ဦးစိုင်းမောက်က ဆိုသည်။
မိုင်းလားမြို့သို့ အစိုးရဘက်မှ UPWC ဒုဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အဖွဲ့ဝင်များဖြစ်သည့် ဦးမြင့်စိုး၊ ဦးခင်ဇော်ဦး၊ တပ်မတော် အရာရှိ ကိုယ်စားလှယ်များ သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။
UPWC ဒုဥက္ကဋ္ဌ ဦးသိန်းဇော်က အစိုးရအဖွဲ့အနေဖြင့် နိုင်ငံရေး ပဋိပက္ခများကို နိုင်ငံရေးစားပွဲဝိုင်း၌ အဖြေရှာကြမည်ဖြစ်သဖြင့် NDAA ကို နိုင်ငံရေးဆွေးနွေးပွဲသို့ တက်ရောက်စေလိုကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် မည်သည့်အဖွဲ့ကိုမှ ချန် မထားလိုကြောင်းနှင့် တချို့အဖွဲ့အစည်းများသည် သီးခြားဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ကျန်ရှိနေသေးသဖြင့် ကျန်နေရခြင်း ဖြစ်ကြောင်း NDAA ကို ပြောဆိုခဲ့သည်ဟု ယနေ့ထုတ် အစိုးရ ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။
အလားတူ UPWC က NDAA မိုင်းလား အဖွဲ့နှင့် မဟာမိတ်ဖြစ်သည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကိုလည်း နိုင်ငံရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဒီဇင်ဘာလ ၂၀ ရက်က သွားရောက် ဖိတ်ကြားထားသည်။
အထူးဧည့်သည်အဖြစ် ဖိတ်ကြားခံရသူများသည် ဆွေးနွေးပွဲတွင် ဆုံးဖြတ်ချက်ချနိုင်ခွင့်နှင့် ပါဝင်ဆွေးနွေးခွင့်များ ရရှိမည်မဟုတ်ဘဲ လေ့လာသူ အဖြစ်သာ တက်ရောက်ရမည် ဖြစ်ကြောင်း သိရသည်။
လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ၊ ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO) ၊ ရခိုင် အမျိုးသား ကောင်စီ (ANC) တို့သည် NCA လက်မှတ် မထိုးထားသော်လည်း အစိုးရနှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် အဖွဲ့ငယ်များ ဖြစ်သဖြင့် နိုင်ငံရေး ဆွေးနွေးပွဲသို့ တိုက်ရိုက် တက်ရောက်ခွင့် ရှိသည်ဟု အစိုးရက ခွင့်ပြုထားသည်။
နိုင်ငံရေး ဆွေးနွေးပွဲနှင့် ပတ်သက်၍ လက်မှတ်မထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များက သမ္မတ ဦးသိန်းစိန်၏ လက်ရှိအစိုးရ လက်ကျန်သက်တမ်းတွင် လက်နက်ကိုင်အဖွဲ့အားလုံး မပါဝင်ဘဲ နိုင်ငံရေး ဆွေးနွေးပွဲကို စတင် လိုက် ပါက အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အကျပ်အတည်းများ ဖြစ်လာနိုင်သည်ဟူသော ဝေဖန်မှုများလည်း ရှိနေ သည်။
NDAAအနေဖြင့် သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့နှင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၇ ရက်တွင် ငြိမ်းချမ်းရေး စာချုပ် အသစ်အဖြစ် ပဏာမ အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုထားပြီး ပြည်ထောင်စု အဆင့် အထိ ငြိမ်းချမ်းရေး ဆွေးနွေးထားသည်။
NDAA သည် ၁၉၈၉ ခုနှစ် ဇွန်လ ၃၀ ရက်က ဗမာပြည် ကွန်မြူနစ်ပါတီမှ ခွဲထွက်၍ အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသည့် အဖွဲ့ဖြစ်ပြီး အစိုးရက အထူးဒေသ (၄) အဖြစ် သတ်မှတ်ကာ ရှမ်းပြည်နယ် အရှေ့ပိုင်း နယ်မြေတချို့ကို အုပ်ချုပ်ခွင့်အာဏာ ပေးထား သည်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကိုမူ NDAA မိုင်းလား အဖွဲ့က လက်မှတ် ထိုးထားခြင်း မရှိသေးပေ။