ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ မြောင်းတကာ၊ ဝါးပတော၊ ကုလားကုန်းနှင့် ရွှေပြည်ကျေးရွာရှိ အိမ်ခြေ ၂၀၀ ကျော်ကို တပ်ပိုင်မြေ ကျူးကျော်နေထိုင်သည်ဟုဆိုကာ ရက်ပိုင်းအတွင်း အပြီးသတ် ပြောင်းရွှေ့ရန် မင်္ဂလာဒုံ လေတပ် စခန်းဌာနချုပ်က အမိန့်ပေးထားကြောင်း သိရှိရသည်။
မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်က လေတပ်ဆွယ်(မှော်ဘီ)က တာဝန်ယူထိန်းသိမ်းထားသော ရွှေပြည်ဝေဟင်နှင့် မြေပြင် စက်ပစ်ကွင်း နယ်မြေအတွင်း တရားမဝင် ခြံတိုင်စိုက်ခြင်း၊ ခြံစည်းရိုးခတ်ခြင်း၊ အကွက်ချ ရောင်းချခြင်း၊ နှစ်ရှည်ပင် နှင့် သီးပင်စားပင်များ စိုက်ပျိုးလုပ်ကိုင်မှုများအား ဒီဇင်ဘာ ၂၉ ရက် နောက်ဆုံးထား ပြောင်းရွှေ့ပေးရမည်ဟု ဒေသခံ များကို ပြောဆိုထားကြောင်း သိရသည်။
“အဲဒီနေရာကို လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က တပ်သိမ်းမြေ လုပ်လိုက်တယ်။ ဒါပေမယ့် ဒီအတိုင်းနေလာတာ၂၆ နှစ်မက ရှိကြပြီ။ သီးပင်စားပင်တွေ နှစ်ရှည်ပင်တွေလည်း အများကြီး ရှိတယ်။ မွေးမြူရေးတွေလည်း လုပ်ကြတယ်။ အခုက သူတို့ ပိုင် တဲ့မြေဆိုပြီး ဖယ်ခိုင်းတာ။ မြေဈေးတွေ ဒီလောက်ကြီးနေတာ ဒီကရွေ့ရင် ဒေသခံတွေက ဘယ်နေရာမှာ သွား နေရ မှာလဲ။ အခုတော့ သူတို့ပေးထားတဲ့ နောက်ဆုံးနေ့ရဲ့ အခြေအနေကို စောင့်ကြည့်နေကြတယ်” ဟု ဝါးပတော ကျေးရွာ ဒေသခံ ကိုဇော်မိုးက ဧရာဝတီကို ပြောသည်။
သတ်မှတ်ရက်အတွင်း မဖယ်ရှားပါက တပ်အစီအစဉ်ဖြင့် ဖယ်ရှားရှင်းလင်းမည်ဖြစ်ပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်သွား မည်ဟု မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်က ဒီဇင်ဘာ ၁၁ ရက်စွဲဖြင့် သတင်းထုတ်ပြန် ကြေညာ ထားသည်ဟု ကိုဇော်မိုးက ပြောသည်။
“ စစ်တပ်က အရာရှိတွေက လာပြောတာဆိုတော့ ဒေသခံတွေကလည်း မညှိနှိုင်းရဲဘူး။ ငွေကြေးလည်း မပြည့်စုံကြဘူး။ ရာသီပေါ်သီးနှံလေးစိုက်လိုက် ကျွဲနွားမွေးလိုက်နဲ့ စားဝတ်နေရေး ဖြေရှင်းနေရတာ။ အခုလို ရုတ်တရက် ပြောင်းခိုင်းတော့ ဒုက္ခ ရောက်ကုန်တယ်”ဟု ကုလားကုန်းကျေးရွာ ဒေသခံတဦးက ဆိုသည်။
လယ်ယာမြေ သိမ်းဆည်းခံရမှု အများဆုံးဖြစ်နေသည့် ရန်ကုန်တိုင်းဒေသကြီး တခုတည်းတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ် မတ်လအထိ ၃ နှစ်တာကာလအတွင်း ဗဟိုကော်မတီမှ ရရှိထားသည့် မြေယာအစီရင်ခံစာ ၁၅ စောင်တွင် တိုင်ကြားမှု ၁၇၃၈ မှု ရှိခဲ့ပြီး အစိုးရဖြေရှင်းရန် ၉၀၀ ကျော် ကျန်ရှိနေသေးကြောင်း သိရသည်။
စားနပ်ရိက္ခာ ဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(FSWG) ၏ စစ်တမ်းတွင် မြန်မာတနိုင်ငံလုံးမှ တောင်သူများ အသိမ်းဆည်း ခံထားရသည့်လယ်မြေ ဧကပေါင်း ၆ သန်းကျော်ရှိပြီး ၄ သန်းခန့်မှာ စစ်တပ်က သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်ဖော်ပြထားသည်။